လွတ်ရက်စေ့၍ ပုသိမ်‌ထောင်မှ လွတ်လာသည့် ရခိုင် နိုင်/ကျဉ်း ၂၀ ဦးခန့် ထောင်ဗူး၀တွင် ပြန်အဖမ်းခံရ

လွတ်ရက်စေ့၍ ပုသိမ်‌ထောင်မှ လွတ်လာသည့် ရခိုင် နိုင်/ကျဉ်း ၂၀ ဦးခန့် ထောင်ဗူး၀တွင် ပြန်အဖမ်းခံရ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ထောင်အကျဉ်းထောင်မှ လွတ်ရက်စေ့၍ လွတ်လာသူ ရခိုင်နိုင်ငံရေး အကျဉ်းသား ၂၀ ဦးခန့်အား ထောင်ဗူး၀မှ ပြန်လည် ဖမ်းဆီးကာ အကြမ်းဖက်မှုဥပ‌ဒေပုဒ်မဖြင့် အမှုဖွင့်လိုက်သည်ဟု သတင်းရ ရှိသည်။

သူတို့ထဲကတစ်ဦးနှင့် နီးစပ်သူတစ်ဦးက "အဲဒီဇူလိုင် ၁၁ ရက်နေ့ကပဲ ပြန်လွတ်တယ်။ ချက်ချင်းပဲ အပြင်တောင် မရောက်ဘူး။ ထောင်ဗူး၀မှာပြန်ဖမ်းပြီးထောင်ထဲ ပြန်ထည့်တယ်။ အကြမ်းဖက်ပုဒ်မလို့တော့ ပြောတယ်။ ထပ်ပြီး အမှုဖွင့်တရားစွဲခံရတာ။ ရင်နာဖို့ကောင်းတယ်။ ထောင်ကျနေတာလည်းနှစ်နဲ့ချီကြာနေပြီ" ဟုနိရဉ္စရာကို ပြောသည်။

၎င်းနိုင်ငံရေးအကျဉ်းသား ၂၀ ခန့်သည် ရခိုင်ပြည်၊ စစ်တွေအကျဉ်းထောင်မှ ပုသိမ်ထောင်အကျဉ်းထောင်သို့ ပို့ဆောင်ခံထားရသူများဟု သိရသည်။

“သူတို့ကို အကြမ်းဖက်မှုဥပဒေပုဒ်မ ၅၀ (ည)နဲ့ ပြန်လည် အမှုဖွင့်တယ်လို့ သိရပါတယ်။ ပုသိမ် အကျဉ်းထောင်ထဲမှာဘဲ အမှုစီရင် အဲဒီမှာ ဆက်လက်ချုပ်ထားပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

သူတို့ကို ပြန်လည်အမှုဖွင့်လိုက်သည့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည)သည် ထောင်ဒဏ် ၁၀ နှစ်မှ တစ်သက်တစ်ကျွန်းအထိ ကျခံရနိုင်သည်ဟု သိရသည်။

အဆိုပါအကျဉ်းသား ၂၀ ဦးခန့်၏ အမည်၊ အသက်နှင့် နေရပ်လိပ်စာတို့ကို နိရဉ္စရာက ဆက်လက်စုံစမ်းနေသည်။

ရခိုင်မှအာရက္ခတပ်တော်(AA)နှင့် ဆက်စပ်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)ဖြင့် ထောင်ချခံထားရသူအများအပြားကို လုံခြုံရေးကြောင့် စစ်တွေထောင်မှတဆင့် ပုသိမ်အကျဉ်းထောင်သို့ ပို့ဆောင်ခံထားရသည်ဟု သိရသည်။

စစ်တွေအကျဉ်းထောင်မှ နိုင်ငံရေးသမားများအပါအဝင် အကျဉ်းသား ၃၅၁ ဦးကို စစ်ကောင်စီနေဗီများဖြင့် ပုသိမ်အကျဉ်းထောင်သို့ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်းက ပို့ဆောင်ခဲ့သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေး အကျဉ်းသားများကွန်ရက်(PPNM)က အောက်တိုဘာ(၁၂)ရက်တွင်ထုတ်ပြန်ခဲ့သည်။

အလားတူ စစ်တွေထောင်မှ နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသားအချို့ကို ရန်ကုန်ရှိ အင်းစိန်ထောင်သို့ စစ်ကောင်စီနေဗီများဖြင့် ပြောင်းရွှေ့ထားသည်ဟုလည်း သိရသည်။

