မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မိုးကောင်းကျေးရွာအုပ်စု၊ ပုတိန်ရိုးရွာ၌ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် (၂) ဦး ပစ်သတ်ခံရမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံထားရသူ လူငယ် (၂၀) ကျော်ကို စစ်မှုထမ်းသင် တန်းကျောင်းသို့ ပို့ဆောင်ထားကြောင်း ဒေသခံများက ကေအိုင်စီသို့ ပြောသည်။
ဇူလိုင်လ ၂၆ ရက်တွင် ပုတိန်ရိုးရွာရှိ စာသင်ကျောင်းအနီး၌ ပြည်သူ့စစ် (၂) ဦး သေနတ်ဖြင့် ပစ်သတ်ခံရမှု နောက်ဆက်တွဲအဖြစ် အသက် (၁၈) မှ (၅၀) အတွင်းရှိ အမျိုးသား (၄၀) ဦးကျော်အား အာဏာသိမ်းစစ်တပ်၏ တပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။
ဩဂုတ် ၂ ရက်တွင် ဖမ်းဆီးခံရသူများအနက် အသက် (၃၅) နှစ်အထက် လူကြီးပိုင်း အမျိုးသား (၁၀) ဦးကျော်ကို ပြန်လည်လွှတ်ပေးခဲ့သော်လည်း၊ စစ်မှုထမ်းအသက်အတွင်းဝင်သည့် လူငယ်များကိုမူ ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
၎င်းက “ရွာထဲက လူကြီးရော လူငယ်ပါ ဖမ်းသွားတာ။ စစ်မှုထမ်းအသက်ကျော်တဲ့ လူကြီးတွေကိုတော့ တစ်ယောက် သိန်း (၃၀) နဲ့ ရွေးခိုင်းပြီး ပြန်လွှတ်ပေးတယ်။ လူငယ်ပိုင်းတွေက ခုထိ ပြန်မလွှတ်သေးဘူး။ မော်လမြိုင်ဘက်ကိုလည်း ပို့လိုက်တာရှိတယ် ကြားတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
၎င်းဖမ်းဆီးခံရသူများထဲတွင် ပုတိန်ရိုးရွာသားများအများစုဖြစ်ပြီး၊ ရွာမှ မြို့သို့ သွားလာစဉ် လမ်းမပေါ်တွင် ဖမ်းဆီးခံရသူများလည်း ပါဝင်ကြောင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ၏ သထုံခရိုင်အတွင်းရေးမှူး ပဒိုစောအေးနိုင်က ဆိုသည်။
“ပုတိမ်ရိုး ရွာထဲက သူတွေကို ဖမ်းတာ ပိုများပါတယ်။ ရွာဘက်ကနေ မြို့ထဲသွားရင်း လမ်းမပေါ်မှာ ဖမ်းခံလိုက်ရတာမျိုးလည်း ရှိတယ်။ လူကြီးတွေဆိုရင် ငွေနဲ့ ပြန်ရွေးခိုင်းတယ်။ စစ်မှုထမ်း အသက်မကျော်တဲ့ သူတွေကျတော့ လုံးဝပြန်ရွေးလို့ မရဘူး” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ဖမ်းဆီးခံထားရသည့် လူငယ်များကို သထုံမြို့နယ်အခြေစိုက် အမှတ် (၉) စစ်သင်တန်းကျောင်းတွင် ထိန်းသိမ်းထားပြီး လာမည့် စစ်သင်တန်းအပတ်စဉ် (၁၆) တွင် ပါဝင်ခိုင်း စီစဉ်ထားသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များက ဖော်ပြသည်။
စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေ ထုတ်ပြန်ခဲ့ပြီးနောက် ယခုအချိန်ထိ စစ်သင်တန်း အပတ်စဉ် (၁၅) ခု ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ လာမည့် အပတ်စဉ် (၁၆) အတွက်လည်း လူငယ်များကို အဓိကရည်ရွယ်ကာ ထိန်းသိမ်း၍ လေ့ကျင့်ရေး ပြုလုပ်နေသည်ဟု သတင်းများက ဖော်ပြသည်။







