စစ်ကောင်စီရဲ့ စစ်သင်္ဘောတွေ ဗန်းမော်မြို့ကို ရောက်ရှိ

စစ်ကောင်စီရဲ့ စစ်သင်္ဘောတွေ ဗန်းမော်မြို့ကို ရောက်ရှိ

ရွှေကူမြို့ကနေ ဗန်းမော်မြို့ကို ဆန်တက်လာတဲ့ စစ်ကောင်စီရဲ့ စစ်သင်္ဘောတွေဟာ ဗန်းမော်မြို့ကို ဩဂုတ်လ ၁ ရက်နေ့ညက ရောက်ရှိခဲ့ပြီဖြစ်တယ်လို့ KIO က အတည်ပြုပါတယ်။

ဇူလိုင် ၃၀ ရက်နေ့ မနက်က ရွှေကူကနေ ဗန်းမော်မြို့ကို ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့အချိန် လမ်းတစ်လျှောက်မှာ စစ်ကောင်စီက မြေပြင်ကနေသာမက လေကြောင်းနဲ့လည်း လုံခြုံရေးယူပေးနေတဲ့အတွက် တိုက်ပွဲတွေလည်း အပြင်းအထန် ဖြစ်ပွားခဲ့ကြောင်း ကချင်လွတ်လပ်ရေး အဖွဲ့အစည်း (KIO/KIA) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

"အဲဒီကတက်လာပြီး ရွှေကူနဲ့သိပ်မဝေးတဲ့ ဇင်ပုံရွာတစ်လျှောက် အတော်လေး ပစ်ကြခတ်ကြနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်။ စစ်တပ်ကလည်း မြေပြင်ကနေ လုံခြုံရေးယူပေးတယ်။ Y12၊ ဂျက်ဖိုက်တာ လေယာဉ်တွေနဲ့လည်း ဗုံးကြဲချပြီး လုံခြုံရေးယူပေးတယ်။ အဲဒီလိုတိုက်ပွဲဖြစ်ပြီး သူတို့က တက်လာကြတာ

ဖြစ်တယ်။ စင်ခန်းဘက်မှာလည်း မနေ့ညနေက အတော်လေး ပစ်ကြခတ်ကြနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်။ အဲဒီမှာလည်း သူတို့သင်္ဘောကြီးတစ်စီးမြုပ်သွားတယ်။” လို့ ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။

ရွှေကူကနေ့ ဗန်းမော်ကိုလာရာ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်အတွင်း KIA ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုတွေကြောင့် စစ်ကောင်စီရဲ့ သင်္ဘော ၆ စီးဟာ ရပ်နားသွားခဲ့ရတယ်လို့လည်း ဗိုလ်မှူးနော်ဘူက ဆိုပါတယ်။

“ရွှေကူကနေ ဗန်းမော်အတွင်း သူတို့သင်္ဘော ၆ စီးရပ်နားသွားရတယ်။ မနေ့ညက ခန့်မှန်းခြေ ဗန်းမော်ကို သင်္ဘော ၁၁ စီးလောက် ရောက်တယ်လို့ထင်တယ်။ ၁၁ စီးဆိုပေမဲ့ အဓိကအားဖြင့် လုံခြုံရေးယူပေးတဲ့ သင်္ဘောအသေးတွေဖြစ်ပြီး ကုန်တင်တဲ့ သင်္ဘောတွေကတော့ ဘယ်နှစ်စီးရောက်သလဲဆိုတာကို အတိအကျ မသိရသေးဘူး။” လို့လည်း ဗိုလ်မှူးကြီးနော်ဘူက ဆက်လက်ပြောပါတယ်။

စစ်လက်နက်ပစ္စည်းတွေနဲ့ ရိက္ခာတွေကို အဓိက သယ်ဆောင်လာတာကြောင့် စစ်အင်အားအနေနဲ့ သင်္ဘောလုံခြုံရေးအတွက်လောက်သာ ပါရှိတာဖြစ်နိုင်ပြီး သင်္ဘောတွေ ပြန်စုန်ဆင်းသွားချိန်မှာလည်း တပ်မိသားစုတွေကို သယ်ဆောင်ဖို့အတွက် ဖြစ်နိုင်ခြေများကြောင်းလည်း ဗိုလ်မှူးကြီးနော်ဘူက သုံးသပ်ပါတယ်။

စစ်ကောင်စီရဲ့ စစ်သင်္ဘောတွေဟာ မန္တလေးတိုင်းကစတင်ပြီး ကချင်ပြည်နယ် ဗန်းမော်မြို့ကို ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာချိန်ကတည်းက KPDF ပူးပေါင်းတပ်ဖွဲ့တွေဟာ လမ်းကြောင်းတစ်လျှောက် ပိတ်ဆို့တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ကြတာပါ။

အဲဒါကြောင့် စစ်ကောင်စီရဲ့ သင်္ဘောအစီး ၂၀ နီးပါးထဲက ၁၁ စီးလောက်သာ ဗန်းမော်မြို့ကို မနေ့ညက ရောက်ရှိခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီက ဗန်းမော်မြို့မှာ ပိတ်မိနေတဲ့ သူတို့တပ်တွေဆီကို စစ်ကူတွေနဲ့ လက်နက်၊ ခဲယမ်းတွေ၊ ရိက္ခာတွေပေးပို့နိုင်ဖို့အတွက် မန္တလေးကနေ ဗန်းမော်ဘက်ကို လေကြောင်းပစ်ကူတွေ ရယူပြီး စစ်သင်္ဘောတွေနဲ့ ဆန်တက်လာတာဖြစ်တယ်လို့သိရပါတယ်။

ဗန်းမော်မြို့ကိုသိမ်းဖို့အတွက် KIA ၊AA နဲ့ PDF စတဲ့ ပူးပေါင်းတပ်ဖွဲ့တွေအနေနဲ့ မနှစ်က ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့ကစပြီး စစ်ကောင်စီကို တိုက်နေတာလည်း ဖြစ်ပါတယ်။

February 10, 2026
ကချင်ပြည်နယ်အတွင်း ဗန်းမော်၊ ဖားကန့်၊ ဝိုင်းမော် စစ်မျက်နှာပြင်နဲ့ တပ်မဟာ(၁) နယ်မြေဘက်...
ဓါတ်ပုံ- ပုံဟောင်းဖြစ်ပါသည်။
February 9, 2026
နေပြည်တော်အစိုးရကို NUG နဲ့ စကားပြောချင်တဲ့ ဆန္ဒရှိသလားလို့ မေးမြန်းထားတဲ့အပြင် တစ်ဖွဲ့ချင်းနဲ့...
February 5, 2026
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA) မျှော်မှန်းထားတဲ့ ရည်မှန်းချက်တွေနဲ့...
February 4, 2026
ကချင်ပြည်နယ်၊ ဖားကန့်ဒေသကျောက်စိမ်းတွင်းဒေသမှာ စစ်ရေးအခြေအနေ တင်းမာနေပေမဲ့ အတန်းတင်စာမေးပွဲ...