ရွှေကူအထိုင်တပ်က ဆေးဝါးသယ်ယူခွင့်တင်းကြပ်ထား

ရွှေကူအထိုင်တပ်က ဆေးဝါးသယ်ယူခွင့်တင်းကြပ်ထား

ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့ထဲမှာထိုင်ထားတဲ့ စစ်ကောင်စီတပ်က ကျေးရွာတွေဘက်ကို ဆေးဝါး သယ်ယူခွင့် တင်းကြပ်ထားတာကြောင့် ပြည်သူတွေ ဆေးဝါးကုသရေးအတွက်အခက်အခဲ ဖြစ်နေကြတယ်လို့ သိရပါတယ်။

ရွှေကူမြို့မှာ ထိုင်ထားတဲ့ စစ်ကောင်စီတပ်ဟာ စီသာ၊ စီသောင်၊ မံဝင်း၊ မံနား၊ မံနား၊ စီမူကြီး အစရှိတဲ့ ရွှေကူမြို့နယ်ရှိ ကျေးရွာတွေဘက် ဆေးဝါးသယ်ယူခွင့်ကို မြို့ဝင်၊ မြို့ထွက် ဂိတ်တွေကနေ တင်းကြပ်ထားတာ ကြောင့် ကျေးရွာနေပြည်သူတွေ ဆေးဝါးပြတ်လပ်မှု ကြုံနေရပြီး ဆေးကုသရေးမှာ အခက်အခဲတွေ ဖြစ်နေကြ တယ်လို့ ရွှေကူမြို့စီသောင်ကျေးရွာနေအမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။

“ဆေးဝါးတွေက ဒီဘက်ကို အဝင်မခံဘူး တအားစစ်တယ်။ ဘယ်လိုမှ မရတာ အဲ့မှာ အထက်လေးလမ်းဆုံနဲ့ အောက်လေးလမ်းဆုံတို့မှာ ဂိတ်ထိုင်တယ်။ အဲ့ကနေ စစ်တာ အခု ဒီမှာက တရုတ်ပြည်က နည်းနည်းပါးပါး ဝင်တယ်။ ဒါပေမယ့် လုံလုံလောက်လောက် မဟုတ်ဘူး” လို့ အသက် ၄၀ ကျော်အရွယ် အထက်ဖော်ပြပါ အမျိုးသားက ပြောပါတယ်။

ရွှေကူအထိုင်တပ်ဟာ ကျေးရွာတွေဘက် ဆေးဝါးသယ်ယူခွင့်ကို ၂၀၂၄ ခုနှစ်၊ မေလနောက်ပိုင်းကတည်းက တင်းကြပ်လိုက်တာလို့ ဆိုပါတယ်။

အခုလို ဆေးဝါးသယ်ယူခွင့် တင်းကြပ်လိုက်တာကြောင့် ကျေးရွာနေပြည်သူတွေဟာ ရွှေကူမြို့ပေါ်တွေအထိ တက်ပြီး ဆေးကုသနေရပြီး အရေးပေါ်အခြေနေတွေ ပိုခက်ခဲစေတယ်လို့ နောက်ထပ်အမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။

“ဝမ်းပျက်၊ ဝမ်းလျှောဖြစ်တာတို့ သာမာန်ဖျားနာတာတို့ဆို ဒီတိုင်း ကြိတ်မှိတ်နေရတာပေါ့။ အခြေအနေ အရမ်းဆိုးမှ ရွှေကူနဲ့ နီးတဲ့ရွာတွေ ရွှေကူထိ တက်ကုတယ်။ အရေးပေါ်လူနာတွေဆို အခြေနေမကောင်းတော့ အခက်ခဲဖြစ်တယ်” လို့ သူက ဆက်ပြောပါတယ်။

လက်ရှိမှာတော့ ကာကွယ်ရေးတပ်တွေက မံစီလမ်းကနေတဆင့် တရုတ်ပြည်ထဲကနေတဆင့် မံနား၊ စင်းဖုတ်၊ စီသောင် စတဲ့ကျေးရွာ သုံးရွာမှာသာ အခမဲ့ ဆေးခန်းတွေ ဖွင့်ထားပြီး ကျန်တဲ့ ကျေးရွာတွေမှာတော့ ဖွင့်လှစ်နိုင်ဖို့ ကြိုးပမ်းနေဆဲလို့ သိရပါတယ်။

“PDF တွေကတော့ ဖွင့်ပေးထားတယ်။ အခမဲ့ဆေးခန်းတွေ ဒါပေမယ့် ဟိုလို ဆေးရုံကြီးတွေလို လုံလုံလင်လင်တော့ မရှိဘူးပေါ့။ အရမ်းကြီးဖျားနာတာမဟုတ်ရင်တော့ အဲ့ဒီဆေးခန်းတွေကို လာကြတယ်။ ဆိုးဆိုးဝါးဝါးဆိုကြတော့ မြို့ပေါ်တက်ရတာပေါ့” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အခုလို ရွှေကူနယ်ဘက် ဆေးဝါးသယ်ယူခွင့် တင်းကြပ်ထားတာကြောင့် ကလေးသူငယ်တွေ ကာကွယ်ဆေးထိုးနှံခွင့် ဆုံးရှုံးနေရသလို ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ နာတာရှည်ရောဂါသည်တွေလည်း ဆေးဝါးကုသခွင့်တွေ ဆုံးရှုံးနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ရွှေကူမြို့နယ်ထဲက ကျေးရွာအများပိုင်းကို KIA၊ KPDF ပူးပေါင်းတပ် ထိန်းချုပ်ထားပေမယ့် ရွှေကူမြို့ကိုတော့ စစ်ကောင်စီတပ်က အပြည့်အဝထိန်းချုပ်ထားဆဲ ဖြစ်ပါတယ်။

March 24, 2026
နော်ထွယ့်(ဟူးကောင့်) — ဖားကန့်ဒေသ၊ ဥရုချောင်း (Uru Hka) တစ်လျှာက်မှာ ယခင်က ရွှေတူးဖော်မှု...
၂၀၂၆ ခုနှစ် မတ်လမှာပြိုထားတဲ့ ပူတာအို ခေါင်လန်ဖူး လမ်းပိုင်းကိုတွေ့ရစဥ်
March 23, 2026
ကချင်ပြည်နယ် ပူတာအို–ခေါင်လန်ဖူးကားလမ်းပိုင်း မနှစ်ကမြေပြိုတဲ့နေရာတွေမှာ မြေထပ်ပြိုသွားတာကြောင့်...
ကသာမြို့လယ်ခေါင် ရပ်ကွက် (၃ )မှာရှိတဲ့ မဟာလေးထပ်ကျောင်းတိုက်ဗုံးကြဲတိုက်ခိုက်ခံရတဲ့မြင်ကွင်း Photo - Crd
March 21, 2026
စစ်ကိုင်းတိုင်း – ကချင်အစပ် စစ်ကိုင်းတိုင်းကသာမြို့လယ်ခေါင် ရပ်ကွက် (၃ )မှာရှိတဲ့...
March 20, 2026
မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ၊ လုံးတုံကျေးရွာမှာရှိတဲ့ စစ်တပ်ရဲ့ရှေ့တန်းကာကင်းစခန်းတွေ...