ရခိုင်ရှိ လွတ်မြောက်မြို့နယ် ၁၁ ခုတွင် နွမ်းပါးသည့် ကျောင်းသူ၊ ကျောင်းသားများအတွက် အခမဲ့ပညာရေးစင်တာများ ဖွင့်လှစ်မည်

ရခိုင်ရှိ လွတ်မြောက်မြို့နယ် ၁၁ ခုတွင် နွမ်းပါးသည့် ကျောင်းသူ၊ ကျောင်းသားများအတွက် အခမဲ့ပညာရေးစင်တာများ ဖွင့်လှစ်မည်
တန်ခိုးဆရာထွန်း အခမဲ့ပညာရေးစင်တာက အခမဲ့ ပညာသင်ပေးနိုင်ရန် ရပ်ရွာများနှင့် စစ်ဘေးရှောင်စခန်းအလိုက် စစ်တမ်းကောက်ယူနေစဉ်။
တန်ခိုးဆရာထွန်း အခမဲ့ပညာရေးစင်တာက အခမဲ့ ပညာသင်ပေးနိုင်ရန် ရပ်ရွာများနှင့် စစ်ဘေးရှောင်စခန်းအလိုက် စစ်တမ်းကောက်ယူနေစဉ်။

ရခိုင်ပြည်ရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် လွတ်မြောက်မြို့နယ်များအနက် မြို့နယ် ၁၁ ခုတွင် နွမ်းပါးသည့်ကျောင်းသူ၊ ကျောင်းသားများအတွက်ရည်ရွယ်ပြီး "တန်ခိုးဆရာထွန်း အခမဲ့ပညာရေးစင်တာ” အမည်ဖြင့် ပညာရေးစင်တာများကို စတင်ဖွင့်လှစ်သွားမည်ဟု သိရသည်။

ဖွင့်လှစ်သွားမည့်မြို့နယ်များမှာ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ပေါက်တောနှင့် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ အမ်း၊ တောင်ကုတ်၊ ကျောက်ဖြူနှင့် ဂွစသည့်မြို့နယ်များဖြစ်သည်။

ယင်းအနက် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ပေါက်တောနှင့် ရသေ့တောင်စသည့်မြို့နယ်လေးခုတွင် ယခု ဇွန်လလယ်တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ပြီး ကျန်မြို့နယ်ခြောက်ခုတွင်လည်း ဆက်လက်ဖွင့်လှစ်ပေးသွားမည်ဟု သိရသည်။

ရခိုင်လွတ်မြောက်နယ်မြေများရှိ စစ်ဘေးရှောင်နှင့် ဒေသခံကျောင်းနေအရွယ်ကလေးငယ်များ ငွေကြေးမတတ်နိုင်၍ ပညာမသင်ရခြင်းမှကင်းဝေးစေရန် အဓိကရည်ရွယ်ပြီး ဖွင့်လှစ်ရန်စီစဉ်ရခြင်းဖြစ်ကြောင်း တန်းခိုးဆရာထွန်း အခမဲ့ပညာရေးစင်တာမှ ပြန်ကြားရေးတာဝန်ခံက နိရဉ္စရာကို ပြောသည်။

"ကျောင်းနေအရွယ်ကလေးတွေကို ပညာရေးနဲ့ ဝေးကွာမသွားအောင်၊ ဂုဏ်သိက္ခာရှိရှိ ပညာသင်ယူနိုင်အောင်၊ ငွေကြေးမတတ်နိုင်လို့ ပညာမသင်ရဘူးဆိုတာ မရှိရအောင် အဓိကဦးတည်ပြီးဖွင့်ရတာဖြစ်ပါတယ်" ဟု ပြောသည်။

အဆိုပါပညာရေးစင်တာများတွင် မူလတန်းနှင့် အလယ်တန်းများဖြစ်သည့် KG မှ Grade - 8 အထိ ကျောင်းသား၊ ကျောင်းသူများကိုသာ လက်ခံ၍ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သို့သော်လည်း အထက်တန်းကျောင်းသား၊ ကျောင်းသူများအတွက်ကိုမူ ကျောင်းဖွင့်လှစ်ပေးခြင်းမျိုးလုပ်ပေးမည်မဟုတ်ဘဲ အခြေအနေအပေါ်မူတည်ကာ သင်ကြားပေးနိုင်ရေး ဆရာ၊ ဆရာမများနှင့် ဝိုင်းဝန်းတိုင်ပင်သွားရန် စီစဉ်ထားကြောင်း အဆိုပါပညာရေးစင်တာက ဆိုသည်။

