မွန်ပြည်နယ်မှာ စစ်မှုထမ်းဆင့်ခေါ်မှု စတက်

မွန်ပြည်နယ်မှာ စစ်မှုထမ်းဆင့်ခေါ်မှု စတက်

မွန်ပြည်နယ်ရဲ့ မြို့နယ်တချို့မှာ အာဏာသိမ်း စစ်ကော်မရှင် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေက စစ်မှုထမ်း အကြုံးဝင်တဲ့ လူငယ်တွေကို ဆင့်ခေါ်စာတွေ စတင်ပေးပို့နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အာဏာသိမ်း စစ်ကော်မရှင်ရဲ့ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေဟာ စစ်မှုထမ်းအကြုံးဝင်တဲ့ လူငယ်တွေကို သြဂုတ် ၁ ရက်နေ့ကစပြီး ဆင့်ခေါ်စာတွေ စတင်ပေးပို့လာတာ ဖြစ်ပါတယ်။

ဆင့်ခေါ်စာရရှိတဲ့ လူငယ်တွေအနေနဲ့ သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွေထံ မပျက်မကွက် သတင်းပို့ရမှာ ဖြစ်ပြီး ပျက်ကွက်ရင် စစ်မှုထမ်းဥပဒေနဲ့ အရေးယူခံရမယ်လို့ ဖော်ပြထားပါတယ်။

ကျိုက်မရော ဒေသခံတစ်ဦးကတော့ စစ်ကော်မရှင်ဘက်က စစ်မှုထမ်းဆင့်ခေါ်စာတွေ ပေးပို့လာတာကြောင့် လူငယ်တချို့ ထိုင်းနိုင်ငံကို ထွက်ခွာမှုတွေ ရှိလာတယ်လို့ ပြောပါတယ်။

“ဆင့်ခေါ်စာကတော့ လက်ပံတို့ ဘာတို့ဘက်မှာတော့ တွေ့တာပေါ့။ သူတို့ မဲနှိုက်မှာလား ဘယ်လိုလည်းတော့ မသိဘူး။ ဆင့်ခေါ်စာတော့ ပို့တယ်။ တချို့ လူငယ်တွေက ထိုင်းတွေဘာတွေ တက်ကုန်ပြီပေါ့”လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကော်မရှင်က စစ်မှုထမ်း ဆင့်ခေါ်စာတွေ လိုက်လံပေးပို့နေတာကြောင့် ကျေးရွာတွေမှာ လူငယ်အများစု မနေရဲကြတော့သလို ဒေသတွင်းမှာ ကလေးသူငယ်နဲ့ သက်ကြီးပိုင်းတွေသာ ရှိတော့တယ်လို့ သူက ဆက်ပြောပါတယ်။

စစ်မှုထမ်း ဆင့်ခေါ်စာတွေ လိုက်လံပေးပို့မှုဟာ အာဏာသိမ်း စစ်ကော်မရှင်ရဲ့ ညွှန်ကြားချက် ဖြစ်ပြီး စစ်မှုထမ်း အကြုံးဝင်တဲ့ လူငယ်တိုင်း စစ်မှုထမ်းဖို့ သက်ဆိုင်ရာ မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တွေမှာ မဖြစ်မနေ အမည်စာရင်းသွင်းရမှာ ဖြစ်ပါတယ်။

ဘီးလင်း ဒေသခံတစ်ဦးကလည်း စစ်မှုထမ်းအတွက် တစ်ရွာလျှင် နှစ်ဦးနှုန်းဆင့်ခေါ်ဖို့ ရှိနေကြောင်း ကြားသိနေရပြီး လူငယ်အများစုကတော့ စစ်မှုထမ်းဆင့်ခေါ်မှုအပေါ် လက်မခံကြဘူးလို့ ပြောပါတယ်။

“တစ်ရွာကို နှစ်ယောက်လောက် အသံတော့ ထွက်နေတယ်။ တစ်ရွာကို နှစ်ယောက်ပေးရမယ်ဆိုတဲ့ ပုံစံမျိုးပေါ့။ နယ်တွေထဲမှာ လိုက်ကောက် ထားတာတွေ ရှိတာပေါ့။ နင်လား ငါလား တင်းတင်းရင်းရင်း လုပ်မယ်ဆိုရင်လည်း တခြားလို ဒီကလေးတွေက ဘယ်လိုပြောမလဲ ကြည်ကြည်သာသာနဲ့ သွားမယ့် ပုံစံမျိုးတွေက သိပ်မမြင်ဘူး”လို့ ဆိုပါတယ်။

ဒေသတွင်းမှာ စစ်မှုထမ်းအတွက် လူငယ်တွေကို ညအချိန် ဖမ်းဆီးပြီး စစ်သားစု‌ဆောင်းတာ၊ အမျိုးသား နှစ်ယောက် ဆိုင်ကယ် မစီးရ သတ်မှတ်ထားတဲ့ နေရာတွေမှာ နှစ်ယောက် စီးပါက ဖမ်းဆီးပြီး စုဆောင်းတာအပြင် လိုင်စင်မဲ့ယာဉ် စီးနင်းသူတွေကို ဖမ်းဆီးပြီး စစ်သားစုဆောင်းတာတွေ လုပ်ဆောင်ခဲ့တာပါ။

အခုနောက်ပိုင်းမှာတော့ စစ်မှုထမ်း ရရှိမှု နည်းပါးလာတဲ့အတွက် စစ်ကော်မရှင်ရဲ့ ညွှန်ကြားချက်ကြောင့် ဆင့်ခေါ်စာ ပေးပို့တာအပြင် မဲနှိုက်ဖို့အတွက် ပြင်ဆင်တာတွေကအစ ပြုလုပ်လာတာ ဖြစ်ပါတယ်။

သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ မွန်ပြည်နယ်မှာ ပြည်သူ့စစ်မှုထမ်း အပတ် စဉ် ၁ ကနေ အပတ်စဉ် ၁၅ အထိ ဒေသတွင်းက လူငယ် ၂၅၀၀ ထက်မနည်း စစ်သားစုဆောင်းခံထားရပါတယ်။

January 16, 2026
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့မှာ တစ်ပတ်အတွင်း လူငယ် ၁၀ ဦးထက်မနည်း စစ်မှု ထမ်း...
January 15, 2026
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ဖွင့်လှစ်မယ့် ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၂၁ သင်တန်းအတွက်...
ဓာတ်ပုံ-MOI
January 14, 2026
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်တပ် ဦးဆောင်ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲ အပိုင်း ၁ နဲ့ အပိုင်း၂...
January 13, 2026
အာဏာသိမ်း စစ်တပ်ရဲ့ နိုင်ငံရေးတရားဝင်မှုရဖို့ ကြိုးပမ်းတဲ့ အပိုင်းလိုက် ရွေး ကောက်ပွဲမှာ မွန်...