နန်းမယ်ခုံမြို့ပေါ်က ဒေသခံတွေ နဲ့ ဖယ်ခုံအရှေ့ဘက်ကမ်းက ဒေသခံတွေ အပါအဝင် စစ်ရှောင်ဦးရေ တစ်သောင်းတစ်ထောင်ဝန်းကျင်ကို ဘေးလွတ်ရာကို ရွှေ့ပြောင်းထား

နန်းမယ်ခုံမြို့ပေါ်က ဒေသခံတွေ နဲ့ ဖယ်ခုံအရှေ့ဘက်ကမ်းက ဒေသခံတွေ အပါအဝင် စစ်ရှောင်ဦးရေ တစ်သောင်းတစ်ထောင်ဝန်းကျင်ကို ဘေးလွတ်ရာကို ရွှေ့ပြောင်းထား

စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် ရှမ်း-ကရင်နီနယ်စပ် ၊ ဖယ်ခုံ အရှေ့ဘက်ကမ်းဒေသခံတွေနဲ့ နန်းမယ်ခုံ ဒေသခံတွေ အပါအဝင် လူဦးရေပေါင်း တစ်သောင်းတစ်ထောင်ဝန်းကျင်ဟာ ဘေးလွတ်ရာနေရာကို ရွှေ့ပြောင်း တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

ဖယ်ခုံအင်းအရှေ့ဘက်ကမ်းက ဒေသခံတွေကတော့ လမ်းကြောင်းဖွင့်တုန်းက ရွှေ့ပြောင်းလာကြတဲ့ ဒေသခံတွေရှိသလို လမ်းပိတ်ပြီးနောက်ပိုင်း ထပ်မံရွှေ့ပြောင်းလာတာတွေ ရှိနေတာပါ။ လက်ရှိအချိန်ထိ လူဦးရေ တစ်သောင်း တစ်ထောင်ဝန်းကျင်ကို ရွှေ့ပြောင်းထားပြီး ဖြစ်တယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ IEC ရဲ့ အတွင်းရေးမှူး (၂) ဆရာ ဗညားက အခုလို ပြောပါတယ်။

“အရင်လမ်းကြောင်းဖွင့်တုန်းက ရွှေ့တာတွေ ရှိတယ်။ အခုနောက်ပိုင်း လမ်းကြောင်းပိတ်ပြီးတော့မှ အတတ်နိုင်ဆုံး ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပုံ စံအမျိုးမျိုးနဲ့ပေါ့နော်။ ရွှေ့ပြောင်းနေကြတာ ရှိတယ်။ အဲတော့ ကျနော်တို့ ခန့်မှုန်းတာ အနည်းဆုံး တစ်သောင်းတစ်ထောင်ကတော့ ရွှေ့ပြီးသွားပြီလို့ ပြောလို့ ရတယ်” လို့ ဆရာဗညားက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဒီးမော့ဆိုမြို့ဘက်ကို စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတာကြောင့် စစ်ကြောင်း ရောက်နိုင်ချေ အနီးစပ်ဆုံးဖြစ်တဲ့ နန်းမယ်ခုံဘက်က ဒေသခံတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။

ဒါ့အပြင် စစ်ကောင်စီနှင့် PNO ပူးပေါင်းတပ်တို့ဟာလည်း ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံအရှေ့ဘက်ကမ်းကို စစ်ကြောင်းထိုးလာတာကြောင့် ဖယ်ခုံအရှေ့ဘက်ကမ်းက ဒေသခံတွေဟာလည်း ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။

ဒေသခံတွေတချို့မှာ ပိတ်မိနေတာကြောင့် (၁၅) ရက်ကျော် ကြာအောင် ခြေလျင်ခရီး လျှောက်လာခဲ့ ရတာတွေ ရှိနေပါတယ်။

“မိုးရေထဲမှာပဲ အိပ်ရတာပေါ့နော်။ အောက်ကလည်းအေးတယ်။ အပေါ်ကလည်း မိုးစိုတဲ့ အခါကျတော့။ တော်တော်ခက်ခဲတယ်။ အထူးသဖြင့် မိုးကာ မပါလာတဲ့ သူတွေ အတွက်ပေါ့။ ကလေးတွေကော၊ သက်ကြီးရွယ်အိုတွေကောပါတယ်။ ပြီးတော့ မသန်စွမ်း သိပ်ပြီးတော့ လမ်းမလျှောက်နိုင်တဲ့သူတွေ ပါတော့ တော်တော် တော်တော် ဒုက္ခရောက်တယ်ပေါ့နော်” လို့ ၁၀ ရက်ကျော်ကြာအောင် လမ်းလျှောက်လာခဲ့တဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။

