စစ်ကောင်စီရဲ့ ထိုးစစ်ကြောင့် ဖယ်ခုံအရှေ့ဘက်ကမ်းက နယ်မြေတချို့ လက်လွတ်ရပြီး ကျေးရွာ (၁၅) ရွာဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေရ

စစ်ကောင်စီရဲ့ ထိုးစစ်ကြောင့် ဖယ်ခုံအရှေ့ဘက်ကမ်းက နယ်မြေတချို့ လက်လွတ်ရပြီး ကျေးရွာ (၁၅) ရွာဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေရ

ပြီးခဲ့တဲ့ဇွန်လ (၂) ရက်နေ့ မနက်ပိုင်းကစပြီး ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံအင်းအရှေ့ဘက်ကမ်းက ရေပူကျေးရွာအတွင်းကို စစ်ကောင်စီတပ်နဲ့ PNO ပအို့ဝ်ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့တို့ဟာ အင်အားတစ်ထောင်ဝန်းကျင်နဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ပါတယ်။

အခုလက်ရှိမှာတော့ အဆိုပါစစ်ကြောင်းဟာ တောင်ပို့ကွဲကျေးရွာလမ်းခွဲမှာ နေရာယူထားဆဲ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါစစ်ကြောင်းကြောင့် ဇွန်လ (၂) ရက်နေ့ကစပြီး ဇွန်လ ၁၃ ရက်နေ့အထိ တော်လှန်ရေးဘက်က နယ်မြေလေးခုလောက်ကို ဆုတ်ပေးလိုက်ရတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တခုရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ထပ်ပြီး‌တော့ ကျနော်တို့ တော်လှန်ရေးတပ်တွေကတော့ ရေပူ ၊ညောင်လေးပင် ၊ နန်းတုတ် ၊ တောင်ပို့ကွဲ စတဲ့ (၄) နေရာကို ပေးလိုက်ရတယ်” လို့ တော်လှန်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

အခုလို စစ်ကောင်စီတပ်နှင့် PNO ပူးပေါင်းတပ်ဖွဲ့တို့ စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့နဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ဖယ်ခုံအင်းအရှေ့ဘက်ကမ်းရှိ ကျေးရွာပေါင်း ၁၅ ရွာဝန်းကျင်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။

“ကျနော်တို့ ဖယ်ခုံ အရှေ့ဘက်ကမ်းကတော့ ဆောင်နန်းခဲ ၊ လွယ်ပေါ ၊ နန်းပေါ်လုံ ၊ နန်းစွတ်နဲ့ ပိန္နဲကုန်း အပါအဝင် ကျေးရွာပေါင်း ၁၄ ရွာ ၁၅ ရွာဝန်းကျင်လောက်က ထွက်ပြေးတိမ်းရှောင်နေကြရတယ်။ ဒီထဲမှာ အခြေခံ လိုအပ်ချက်တွေ အများကြီး ရှိနေတယ်။” လို့ ဖယ်ခုံအရှေ့ဘက်ကမ်း စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးသူတစ်ဦးဖြစ်တဲ့ ကိုအင်ဒရူး က ပြောပါတယ်။

ဖယ်ခုံအင်းအရှေ့ဘက်ကမ်းက ဆောင်နန်းခဲ ၊ လွယ်ပေါ ၊ နန်းပေါ်လုံ ၊ နမ်းစုမ့်၊ ပိန္နဲကုန်း၊ ရေပူ ၊ ညောင်လေးပင် ၊ နန်းတုတ် ၊ ကုန်းသာ၊ တောင်ပို့ကွဲ၊ ဟိုပန်(ရှေ့)၊ ဟိုပန်(နောက်)၊ လဟယ်၊ မခေခမ်း၊ တောင်ပို့ကြီး စတဲ့ ကျေးရွာ ၁၅ ရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။



ထွက်ပြေးတိမ်းရှောင်နေကြရတဲ့နေရာမှာ စားနပ်ရိက္ခာ ၊နေရာထိုင်ခင်း ၊ အမိုးအကာစတဲ့ အခက်အခဲပေါင်းများစွာနဲ့ ရင်ဆိုင်နေကြရတဲ့အကြောင်းကို စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူ တစ်ဦးဖြစ်တဲ့ ကို အင်ဒရူးက အခုလို ဆက်ပြောပါတယ်။

