တိုက်ပွဲ မဖြစ်ပဲ ဒီးမော့ဆိုနှင့် မော်ချီးတို့ကို ဗုံးကြဲ၊ အရပ်သား ထိခိုက်သေဆုံးမှုများ ရှိ

တိုက်ပွဲ မဖြစ်ပဲ ဒီးမော့ဆိုနှင့် မော်ချီးတို့ကို ဗုံးကြဲ၊ အရပ်သား ထိခိုက်သေဆုံးမှုများ ရှိ

ကရင်နီပြည်ထဲက ဒီးမော့ဆိုမြို့နယ်နှင့် မော်ချီးမြို့တို့ကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုများ ရှိနေသည်။

မော်ချီးမြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၆ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၃ ဦး ပြင်းထန် ဒဏ်ရာ ရရှိသည်။

စစ်ကောင်စီက ပေါင် ၂၀၀ ဗုံး ၂ လုံးဖြင့် ဇူလိုင်လ ၁၄ ရက်နေ့၊ နေ့လည် ၂ နာရီဝန်းကျင် အချိန်ခန့်၌ ကြဲချခဲ့ခြင်းဖြစ်ပြီး ဗုံးတစ်လုံးမှာ လမ်းမပေါ်သို့ ကျရောက်သော်လည်း ကျန်တစ်လုံးမှာ အမှတ် ၃၊ ၄ အိမ်စုနှင့် ရတနာအောင်မြေ ရပ်ကွက်ရှိ လူနေအိမ်များကြားတွင် ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

မော်ချီးမြို့အတွင်း ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူ တစ်ဦးက “လောလောဆယ်တော့ အမျိုးသား တစ်ယောက်။ အမျိုးသမီး ၅ ယောက်။ အတိအကျတော့ မရသေးဘူး။ ဟိုဖက်ခြမ်းက ၁၀ ယောက် ထိတယ်လို့လည်း ကြားတယ်။ ကျနော်တို့ လူလိုက်ကောက်ပြီးမှပဲ စာရင်းက အတည်ပြုနိုင်မယ်” ဟု ပြောသည်။

လက်ရှိ ကောက်ယူထားသည့် စာရင်းအရ လူနေအိမ် ၅ လုံးခန့် ထိခိုက်ပျက်စီးခဲ့ပြီး အချိန်ကြာလာသည်နှင့် အမျှ ထိခိုက်သေဆုံးသည့် စာရင်းတိုးလာနိုင်သည်ဟု ဆိုသည်။

အလားတူ ဒီးမော့ဆိုမြို့နယ်၊ အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းထဲက ဆေးပေးခန်းတစ်ခုအား စစ်ကောင်စီက ဇူလိုင်လ ၁၄ ရက်နေ့၊ နံနက် ၁ နာရီအချိန်ခန့်တွင် လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ အဆောက်အအုံ ၂ ခု၊ ရေချိုးခန်း၊ အိမ်သာနှင့် ကားတစ်စီးတို့ ဗုံးစထိမှန် ပျက်စီးသွားခဲ့သည်။

ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှ စစ်ဘေးရှောင်တစ်ဦးက “အခုတလော ကြဲပြီဆိုရင် ပေါင် ၂၀၀ တွေပဲ။ တခါခါဆို ၅၀၀။ ကျမတို့ ဒီလောက်ဝေးတာတောင် နားစည်ကွဲမလို ဖြစ်နေတာ။ တကယ်ထိတဲ့ လူဆို မတွေး ရဲဘူး။ သူတို့ ပစ်မှတ်ထားတာက ဆေးရုံနဲ့ စာသင်ကျောင်းပဲ” ဟု ပြောသည်။

ဇူလိုင်လ ၉ ရက်နေ့ကလည်း မော်ချီးမြို့အနီး၊ လိုလော်ထီးကျေးရွာကို လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ ကလေး အပါအဝင် အရပ်သား ၅ ဦး သေဆုံးပြီး၊ ၅ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့သေးသည်။

ယခု မော်ချီးမြို့ လေကြာင်းတိုက်ခိုက်မှုမှာ ၈ ကြိမ်မြောက် ဖြစ်ပြီး ဒီးမော့ဆိုမြို့နယ်၌ ဇူလိုင်လ အတွင်း ၂ ကြိမ် မြောက် တိုက်ခိုက်ခံရခြင်း ဖြစ်သည်ဟု ဒေသတွင်း အကူအညီပေးနေသူများက ပြောဆိုထားသည်။

Most read this week

February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...
February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...