နိုင်ကျဉ်းများ အသက်အန္တရာယ် စိုးရိမ်ရဟု NUG ပြော

နိုင်ကျဉ်းများ အသက်အန္တရာယ် စိုးရိမ်ရဟု NUG ပြော

နိုင်ငံတဝှမ်းက အကျဉ်းထောင်များအတွင်းရှိ နိုင်ငံရေး အကျဉ်းသားများ အားလုံး၏ ကျန်းမာရေးနှင့် အသက်အန္တရာယ်မှာ အထူးစိုးရိမ်နေရဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြောသည်။

ဖမ်းဆီး ထိန်းသိမ်းခံနေရသော သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပြင် နိုင်ကျဉ်းအားလုံး၏ ကျန်းမာရေးအခြေအနေနှင့် အသက်အန္တရာယ်အတွက် အထူးစိုးရိမ်သည်ဟု NUG က ဆိုသည်။

NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းဘတ်က “နိုင်ငံ့ခေါင်းဆောင်တွေဖြစ်တဲ့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ်အောင်ဆန်းစုကြည်တို့ဟာလည်း အကြမ်းဖက် စစ်တပ်ရဲ့ မတရား

ဖမ်းဆီးချုပ်နှောင်မှုကို ခံထားရပြီး လုံလောက်တဲ့ ဆေးဝါးကုသမှုတွေ ရရှိမနေကြတာကြောင့် ဒီနိုင်ငံ ခေါင်း ဆောင်တွေနဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးရဲ့ ကျန်းမာရေးနဲ့ အသက်အန္တရာယ်ကို အမျိုးသား ညီညွတ်ရေး အစိုးရအနေနဲ့ အထူးပင် စိုးရိမ်မကင်း ဖြစ်မိပါတယ်” ဟု ပြောသည်။

ဇူလိုင်လ ၁ ရက်နေ့တွင် ပြုလုပ်သော ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကား ပြောကြားခြင်း အစီအစဉ်၌ ဦးနေဘုန်းလတ်က ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ဇွန်လ ၂၇ ရက်နေ့က မန္တလေး အိုးဘိုထောင်အတွင်း မန္တလေးတိုင်း လွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးသည် အချိန်မှီ ဆေးကုသခွင့် မရသောကြောင့် သေဆုံးခဲ့ပြီးနောက် နိုင်ငံရေး အကျဉ်းသားများသည် ထောင်တွင်း ကျန်းမာရေး စောင့်ရှောက်မှု လုံလုံလောက်လောက် မရရှိမှုနှင့် ဖိနှိပ်မှုများကြောင့် မသေဆုံးသင့်ဘဲ အသက် ဆုံးရှုံးနေကြရသည် ဟု ဦးနေဘုန်းလတ်က ဆိုသည်။

အိုးဘိုထောင်တစ်ခု တည်းမှာပင် ၂၀၂၄ ခုနှစ်အတွင်း မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် အပါ အဝင် နိုင်ငံရေး အကျဉ်းသား ၃ ဦး ဆက်တိုက် သေဆုံးခဲ့သည်။

ထို့အပြင် မတ်လ ၂၈ ရက်နေ့ကလည်း စစ်ကိုင်းငလျင်အပြင် ဆေးကုသမှု အချိန်မှီမရဘဲ နှောင့်နှေးမှုများကြောင့် မသေဆုံးသင့်ဘဲ သေဆုံးခဲ့ရသည့် နိုင်ငံရေးအကျဉ်းသား အယောက် ၅၀ ဦးကျော် ရှိခဲ့သည်။

အဆိုပါ အသက်ဆုံးရှုံးမှုများ အတွက် အကျဉ်းထောင်အတွင်း တာဝန်ရှိသူများ အနေဖြင့် တာဝန်ယူ တာဝန်ခံ ရမည်ဟု ဦးနေဘုန်းလတ်က ဆက်ပြောသည်။

“အကြမ်းဖက် စစ်အုပ်စုရဲ့ လက်အောက်ခံ အကျဉ်းထောင်တွေက အကျဉ်းဦးစီး အရာရှိတွေနဲ့ တာဝန်ရှိသူတွေ အနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ အပေါ် ရက်စက်စွာ ပြုမူ ဖိနှိပ်နေတဲ့ လုပ်ရပ်တွေအတွက် တာဝန်ယူ တာဝန် ခံ ကြရမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။”

ထို့အပြင် စစ်ကိုင်းငလျင် လှုပ်ခတ်ခဲ့သည့်နေ့၌ ဒေါ်အောင်ဆန်းစုကြည်၏ ဘယ်ဘက်လက် ဒဏ်ရာရရှိခဲ့ပြီး စိုးရိမ်ရသော အခြေအနေ ရှိနေကြောင်း Suu Foundation က ဇွန်လ ၁၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

မတ်လ ၂၈ ရက်နေ့က စစ်ကိုင်းမြို့အနီး အခြေပြုလှုပ်ခတ်ခဲ့သော ငလျင်ကြောင့် နေပြည်တော်တွင် ထိခိုက် ပျက်စီးမှု များပြားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အား ချုပ်နှောင်ထားသည့် ထောင်အဆောက်အအုံမှာ ပျက်စီးခဲ့ ကာ ဒေါ်အောင်ဆန်းစုကြည်၏ ဘယ်ဘက်လက် ထိခိုက်ဒဏ်ရာရခဲ့သည်ဟု Suu Foundation က ထုတ်ပြန်ထားသည်။

December 1, 2025
တနင်္သာရီတိုင်းတွင် စစ်ကော်မရှင်၏ ရွေးကောက်ပွဲ ဥပဒေဖြင့် ဒေါင်းနက်အဖွဲ့ အပါအဝင် ဆန့်ကျင်သူများ...
November 28, 2025
ကချင်ပြည်ရှိ ဖားကန့်၊ ဝိုင်းမော်နှင့် ဗန်းမော်မြို့နယ်များတွင် စစ်ရေးတင်းမာမှုများ...
November 27, 2025
ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ အနောက်ခြမ်းရှိ စစ်ဘေးရှောင်စခန်း ၂၆ ခု၌...
November 26, 2025
ကိုးကန့်တပ်မတော် MNDAA မှ တပ်ဆုတ်ရန် ငြင်းပယ်မှုကြောင့် ရှမ်းပြည် မြောက်ပိုင်း၊...