တနင်္သာရီတိုင်းမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေနဲ့အတူ မြေမြှုပ်မိုင်းအန္တရာယ်ကြောင့် ပြည်သူတွေရဲ့ စားဝတ်နေရေးနဲ့ လှုမှုစီးပွားအခြေအနေတွေ ပိုမိုကျပ်တည်းလာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောကြပါတယ်။
အထူးသဖြင့် မြေမြှုပ်မိုင်းအန္တရာယ်ကို တနင်္သာရီတိုင်းရဲ့ မြို့နယ်တွေဖြစ်တဲ့ ရေဖြူ၊ သရက်ချောင်း၊ ပုလော၊ တနင်္သာရီမြို့နယ်အပါအဝင် ထားဝယ်အရှေ့တောဒေသက ပြည်သူတွေ အဓိက ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မေလနဲ့ ဇွန်လတုန်းကလည်း တနင်္သာရီတိုင်းရှိ ရေဖြူ၊ သရက်ချောင်းနဲ့ ပုလောမြို့နယ်တွေမှာ စစ်လက်နက်အကြွင်းအကျန် ပစ္စည်းဖြစ်တဲ့ မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ဒေသခံ ငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တာပါ။
မြေမြှုပ်မိုင်းအန္တရာယ်ကြောင့် ဒေသခံတွေ ဥယျာဉ်ခြံတွေထဲ မသွားရဲတော့ဘဲ နေ့စဉ်စားဝတ်နေရေးအတွက် စိန်ခေါ်မှုဖြစ်နေတယ်လို့ ဒေသတွင်း သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Thanintharyi ရဲ့ အယ်ဒီတာ ကိုဇော်က သံလွင်တိုင်းမ်ကို ပြောပါတယ်။
“မြေမြှုပ်မိုင်းတွေက ဒေသခံတွေ နေ့စဉ်ရုန်းကန်လှုပ်ရှားနေတဲ့ ဒေသတွေထိ နေရာတွေထိ ရောက် လာတာ။ ဥပမာအနေနဲ့ဆိုရင် လယ်သွားစိုက်မယ်တို့ နောက်ပြီးတော့ ရော်ဘာသွားခြစ်မယ်တို့ ခြံထဲဝင်မယ်တို့ အခြေအနေတွေမှာ သူတို့က မြေမြှုပ်မိုင်းကို ကြောက်လာကြတယ်။ ရှေ့မှာဖြစ်ခဲ့တဲ့ ဥပမာတွေကလည်း အများကြီး ရှိခဲ့တာပေါ့လေနော်။ ခြံထဲကို ရော်ဘာသွားခြစ်တဲ့အချိန်မှာ မြေမြှုပ်မိုင်းထိလို့ သေကြေဒဏ်ရာရတဲ့ လူတွေကလည်း အများကြီး ရှိခဲ့တယ်ဆိုတော့က ဒီနေ့စဉ်စားဝတ်နေရေးအတွက် စိန်ခေါ်မှုတွေ ဖြစ်လာတယ်”လို့ ပြောပါတယ်။
အာဏာမသိမ်းခင်က တနင်္သာရီတိုင်းမှာ မြေမြှုပ်မိုင်းဟာ လူသူကင်းဝေးတဲ့ နယ်စပ်တွေ၊ တောတောင်တွေမှာသာရှိပြီး အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ လူနေအိမ်ကြားတွေနဲ့ ဥယျာဉ်ခြံထဲထိပါ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
တစ်ဖက်မှာလည်း တော်လှန်ရေးကာလ ကြာမြင့်လာတာနဲ့အမျှ မြေမြှုပ်မိုင်းကို စစ်ကောင်စီတပ်နဲ့တော်လှန်ရေး အင်အားစုတွေဘက်ကပါ အားသာချက်တစ်ခုအဖြစ် တွင်တွင်ကျယ်ကျယ် အသုံးပြုလာခဲ့ပါတယ်။
ထားဝယ်ခရိုင်သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးက မြေမြှုပ်မိုင်းအန္တရာယ်အပြင် မပေါက်ကွဲသေးတဲ့ တိုက်ပွဲလက်ကျန် လက်နက်ကြီးတွေရဲ့ ရန်ကိုပါ ပြည်သူတွေ ထပ်ဆင့်ခံစားနေရတယ်လို့ ပြောပါတယ်။
“စစ်ကောင်စီဘက်ကတော့ အများဆုံး မြေမြှုပ်မိုင်း အသုံးပြုတဲ့ အခြေအနေရှိတာပေါ့။ ပြီးတော့ ဒေသခံ လက်နက်ကိုင် တပ်ဖွဲ့တချို့အနေနဲ့လည်း မြေမြုပ်မိုင်း အသုံးပြုတဲ့ဟာမျိုး ကျွန်တော်တို့ သိရတာရှိတယ်။ နောက်တစ်ခုက မပေါက်ကွဲသေးတဲ့ လက်နက်ကြီးရန်ပေါ့။ ပြည်သူတွေက ဘယ်လိုအခက်အခဲတွေ ကြုံရလည်းဆိုတော့ သူတို့ ဒီပဋိပက္ခနယ်မြေထဲမှာ ရှိနေတဲ့ ဒီအထူးသဖြင့် ဥယျာဉ်ခြံတွေပေါ့ဗျာ အဲဒီခြံတွေထဲမှာ သွားဖို့လာဖို့ အဆင်မပြေ ဖြစ်လာတယ်” လို့ ဆိုပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ အာဏာသိမ်းပြီးနောက် မြေမြှုပ်မိုင်းတွေဟာ အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာ၊ လမ်း၊ တံတားတွေအပြင် ဒေသခံတွေ လုပ်ကိုင်စားသောက်တဲ့ လယ်ယာ၊ ဥယျာဉ်ခြံတွေထဲထိပါ မိုင်းထောင်တာတွေ ရှိလာတယ်လို့ ဆိုကြပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၂၂ ရက်နေ့ကလည်း ပုလောမြို့နယ် ဆင်ထိုးကြီးကျေးရွာလမ်းဆုံရှိ ခရီးသည်နားနေဆောင်အနီးမှာ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦး အပေါ့သွားချိန် မြေမြှုပ်မိုင်းနင်းမိတာကြောင့် ပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ဆက်သွယ်ညှိနှိုင်းရေးရုံး UNOCHA ကတော့ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှု အများဆုံးနိုင်ငံဖြစ်လာတဲ့အတွက် အရပ်သားတွေကို ကာကယ်စောင့်ရှောက်ပေးဖို့ အရေးတကြီး လိုအပ်နေပြီလို့ သတိပေးထားပါတယ်။







