ကျုံဒိုးတွင် စကစ ကျောင်း ၆ ကျောင်း၌ ကျောင်းသား ၁၀၀ ဝန်းကျင်သာ ကျောင်းတက်

ကျုံဒိုးတွင် စကစ ကျောင်း ၆ ကျောင်း၌ ကျောင်းသား ၁၀၀ ဝန်းကျင်သာ ကျောင်းတက်

ကျုံဒိုးမြို့ပေါ်တွင် စစ်ကောင်စီ လက်အောက်ခံ ကျောင်း ၆ ကျောင်း ဖွင့်လှစ်ထားပြီး ကျောင်းသူ၊ ကျောင်းသား ၁၀၀ ဦးခန့်သာ ကျောင်းတက်နေသည်ဟု ပညာရေးအသိုင်းအဝိုင်းက ပြောသည်။

ကျုံဒိုးမြို့တွင် အထက ကျုံဒိုး၊ အမက(၁)၊ အမက (၂) မူလွန်၊ အမက (၄)၊ ညောင်ရိပ်သာ အမက (၆)နှင့် သရက် တော စသည့် အခြေခံပညာ ကျောင်း ၆ ကျောင်းဖွင့်လှစ်ထားပြီး ကျောင်းဆရာ၊ ဆရာမများနှင့် နေ့စဉ် ကျောင်း တက်သူ ဦးရေတို့ကို ကော့ကရိတ်ခရိုင် ပညာရေးဌာနသို့ နေ့စဉ် သတင်းပို့ တင်ပြနေရသည်ဟု CDM ဆရာမ တစ်ဦးက ပြောသည်။

လက်ရှိ ကျုံဒိုးမြို့အနီးတစ်ဝိုက်တွင် လက်နက်ကြီးအပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပေါ်နေပြီး ကျောင်းတက်စဉ် လက်နက်ကြီးသံ ကြားပါက ကျောင်းသားများကို အိမ်ပြန်ခိုင်းသည်ဟု CDM ကျောင်းဆရာမတစ်ဦးက ယခုလို ပြောသည်။

“ကျောင်းဖွင့် နေရတယ်။ နေ့တိုင်း ကျောင်းလာရတယ်၊ ဆရာမတွေ ကျောင်းအုပ်တွေ၊ ကျောင်းသားကတော့ ပြည်သူ့စစ် သားသမီး၊ စစ်တပ်ထောက်ခံတဲ့ သူတွေရဲ့ သားသမီးတွေနဲ့ ရပ်ကွက်က တချို့စစ်မရှောင်တဲ့ ကလေး တွေ ကျောင်းလာတက်တယ်။ ကျောင်းအုပ်က ဓါတ်ပုံရိုက်တယ်။ ပညာရေးရုံးကို ကျောင်းသားစာရင်း၊ ဆရာမ စာရင်းပို့ရတယ်။ ၅၄၅/၅၄၆ တပ်က လက်နက်ကြီးပစ်ပီ၊ အကြီး၊ အသေးအသံကြားရပြီဆို အိမ်ပြန်ရတယ်” ဟု ၎င်းက ပြောသည်။

ထိုသို့ ကျောင်းတက်၊ ကျောင်းဆင်းစာရင်းများအရ ကျောင်းလာတက်သူ စုစုပါင်း ကျောင်း ၆ ကျောင်း၌ ကျောင်း သားဦးရေ နေ့စဉ် ၁၀၀ ဦးဝန်းကျင်ခန့် ကျောင်းလာတက်ကြပြီး အများစုသည် ဂျိုင်းရွာ/ခရဲ တွဲဘက်အထက် တန်းကျောင်း၊ သာမည တွဲဘက် အထက်တန်းကျောင်း စသည့် ကျောင်းများ၌ စစ်ဘေးရှောင် သားသမီးအများစု ကျောင်းပြောင်း တက်နေကြရသည်ဟု စစ်ဘေးရှောင် သတင်းရင်းမြစ်များက ပြောသည်။

“ကျုံဒိုးကို ပြန်လာနေဖို့ အုပ်ကြီးတွေက ပြောနေတယ်။ တိုက်ပွဲက မြို့တွင်း၊ မြို့ပြင် ပစ်နေကြတာလေ။ လေယာဉ် ပတ်ပျံ၊ ဒရုန်းကလည်း တက်လိုက် ဗုံးကြဲလိုက် ပြန်ဆင်းလိုက် လုပ်နေတာကို ကိုယ့်ကလေးတွေ ကျောင်းလွှတ်ဖို့ မရဲဘူးဗျ။ ကိုယ်တွေတောင် အိမ်ဖောက်၊ ဆိုင်ဖောက်ခံရမှာစိုးလို့ ပြန်ပြန်ကြည့်နေရတယ်။ မိသားစုလိုက် ပြန်နေဖို့၊ ကျောင်းတက်ဖို့ မလွယ်‌သေးဘူး။ စကစကတော့ လုံခြုံအောင်လုပ်ပြီး နေတာဆိုတော့ နေကြတယ်လေ” ဟု စစ်ရှောင် ကျောင်းသားမိဘတစ်ဦးက ပြောသည်။

လက်ရှိ ကျုံဒိုးမြို့နှင့် အနီးတစ်ဝိုက်ကျေးရွာများဘက်တွင် KNLA မဟာမိတ်တပ်များနှင့် စစ်ကောင်စီစစ်ကြောင်းများ နေ့စဉ်တိုက်ပွဲ ဖြစ်ပွားနေပြီး၊ ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်းကို စစ်ကောင်စီတပ်များ ထိုးဖောက်တိုက်ခိုက် ထိမ်းချုပ်နိုင်မှုမရှိဘဲ တပ်ပြန်ဆုတ်၊ စစ်ကြောင်းနေရာပြောင်း ထိုးစစ်ဆင်နေမှုများ ရှိနေသည်ဟု မြေပြင်စစ်ရေး သတင်းရင်းမြစ်များက ပြောသည်။

Most read this week

January 29, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်တပ်...
January 28, 2026
ကရင်ပြည်နယ်၊ ဘုရားသုံးဆူနယ်မြေထဲတွင် ကျားဖြန့် အွန်လိုင်း ငွေလိမ်လုပ်ငန်းအတွက် အဆောက်အဦသစ်များ...
Photo credit- เอก เกียรติศักดิ์ แม่สอด
January 27, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်း၊ မင်းလက်ပံကျေးရွာတွင် ယမန်နေ့ ဇန်နဝါရီ(၂၆)ရက်နေ့က မြန်မာဘက်...
January 26, 2026
မဲဆောက်မြို့၊ မယ်တောင်ရပ်ကွက်တွင် ပြီးခဲ့သည့်ဇန်နဝါရီလ(၁၉)ရက်နေ့ညပိုင်းက...