“အခက်အခဲတွေကတော့ အများကြီး ရှိတာပေါ့နော်။ စားနပ်ရိက္ခာ အခက်အခဲတွေ၊ ဆေးဝါး အခက်အခဲတွေ ပြီးတော့ နေဖို့ထိုင်ဖို့ တဲတွေ ၊ မိုးကာတွေ အများကြီး အခက်အခဲ ရှိကြတယ်ပေါ့။ တချို့က အနောက်ဘက်ကမ်းတွေမှာ ရှောင်ပြေးနေကြတာ အများကြီး ရှိကြသလို တချို့ကျတော့လည်း နီးစပ်ရာ တဲတွေ၊ ရွာတွေမှာ ရှောင်ပြေးနေကြတာလည်း အများကြီး ရှိတယ်” လို့ ပြောပါတယ်။

လတ်တလောမှာ စစ်ကောင်စီတပ်နှင့် PNO ပူးပေါင်းတပ်ဖွဲ့တို့ တော်လှန်ရေးတပ်ဖွဲ့တွေ ဆုတ်ခွာပေးလိုက်ရတဲ့ နေရာအသီးသီးတွေမှာ ရှိနေပြီး ဒေသခံတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးပေမယ့် အချိန်မရွေးထိတွေ့ တိုက်ပွဲတွေဖြစ်ပွားနိုင်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဖယ်ခုံအရှေ့ဘက်ကမ်းက ရေပူဘက်မှာ တစ်ကြောင်း ၊ မိုးဗြဲမှာတစ်ကြောင်း ၊ ကုန်းသာဘက်မှာတစ်ကြောင်းနဲ့ စစ်ကြောင်းထိုးတာတွေ ရှိနေပါတယ်။ ဒါကြောင့် ဖယ်ခုံအရှေ့ဘက်ကမ်းက ကျေးရွာတွေဟာ ကြားညှပ်တဲ့အနေအထားဖြစ်တာကြောင့် ကျန်ရှိနေတဲ့ ပြည်သူတွေအနေနဲ့ အထူးသတိထားကြဖို့ လိုအပ်တယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF တပ်ရင်း (၃၄) ရဲ့ တာဝန်ရှိသူ တစ်ဦးက အခုလို ပြောပါတယ်။

“ဖယ်ခုံအရှေ့ဘက်ကမ်းမှာ ရှိတဲ့ ကျန်ရှိနေသေးတဲ့ ရွာတွေ ဒေသခံတွေ ဂရုစိုက်ကြဖို့ လိုတယ်။ ဘာလို့လဲဆိုရင် ဒီရေပူဘက်ကလည်း တစ်ကြောင်း ၊ ကုန်းသာဘက်ကလည်း တစ်ကြောင်း ၊ မိုးဗြဲဘက်ကလည်း တစ်ကြောင်းနဲ့ ဒီသုံးနေရာက ကျနော်တို့ ဒီဖယ်ခုံ အရှေ့ဘက်ကမ်းက ကြားညှပ်သလို ဖြစ်နေတာကြောင့် ကျန်နေတဲ့ ပြည်သူတွေ ဂရုတစိုက်နေကြဖို့” လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ (၆) ရက်နေ့ မနက်ပိုင်းမှ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးတွေပစ်ခတ်ခဲ့မှုကြောင့် ဖယ်ခုံအရှေ့ဘက်ကမ်း နန်းပေါ်လုံကျေးရွာမှာရှိတဲ့ အသက် (၁၉) နှစ်အရွယ် ကျောင်းသား တစ်ဦး သေဆုံးသွားခဲ့ရပါတယ်။ ဒါ့အပြင် ၇ ရက်နေ့မှာ မိုးဗြဲအခြေစိုက် ၄၂၂ တပ်ရင်းကနေ ပစ်ခတ်တဲ့လက်နက်ကြီးကြောင့် အသက် ၈ နှစ်အရွယ် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ပါတယ်။