မြန်မာနိုင်ငံတဝန်းရှိ အကျဉ်းထောင်များထဲမှ လူငယ်အကျဉ်းသားအများအပြားသည် စစ်ကောင်စီ၏ ဖိနှိပ်မှုအမျိုးမျိုးကို ခံနေရသည့်အပြင် စစ်မျက်နှာပြင်တို့တွင်လည်း အဓမ္မစစ်မှုထမ်းစေပြီး အသုံးချခံနေရမှုများ ရှိသည်ဟု ထောင်တွင်းအခြေအနေကိုသိရှိသူ အမျိုးသားတစ်ဦးကနိရဉ္စရာကို ပြောသည်။

"စစ်ကောင်စီမှာ လူလိုတယ်။ ဒါကြောင့် အမျိုးမျိုး လှည့်စားပြီး အမှုမရှိတာကို ရှိတာလုပ်ပြီး ဖမ်းတယ်။ ပြည်သူ့စစ်သင်တန်းထဲကို ထည့်ဖို့ လုပ်တယ်။ တချို့ထောင်ထဲတွေမှာလည်း ဘာမှမဟုတ်တဲ့အမှုကို အမှုကြီးလုပ်ပြီး နောက်ထပ်တိုးပြီး အမှုဖွင့်တယ်။ ပြီးတော့ မိသားစုတွေကို စစ်မှုထမ်းနှစ်နှစ်ထမ်းပြီးရင် ပြန်လွှတ်ပေးမယ်ဆိုပြီး ပြောဆိုတာမျိုးရှိတယ်" ဟု ပြောသည်။

ရခိုင်တွင်မြို့သိမ်းတိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည့် ၂ဝ၂၃ ခုနှစ်၊နိုဝင်ဘာလမှစတင်ကာ လက်ရှိအချိန်ထိ စစ်တွေမြို့ထဲရှိ ကျေးပင်ကြီးရပ်ကွက်၊ဆင်ကူးလမ်း၊ မကျည်းမြိုင်၊ မင်းဂံရပ်ကွက်အပါအဝင် ရပ်ကွက် နေရာအနှံ့အပြားနှင့် စစ်တွေမြို့နယ်များဖြစ်သည့် ဗျိုင်းဖြူရွာ၊ ရွှေပြည်သာ၊ သုံးဆောင်ရွာ၊ ဇော်မဒတ်၊ ချောင်းနွယ်မင်းဂံ၊ ကံပြင်၊ မင်းဒြားချိတ်နှင့် ကံ‌့ကော်ကျွန် းစသည့်ကျေးရွာအပါအဝင် ကျေးရွာအများအပြားမှ ‌ဒေသခံ ထောင်နှင့်ချီသည် စစ်ကောင်စီထံ မတရားဖမ်းဆီးခံနေကြရသည်ဟု လူ့အခွင့်အရေးလှုပ်ရှားသူများ၏ မှတ်တမ်းများအရသိရသည်။

ဖမ်းဆီးခံရသူများအနက် အချို့မှာ စစ်ကြောရေးသို့ပို့ဆောင်ခံရပြီးနောက် မိသားစုနှင့် အဆက်အသွယ် ပြတ်တောက်ပြီး ပျောက်ဆုံးနေသူများလည်းရှိသလို အချို့မှာ ပုဒ်မအမျိုးမျိုးဖြင့် မတရားစွပ်စွဲထောင်ချခံရပြီး ပုသိမ်နှင့် အင်းစိန်ထောင်များသို့ ပြောင်းရွှေ့ခံထားရသူများလည်း ရှိနေသည်ဟု သိရသည်။

ရိက္ခာပြတ်ရာမှ ၆၆၆ ပွိုင့်ကုန်းက အတင်းတိုးထွက်လာသော စစ်တပ်စစ်ကြောင်း AA ဆီမှာ ချေမှုန်းခံရ
December 4, 2025
စားနပ်ရိက္ခာပြတ်လပ်မှုကြောင့် ပွိုင့် ၆၆၆ စခန်းမှထွက်ခွာလာတဲ့ စစ်အုပ်စု စစ်ကြောင်းတစ်ခုကို...
December 3, 2025
မကွေးတိုင်း၊ မင်းတုန်းမြို့တွင် စစ်ရှောင်နေသည့် ရခိုင်လူငယ်သုံးဦးသည် အကြမ်းဖက်စစ်တပ်ထံ...
December 2, 2025
အာရက္ခတပ်တော် (AA)သည် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ သိုင်းချောင်းဆည်နှင့် မင်းပြင် မိုးလေဝသ...