ကရင်နီပြည်အတွင်း စက်သုံးဆီ ပြတ်လပ်

ကရင်နီပြည်အတွင်း စက်သုံးဆီ ပြတ်လပ်

ကရင်နီပြည်အတွင်း စက်သုံးဆီပြတ်လပ်နေပြီး ဈေးပါတက်လာနေသည့်အတွက် သွားလာရေးကိစ္စ အခက်အခဲများနှင့် ကြုံနေရသည်ဟု ဒေသခံများက ပြောသည်။

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်တွင် ဇွန်လတတိယပတ်တွင် ဓာတ်ဆီ (၁) လီတာ၏ ဈေးနှုန်းမှာ ကျပ် ၈,၀၀၀ မှ ကျပ် ၁၀,၀၀၀ အထိ ရှိလာပြီး ဝယ်ယူရန်လည်း ခက်ခဲနေသည်ဟု ဒေသခံများက ပြောသည်။

 ဒီးမော့ဆိုမြို့ အနောက်ဘက်ခြမ်းရှိ ဒေသခံတစ်ဦးက “တစ်ဆိုင်နဲ့တစ်ဆိုင်က မတူဘူး။ တစ်ချို့ဆိုင်တွေဆို တစ်သောင်းကျော်တယ်။ တစ်ချို့ဆိုင်တွေဆို ၈,၅၀၀၊ ၉,၀၀၀ အဲ့လောက် ဈေးတက်တယ်။ တစ်ချို့ဆီပန့်တွေဆို အကုန်လုံး ပိတ်ပြီလေ။ ပီပါလိုက် ဆိုင်မျိုးတွေဆို သိပ်မတွေ့ရတော့ဘူးလေ။ ဆိုင်သေးတွေလောက်ပဲ ကျန်တယ်။ ၅ ဂါလံပုံး တစ်ပုံး နှစ်ပုံး အဲ့လိုမျိုးပဲ။ ဘာမှမရှိတော့ဘူး သူတို့ဟာ လက်ကျန်ပဲ တင်ရောင်းတဲ့ လူပဲရှိတယ်။ အဲ့ကြောင့်မို့လို့ သူတို့ဈေးကို တင်ရောင်းတယ်ပဲ ပြောရမလား” ဟု ပြောသည်။

ဒေသတွင်းရှိ ဆီဆိုင်အချို့ပင် ပိတ်ထားကြသည်ဟု ဒေသခံများက ပြောသည်။

လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုနှင့်အတူ ကရင်နီပြည်အတွင်း စစ်ကောင်စီ၏ စစ်ကြောင်းထိုးမှုများကြောင့် နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက် လမ်းကြောင်း အခြေအနေများအရ စက်သုံးဆီ တင်သွင်းနိုင်ရန် လည်း ခက်ခဲနေသည်ဟု ဆိုသည်။

ထိုသို့သော အခြေအနေများကြောင့် လက်ရှိတွင် ဒေသတွင်း စက်သုံးဆီ ပြတ်သွားပြီး ဈေးနှုန်းမှာ ခုန်တက်သွားခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက “ဓာတ်ဆီ‌က တောင်ငူကနေ တစ်ပေါက်ပဲ ရဖို့ရှိတယ်။ ဒီလွိုင်ကော်၊ ဆီဆိုင်တို့ဘက်က ဝင်ပေါက်မရှိလို့လေ။ ဒီတောင်ငူကနေဆို တစ်ပတ်တစ်ခါလား၊ နှစ်ပတ်တစ်ခါလား အဲ့မျိုးပဲ ဝင်လာတော့ ဈေးကတက်တယ် အဲ့လိုမျိုး” ဟု ပြောသည်။

စက်သုံးဆီ ပြတ်လပ်နေပြီး ဈေးနှုန်းမြင့်တက်နေသည့်အတွက် သွားရေးလာရေးအတွက် အခက်ကြုံနေရသည်ဟု ဆိုသည်။

အဆိုပါ ဒေသခံက “ဓာတ်ဆီဈေးတက်တော့ သွားရလာရခက်တယ်လေးနော်။ အခုက ဆိုင်ကယ်တွေ ကားတွေနဲ့ပဲဆိုတော့ ခက်ခဲတယ်ပေါ့။ တစ်နေရာကနေ တစ်နေရာ သွားဖို့ဆိုရင်” ဟု ဆက်ပြောသည်။

ဒီးမော့ဆိုမြို့နယ်တွင် ဇွန်လအစောပိုင်းအထိ ဓာတ်ဆီ ၁ လီတာကို ကျပ် ၅,၀၀၀ ပဲ ရှိခဲ့ရာမှာ လက်ရှိတွင် စျေးခုန်တက်သွားခြင်း ဖြစ်သည်။

ဒေသတွင်း၌ စက်သုံးဆီအပါအဝင် အခြားကုန်ပစ္စည်းများဖြစ်သည့် စားနပ်ရိက္ခာ၊ ဆေးဝါး၊ လူသုံးကုန်ပစ္စည်းများပါ တင်သွင်းရန် ခက်ခဲလာနေသည့်အတွက် ကုန်ဈေးနှုန်းများ ထပ်တက်လာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

March 30, 2026
မြန်မာစစ်တပ်အတွက် လက်နက်ပွဲစားလုပ်ကိုင်ပေးနေသော Synpex Shwe (SS) ကုမ္ပဏီသည်...
မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး ရန်ကုန် ရန်ကင်း (Facebook)
March 28, 2026
နိုင်ငံကူးလက်မှတ် ဥပဒေသစ်ဖြင့် နိုင်ကျဉ်းဟောင်းများကို စစ်ကော်မရှင်က...
Indaw Revolution (IR)
March 26, 2026
လူပေါင်း ၈၀ ခန့် သေဆုံးခဲ့ရသည့် တိုက်ခိုက်မှု နောက်ပိုင်း စစ်ကိုင်းတိုင်း ဒေသကြီး၊ ကသာမြို့တွင်...
ဓာတ်ပုံ - (ပုံဟောင်း)
March 25, 2026
ရှမ်းမြောက် နမ့်ခမ်းမှ ကိုးကန့်တပ် (MNDAA) တပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားပြီး ၁၀၅ မိုင်တွင်လည်း...