ငလျင်ကြောင့် ကျောင်းသား ၈၀၀ ကျော် စာမေးပွဲ ပြန်မဖြေနိုင်

ငလျင်ကြောင့် ကျောင်းသား ၈၀၀ ကျော် စာမေးပွဲ ပြန်မဖြေနိုင်
မန္တလေးတွင် ဇွန် ၁၆ ရက်နေ့၌ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုနေသည့် ကျောင်းသူ/ကျောင်းသားများ။
မန္တလေးတွင် ဇွန် ၁၆ ရက်နေ့၌ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုနေသည့် ကျောင်းသူ/ကျောင်းသားများ။

ငလျင်ကြောင့် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော် နှင့် ကချင်ပြည်နယ်တို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုနေကြရပြီး ကျောင်းသူကျောင်းသား ၈၀၀ ကျော် စာမေးပွဲ ပြန်လည်ဖြေဆိုနိုင်ခြင်းမရှိကြောင်း စစ်ကောင်စီ၏ အချက်အလက်များအရ သိရသည်။

ဇွန် ၁၆ ရက်နေ့တွင် စာမေးပွဲဖြေဆိုသူ ၆၂,၈၂၄ ဦးရှိရာ ဖြေဆိုသူရာခိုင်နှုန်း ၉၈ ဒသမ ၆၇ ရာခိုင်နှုန်းရှိကြောင်း စစ်ကောင်စီက ယနေ့ (ဇွန်လ ၁၇ ရက်) ထုတ်သတင်းစာများတွင် ဖော်ပြသည်။

ထို့ကြောင့် ဖြေဆိုရန် စာရင်းရှိသူ စုစုပေါင်းသည် ၆၃,၆၇၀ ဦးရှိမည်ဖြစ်ပြီး စာမေးပွဲ ပြန်မဖြေနိုင်သူအရေအတွက်မှာ ၈၄၆ ဦးရှိသည်။

စစ်ကောင်စီ၏ စာရင်းအရ မန္တလေးတိုင်းတွင် စာရင်းရှိ ကျောင်းသူ/ကျောင်းသား ၃၄,၂၄၁ အနက် ၃၃,၇၈၈ ဦးသာ ပြန်လည်ဝင်ရောက်ဖြေဆိုခဲ့သဖြင့် မန္တလေးတိုင်းတခုတည်းတွင် ကျောင်းသား ၄၅၃ ဦး စာမေးပွဲ ပြန်မဖြေနိုင်ခဲ့ခြင်းဖြစ်သည်။

ယခင် မတ်လစာမေးပွဲတွင် ဘာသာရပ်အားလုံး ဝင်ရောက်ဖြေဆိုထားသူများကိုသာ ဖြေဆိုခွင့်ပြုမည်ဖြစ်ပြီး ဖြေဆိုခွင့်ရရှိသူစာရင်းကို သက်ဆိုင်ရာ ပညာရေးမှူးရုံးနှင့် စာစစ်ဌာနများတွင် ကြေညာပေးမည်ဟု စစ်ကောင်စီက ပြီးခဲ့သည့် ဧပြီ ၂၂ ရက်တွင် ထုတ်ပြန်ထားသည်။

မတ်လ ၂၈ ရက်နေ့ အင်အားပြင်းငလျင်လှုပ်ခတ်မှုအတွင်း မန္တလေးတက္ကသိုလ် ပင်မဆောင်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာများအား စာစစ်နေချိန် ငလျင်လှုပ်ခတ်သဖြင့် အဆောက်အုံပြိုကျကာ မီးလောင်ခဲ့သောကြောင့် တက္ကသိုလ်ပင်မဆောင်သို့ ရောက်ရှိနေသည့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်တို့ မှ တက္ကသိုလ်ဝင်တန်း (Grade 12) ဖြေဆိုထားသည့် ကျောင်းသား ၆၂,၉၅၄ ဦး၏ အဖြေလွှာမှာ မီးလောင်ပျက်စီးခဲ့ကြောင်း စစ်ကောင်စီက မတ်လ ၂၉ ရက်ညတွင် ထုတ်ပြန်ထားသည်။

နေပြည်တော်တွင်လည်း ငလျင်ကြောင့် ဌာနဆိုင်ရာအဆောက်အဦများ ထိခိုက်ပျက်စီးခဲ့သည်။

ထို့ကြောင့် မန္တလေး၊ စစ်ကိုင်း၊ ကချင်နှင့် နေပြည်တော်တို့မှ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရမည့် ကျောင်းသူ/ကျောင်းသားများသည် ဇွန် ၁၆ ရက်နေ့မှ ၂၁ ရက်နေ့ထိ စာမေးပွဲ ပြန်လည်ဖြေဆိုနေရခြင်းဖြစ်သည်။

တဖက်တွင်လည်း ငလျင်ဒဏ်သင့် နေရာများတွင် ကျောင်းသားများအနေဖြင့် စားဝတ်နေရေး၊ နေရေးထိုင်ရေးအခက်အခဲများကို ကြုံတွေ့နေရကာ စာမေးပွဲအတွက် တဖန်ပြန်လည်ပူပန်ရမည်ဖြစ်သောကြောင့် ဝေဖန်မှုများ ရှိနေသည်။

ငလျင်အတွင်း အဖြေလွှာများ ပျက်စီးခဲ့သည့် ပြည်နယ်နှင့်တိုင်း လေးခုတွင် စစ်ကောင်စီက စာမေးပွဲပြန်လည်ဖြေဆိုရန် ကြိုးစားနေခြင်းအစား သက်ဆိုင်ရာတက္ကသိုလ်အလိုက် သို့မဟုတ် ဘာသာရပ်အလိုက် လိုအပ်သည့် အရည်အချင်းကိုစိစစ်ကာ ရွေးချယ်သည့်စနစ်သို့ ပြောင်းလဲသင့်ကြောင်း ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဧပြီ ၁၄ ရက်တွင် သဘောထားထုတ်ပြန်ထားသည်။

Most read this week

September 19, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုတစ်ခု၏ တပ်စခန်းအား လေကြောင်းမှ...
စစ်အုပ်စုကို အသိအမှတ်မပြုရန် မြန်မာပြည်သူများ လက်မှတ်ရေးထိုးထားသည့် တောင်းဆိုလွှာများ ကို ဂျပန်လွှတ်တော်အမတ်များနှင့် ဂျပန်ရောက် မြန်မာများက ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဌာနသို့ သွားရောက် ပေးအပ်စဉ်။
September 18, 2026
နိုင်ငံကူးလက်မှတ် (ပတ်စပို့) သက်တမ်းကုန်ဆုံးနေသည့် ဂျပန်ရောက် မြန်မာနိုင်ငံသားများအနေဖြင့်...
September 18, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင် စစ်မှုထမ်းရန် မဲနှိုက်ရမည်ဟု ဆိုသော်လည်း လက်တွေ့တွင်...
September 17, 2026
ချင်းပြည်၊ တီးတိန်မြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များအကြား စက်တင်ဘာ ၁၆...