မွန်ပြည်နယ်က ရေဘေးသင့်ပြည်သူတွေ သောက်ရေးသန့်၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီ လိုအပ်နေ

မွန်ပြည်နယ်က ရေဘေးသင့်ပြည်သူတွေ သောက်ရေးသန့်၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီ လိုအပ်နေ

မွန်ပြည်နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့အတူ မြစ်ရေမြင့်တက်လာမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားနေတဲ့ ဒေသတွေမှာ သောက်ရေသန့်၊စားနပ်ရိက္ခာနဲ့ ဆေးဝါး အကူအညီ လိုအပ်နေတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

လတ်တလော ရေကြီးရေလျှံမှုကို မွန်ပြည်နယ်ရဲ့ ဘီးလင်းမြို့နယ်နဲ့ သထုံမြို့နယ်တို့မှာ ဖြစ်ပွားနေပြီး အဲဒီထဲမှာ ဘီးလင်းမြို့နယ်ဟာ ရေကြီးရေလျှံမှုဒဏ်ကို အလူးအလဲ ခံစားနေရတာ ဖြစ်ပါတယ်။

ရေကြီးရေလျှံမှုကြောင့် ဘီးလင်းမြို့နယ်နဲ့ သထုံမြို့နယ်မှာ ယာယီကယ်ဆယ်ရေးစခန်း ၃၂ ခု ဖွင့်လှစ်ထားရပြီး လူပေါင်း ၃၀၀၀၀ ကျော် ရေဘေးကြုံနေရပါတယ်။

ရေဘေးသင့် ဒေသခံပြည်သူတွေဟာ နီးစပ်ရာ ဘုန်းကြီးကျောင်းတွေ၊ ဓမ္မာရုံးတွေ၊ စာသင်ကျောင်းတွေအပြင် ရေလွတ်ရာ နေရာတွေမှာ ခိုလှုံနေရပြီး စားသောက်ရေးအတွက် အလှူရှင်တွေက ကူညီဆောင်ရွက်ပေးနေရတာ ဖြစ်ပါတယ်။

ဘီးလင်းမြို့နယ်က လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးကတော့ ရေဘေးသင့် ပြည်သူတွေအတွက် စစ်ကောင်စီပေးတဲ့ ထောက်ပံ့မှုတွေ လုံလောက်မှု မရှိတာကြောင့် လက်ရှိမှာ သောက်ရေသန့်၊ ခေါက်ဆွဲခြောက်နဲ့ ဆန်တွေ လိုအပ်နေတယ်လို့ ပြောပါတယ်။

“လိုအပ်တာက ရေသန့်တို့ ခေါက်ဆွဲခြောက်တို့ ဆန်တို့ပေါ့။ စစ်ကောင်စီကတော့ ပေးတယ်။ ပေးတယ်ဆိုတာက ဆန်တစ်ပြည်နှုန်းလောက်ပဲ ရကြတယ်။ မိသားစုများတဲ့ သူတွေကျတော့ အဆင်မပြေဘူးလေ။ တစ်ပြည်ဆိုတာက နေ့တိုင်း ပေးတာမဟုတ်ဘူး။ ရက်ခြားတွေပေါ့။ ဆန်ဝေတာ ဆီဝေတာ ဆိုတာကလည်း လူမှုကယ်ဆယ်ရေးအဖွဲ့ကပဲ။ အပြင် အစိုးရအဖွဲ့အစည်းတော့ မရှိတော့ဘူး။ ကိုယ်ထူကိုယ်ထပဲ ကိုယ်ထူကိုယ်ထဆိုတာ ကိုယ်ထူပြီးတော့ ကိုယ်ပြန်မထနိုင်ဘူး ဖြစ်နေတယ်” လို့ ဆိုပါတယ်။

လက်ရှိမှာ ဘီးလင်းမြစ်ရေ ဆက်လက်တိုးဝင်နေတာကြောင့် တချို့ နေရာတွေမှာ လမ်းပန်း ဆက်သွယ်မှု ခက်ခဲတဲ့ ကြားက ဒေသခံတွေကို လူမှုကယ်ဆယ်ရေးအဖွဲ့တွေကသာ ကူညီကယ်ဆယ်နေရပြီး စစ်ကောင်စီကတော့ လုံခြုံရေး အကြောင်းပြချက်နဲ့ ကူညီကယ်ဆယ်ပေးတာ မရှိဘူးလို့ သူက ဆက်ပြောပါတယ်။