ဇွန်လ (၁၀) ရက်နေ့ ညပိုင်းမှာလည်း စစ်ကောင်စီတပ်ဘက်က လျော့တိုက်ဒရုန်းတွေနဲ့ ကျေးရွာအတွင်းကို ပစ်ခတ်ခဲ့ပြီး လူနေအိမ် ထိခိုက်ပျက်စီးတာတွေ ရှိနေတယ်လို့ ကိုအင်ဒရူးက ပြောပါတယ်။

“ပြီးခဲ့တဲ့ (၁၀) ရက်နေ့တုန်းက လျော့တိုက်ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့တာတွေ ရှိနေပြီးတော့ လူနေအိမ်တွေ ကျ‌တော့ ပျက်စီးသွားခဲ့တယ်။ စစ်ရှောင်တွေကော နယ်ခံတွေကော ရာနဲ့ချီ ရှိနေတဲ့ နေရာကိုမှ ည (၁၁) နာရီဝန်းကျင်လောက်မှာကို လျော့ဒရုန်းတွေနဲ့ ပစ်ခဲ့တာကြောင့် လူနေအိမ်တွေလည်း ပျက်စီးသွားခဲ့တယ်” လို့ သူက ပြောပါတယ်။

မိုးတွင်းကာလဟာ ဒေသခံတောင်သူတွေရဲ့ စိုက်ပျိုးရာသီချိန်ဖြစ်တာကြောင့် အခုလို ထွက်ပြေးတိမ်းရှောင်ဟာ သူတို့အတွက် ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခု ဖြစ်နေပါတယ်။

အခုလို စိုက်ပျိုးရာသီချိန်မှာ စစ်ကြောင်းထိုးလာတာနဲ့ ကြုံတွေ့ နေရတာကြောင့် စိုးရိမ်ပူပန်မှုတွေ ရှိနေတဲ့အကြောင်း ကျေးရွာအတွင်း ကျန်ရှိနေတဲ့ဒေသခံ တစ်ဦးကအခုလို ပြောပါတယ်။

“မိုး ရာသီရောက်ပီဆိုတော့ သီးနှံတွေ စိုက်ပျိုးချိန်ရောက်ပြီဆိုတော့ တချို့တွေ စိုက်ပျိုးကြပြီးပြီ။ တချို့ကျတော့လဲ စိုက်ပျိုးကြတုန်း။ ဒီကြားထဲ စစ်ကောင်စီတွေက စစ်ကြောင်းထိုးလာလိုက်တော့ စားနပ်ရိက္ခာတွေ ရေရှည်မှာ စိုးရမ်တယ်” လို့ ကျေးရွာအတွင်း မှာ ကျန်ရှိနေတဲ့ ဒေသခံ တစ်ဦးက ပြောပါတယ်။

ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်ရှိ ဆောင်နန်းခဲကျေးရွာမှာရှိနေတဲ့ ကယန်းပြည်သစ်ဂိတ်ကို လည်း ပြီးခဲ့တဲ့ ဇွန်လ (၉) ရက်နေ့တုန်းက PNO ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကယန်းပြည်သစ် ရဲဘော် (၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကုသမှုခံယူနေစဉ်မှာပဲ တစ်ဦးကျဆုံးသွားခဲ့ပါတယ်။

December 4, 2025
ကရင်နီပြည် နဲ့ ရှမ်း-ကရင်နီ နယ်စပ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း စစ်ကောင်စီပစ်ခတ်မှုကြောင့်...
December 3, 2025
ကရင်နီမှာ စစ်ကော်မရှင်တပ်ဟာ ဒရုန်းတွေကို အသုံးပြုပြီး အရပ်သားပြည်သူတွေကို ပစ်မှတ်ထား...
Photo credit - Bangkok Post
December 2, 2025
ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်နဲ့ ထိစပ်နေတဲ့ သံလွင်မြစ်တစ်လျှောက်က စောင့်ကြည့်ရေးနေရာ ၁၃...
December 1, 2025
နိုဝင်ဘာလအတွင်းမှာ ကရင်နီပြည်ရဲ့ မြောက်ပိုင်းအရပ်ကနေ တောင်ပိုင်းအရပ်၊ လွိုင်ကော်၊ ဒီးမော့ဆို၊...