စတင်ဖွင့်လှစ်မည့် မြို့နယ်လေးခုတွင်လည်း ပညာသင်ကြားပေးရန် ယခင်က ပညာရေးဝန်ထမ်းဟာင်းများနှင့် စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမအင်အား စုစုပေါင်း ၁၈၀ ခန့် အဆင်သင့်ရှိနေပြီဖြစ်ကြောင်း သိရသည်။

ပညာရေးဝန်ထမ်းဟာင်း ဆရာ၊ ဆရာမများအား တစ်ဦးလျှင် ကျပ်တစ်သိန်းနှင့် စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမများအား တစ်ဦးလျှင် ကျပ်ငါးသောင်းနှုန်းဖြင့် ထောက်ပံ့ပေးရန်စီစဉ်ထားသည်ဟုလည်း သိရသည်။

လက်ရှိတွင် အဆိုပါပညာရေးစင်တာများတွင် ပညာသင်ကြားရန် နွမ်းပါးသည့်ကျောင်းသူ၊ ကျောင်းသားဦးရေ ၁၀၀၀ ကျော်ခန့် စာရင်းသွင်းရရှိထားပြီဟု အဆိုပါပညာရေးစင်တာမှ သိရသည်။

သို့သော် ရန်ပုံငွေမလုံလောက်သည့်အတွက် စာသင်ရန်အဆောင်နှင့် ပညာရေးအသုံးအဆောင်ပစ္စည်းများလည်း လိုအပ်လျက်ရှိနေသည်ဟု တန်းခိုးဆရာထွန်း အခမဲ့ပညာရေးစင်တာမှ ပြန်ကြားရေးတာဝန်ခံက ဆက်ပြောသည်။

"ပညာသင်စရိတ်ကတော့ အခမဲ့ပါ။ ရန်ပုံငွေကြောင့် လုံးဝမတတ်နိုင်တဲ့သူတွေကိုမှ စာအုပ်၊ ဘောပင်၊ ခဲတံထောက်ပံ့ပေးသွားပါမယ်။ အလှူရှင်တွေက အများကြီးလိုအပ်နေတာပေါ့။ အခက်အခဲက အဆောင်မရှိသေးဘူး" ဟု ပြောသည်။

ယခုဖွင့်လှစ်မည့်ပညာရေးစင်တာကို မြို့နယ်အလိုက် လူဦးရေအပေါ်မူတည်၍ တစ်မြို့နယ်လျှင် စင်တာတစ်ခုမှ လေးခုအထိ ရှိနိုင်သည်ဟုလည်း ဆိုသည်။

ပြည်တွင်း ပြည်ပမှ စေတနာရှင်များအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ တစ်နှစ်ပတ်လုံး ပညာသင်ကြားနိုင်ရေးနှင့် စာရေးကိရိယာများအတွက် ကျောင်းသားတစ်ဦးလျှင် ကျပ်တစ်သိန်းခွဲနှုန်းဖြင့် ပါဝင်လှူဒါန်းနိုင်ကြောင်းလည်း သိရသည်။

တန်ခိုးဆရာထွန်း အခမဲ့ပညာရေးစင်တာကို ပြီးခဲ့သည့် ဇန်နဝါရီလတွင် စတင်ထူထောင်ခဲ့ခြင်းဖြစ်လည်း သိရသည်။

ရခိုင်လူမျိုးများထဲမှ ကိုလိုနီခေတ်တွင်ထင်ရှားကျော်ကြားခဲ့သည့် ရခိုင်ဂန္ထဝင် တေးရေးနှင့် စာရေးဆရာ တန်ခိုးဆရာထွန်းကို ဂုဏ်ပြုသည့်အနေဖြင့် ယခုကဲ့သို့ တန်ခိုးဆရာထွန်းအမည်ဖြင့် ပညာရေးစင်တာကို ထူထောင်ထားခြင်းဖြစ်သည်။

ရိက္ခာပြတ်ရာမှ ၆၆၆ ပွိုင့်ကုန်းက အတင်းတိုးထွက်လာသော စစ်တပ်စစ်ကြောင်း AA ဆီမှာ ချေမှုန်းခံရ
December 4, 2025
စားနပ်ရိက္ခာပြတ်လပ်မှုကြောင့် ပွိုင့် ၆၆၆ စခန်းမှထွက်ခွာလာတဲ့ စစ်အုပ်စု စစ်ကြောင်းတစ်ခုကို...
December 3, 2025
မကွေးတိုင်း၊ မင်းတုန်းမြို့တွင် စစ်ရှောင်နေသည့် ရခိုင်လူငယ်သုံးဦးသည် အကြမ်းဖက်စစ်တပ်ထံ...
December 2, 2025
အာရက္ခတပ်တော် (AA)သည် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ သိုင်းချောင်းဆည်နှင့် မင်းပြင် မိုးလေဝသ...