သထုံမြို့နယ်က လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးကလည်း ရေဘေးသင့် ပြည်သူတွေအတွက် သောက်သုံးရေ၊ စားနပ်ရိက္ခာတွေအပြင် ဝမ်းပျက်ဝမ်းလျောရောဂါ ခဏခဏ ဖြစ်နေတာကြောင့် ဆေးဝါးတွေကအစ လိုအပ်တယ်လို့ ပြောပါတယ်။

“လိုတာကတော့ လောလောဆယ် ရေပေါ့။ သောက်ရေသန့်တွေ စားနပ်ရိက္ခာ လိုမယ်။ အ ခြောက်အခြမ်းလေးတွေပေါ့၊ အဲဒါလေးတွေ အဓိကလိုမယ်။ နောက် ဆေးဝါး လိုမယ်။ ဘာလို့ဆိုတော့ ဒီအချိန်ကတော့ ဝမ်းပျက် ဝမ်းလျှောတွေကလည်း ခဏခဏ ဖြစ်နေတော့လေ။လူတိုင်းက လာတော့ ထမင်းထုပ်လေးတွေ ပေးကြတာပေါ့ဗျာ။ ထမင်းထုပ် ဆိုတာကတော့ တစ်နပ်စာပဲ ရမယ်လေ။ အခြောက်အခြမ်း လေးတွေ ဆိုလို့ရှိရင် ထားစားလို့လည်း ရတယ်။ အဲဒီလိုမျိုးလေးတွေ အဓိက လိုတယ်”လို့ ပြောပါတယ်။

ရေဘေးသင့် ပြည်သူတွေကို စစ်ကောင်စီ လက်အောက်ခံ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေက နေရာချထား ပေးပေမယ့် သောက်သုံးရေးနဲ့ စားနပ်ရိက္ခာတွေကိုတော့ အလှူရှင်တွေကိုသာ အားကိုးနေရတဲ့အတွက် ရက်ကြာလာပါက အခက်အခဲ ရှိလာနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

လက်ရှိ အခြေအနေအရ မိုးဆက်တိုက် ရွာသွန်းနေတာကြောင့် ရေထပ်မံ မြင့်တက်လာနိုင်သလို ရေဘေးသင့် ပြည်သူ အရေအတွက် များလာနိုင်တာကြောင့် သူတို့အတွက် သောက်သုံးရေ အပါအဝင် စားနပ်ရိက္ခာတွေပါ အရေးပေါ် လိုအပ် လာနိုင်တယ်လို့ သိရပါတယ်။

ရေထပ်မံ မြင့်တက်လာနိုင်တဲ့ အခြေအနေ ရှိတဲ့အတွက် မြစ်ချောင်းအနီး နေထိုင်သူတွေအနေနဲ့ သတိထား နေထိုင်ဖို့ လိုအပ်သလို ရုတ်တရက် ရေမြင့်တက် လာပါက အန္တရာယ်မရှိအောင် ကြိုတင် ပြင်ဆင် ထားဖို့ကိုလည်း လူမှုကယ်ဆယ်ရေး အဖွဲ့တွေက တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း မွန်ပြည်နယ်ရဲ့ မြို့နယ် ၆ ခုထက်မနည်းမှာ လေဆင်နှာမောင်းနဲ့ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၅၀၀ ကျော် ပျက်စီးခဲ့သလို လူတစ်ဦး သေဆုံးပြီး လူ ၁၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

Photo credit - social media
December 4, 2025
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကော့ထင်းကျေးရွာမှာ စစ်ကော်မရှင် ရွေကောက်ပွဲ ဆန့်ကျင်ရေး...
Photo credit - social media
December 3, 2025
အာဏာသိမ်း စစ်တပ် ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေး ပဋိပက္ခပြသနာတွေကို...
photo credit - CJ
December 2, 2025
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် စပ်ပြဲကျေးရွာထဲ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာတာကြောင့်...
Photo credit - MOI
December 1, 2025
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်ကော်မရှင် လစဉ်ဖွင့်လှစ်နေတဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်းအတွက်...