အဝတ်တစ်ထည် ကိုယ်တခုနဲ့ လမ်းလျှောက် ထွက်လာခဲ့ရသူတွေ အများကြီးရှိနေတာကြောင့် သူတို့ရဲ့ နေထိုင်ရေး၊ စားဝတ်နေရေး၊ ပညာရေးကစ စိန်ခေါ်မှုတွေ အများကြီး ရှိနေတယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ IEC ရဲ့ အတွင်းရေးမှူး (၂) ဆရာ ဗညားက အခုလို ဆက် ပြောပါတယ်။

“တချို့က ခြေကျင်နဲ့ ထွက်လာရတဲ့ သူတွေ ရှိတော့ စားနပ်ရိက္ခာ ပါမလာဘူးပေါ့နော်။ ရှင်းရှင်းပြောရရင် အဝတ်တစ်ထည် ကိုယ်တခုနဲ့ပဲ ထွက်လာရတော့ သူတို့ရဲ့ အဝတ်အစားတွေ စားဖို့ သောက်ဖို့တွေ၊ ကျန်းမာရေး၊ ပညာရေး ကိစ္စတွေ စတဲ့ စိန်ခေါ်မှုတွေ ရှိပါတယ်။ လက်ရှိအချိန်မှာတော့ သူတို့ ရောက်တဲ့ နေရာအရပ်မှာ နေဖို့ ထိုင်ဖို့ စိန်ခေါ်မှုတွေ ရှိတယ်။ မိုးတွင်းဖြစ်တော့ အမိုးအကာ လိုအပ်ချက်တွေ နောက်ပြီးတော့ နေရာတိုင်းလိုလိုက စစ်ရှောင်တွေ ရှိထားတယ်ဆိုတော့လေနော်။ ထပ်ပြီးတော့မှ အားလုံးကို လက်ခံနိုင်ဖို့ အတွက်ကလည်း ကျေးရွာတွေမှာလည်း အခက်အခဲ ရှိနေပါတယ်” လို့ ဆရာဗညားက ဆက်ပြောပါတယ်။

လက်ရှိအချိန်မှာတော့ နီးစပ်ရာ စစ်ရှောင်စခန်း အသီးသီးတွေမှာ နေထိုင်နေကြပြီး တချို့တွေမှာတော့ နီးစပ်ရာ ဆွေမျိုးတွေ ဆီမှာ နေထိုင်နေကြတာတွေ ရှိနေပါတယ်။ နေရာတိုင်းမှာ စစ်ရှောင်တွေ ရှိနှင့်နေပြီးသား ဖြစ်ပေမယ့်လည်း အခုလို ထပ်မံရောက်ရှိလာတဲ့စစ်ရှောင်တွေကို စစ်ရှောင်စခန်း ကော်မတီတွေ၊ ကျေးရွာ တာဝန်ရှိသူ တွေ အနေနဲ့ အတတ်နိုင်ဆုံး ဝိုင်းဝန်ကူညီပေးကြဖို့ လည်း ဆရာဗညားက တိုက်တွန်း ပြောဆိုထားပါတယ်။

စစ်ကောင်စီတပ်တွေက မိုးဗြဲမြို့ကို ပြန်လည် ထိန်းချုပ်ထားနိုင်ဖို့ အတွက် ပြီးခဲ့တဲ့ ၂၀၂၄ နိုဝင်ဘာလအတွင်း အပြင်းအထန် ထိုးစစ်ဆင်လာပြီး ၂၀၂၅ ဇူလှိုင်လ (၁) ရက်နေ့ ညနေပိုင်းမှာတော့ မိုးဗြဲမြို့ကို ပြန်လည် ထိန်းချုပ်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီကနေဆင့် မိုးဗြဲ – လွိုင်ကော် လမ်းမကြီးကို ဆက်လက် စစ်ကြောင်းထိုးလာခဲ့ပြီး ဇူလိုင်လ (၁၀) ရက်နေ့မှာတော့ အဆိုပါလမ်းပိုင်းကို ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။

December 4, 2025
ကရင်နီပြည် နဲ့ ရှမ်း-ကရင်နီ နယ်စပ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း စစ်ကောင်စီပစ်ခတ်မှုကြောင့်...
December 3, 2025
ကရင်နီမှာ စစ်ကော်မရှင်တပ်ဟာ ဒရုန်းတွေကို အသုံးပြုပြီး အရပ်သားပြည်သူတွေကို ပစ်မှတ်ထား...
Photo credit - Bangkok Post
December 2, 2025
ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်နဲ့ ထိစပ်နေတဲ့ သံလွင်မြစ်တစ်လျှောက်က စောင့်ကြည့်ရေးနေရာ ၁၃...
December 1, 2025
နိုဝင်ဘာလအတွင်းမှာ ကရင်နီပြည်ရဲ့ မြောက်ပိုင်းအရပ်ကနေ တောင်ပိုင်းအရပ်၊ လွိုင်ကော်၊ ဒီးမော့ဆို၊...