မွန်ပြည်နယ်မှာ ဘုန်းကြီးနဲ့သီလရှင်တွေ လိုင်စင်မဲ့ယာဉ်မစီးဖို့ အမိန့်ထုတ်ခံရ

မွန်ပြည်နယ်မှာ ဘုန်းကြီးနဲ့သီလရှင်တွေ လိုင်စင်မဲ့ယာဉ်မစီးဖို့ အမိန့်ထုတ်ခံရ
ဓာတ်ပုံ - CJ
ဓာတ်ပုံ - CJ

မွန်ပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းတွေ၊ သီလရှင်ကျောင်းတွေမှာ လိုင်စင်မဲ့ယာဉ် စီးနင်းတာနဲ့ လက်ဝယ်ထားရှိတာ မပြုလုပ်ကြဖို့ ပြည်နယ်စစ်ကောင်စီက မြို့နယ် သံဃနာယကအဖွဲ့တွေကတဆင့် ညွှန်ကြားလာပါတယ်။

ဇွန် ၄ ရက်နေ့ ရက်စွဲနဲ့ ညွှန်ကြားလာတဲ့ အကြောင်းကြားစာအရ မွန်ပြည်နယ်စစ်ကောင်စီဟာ ပြည်နယ်အတွင်းမှာ လိုင်စင်မဲ့ယာဉ်စီးနင်းတာ၊ လက်ဝယ်ထားရှိတာတွေကို စီမံချက်ချပြီး အရေးယူဆောင်ရွက်နေတယ်လို့ အသိပေးထားပါတယ်။

ဒါကြောင့် သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်စုရှိ ဘုန်းကြီးကျောင်းတိုက်တွေနဲ့ သီလရှင်ကျောင်းတွေမှာ လိုင်စင်မဲ့ယာဉ် စီးနင်းတာ၊ လက်ဝယ်ထားရှိတာတွေ မပြုလုပ်ကြဖို့နဲ့ အမြန်းဆုံး သိရှိလိုက်နာကြဖို့ စစ်ကောင်စီက အမိန့်ထုတ်လာတာဖြစ်ပါတယ်။

ဆရာတော်တစ်ပါးကတော့ ဘုန်းကြီးကျောင်းတွေက လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးပါက သာသနာရေးကိစ္စရပ်တွေအတွက် များစွာ အခက်အခဲရှိလာနိုင်တယ်လို့ သံလွင်တိုင်းမ်ကို မိန့်ဆိုပါတယ်။

“သူတို့လက်ထဲမှာရှိတာ သူတို့ လုပ်ချင်ရာလုပ်မှာပေါ့။ အခက်အခဲကတော့ ဦးဇင်းတို့ သွားရလာရ နည်းနည်းခက်သွားမှာပေါ့။ အဓိကတော့ သာသနာပြုတဲ့ကိစ္စ နည်းနည်းပါးပါးရှိမယ်။ ဒီ အလှူအတန်းတွေပေးတဲ့အခါမှာ သွားလို့လာလို့ သိပ်အဆင်မပြေတော့ဘူး။ တကယ်လို့ သိမ်းသွားရင်တော့ ဦးဇင်းတို့လည်း မတတ်နိုင်ဘူးလေ။ နိုင်ငံတော်ရဲ့ အုပ်ချုပ်မှုအောက်မှာ နေရတဲ့အတွက်ကြောင့် သူတို့လုပ်ရင်တော့ ဦးဇင်းတို့ကတော့ ဘာမှပြောပိုင်ခွင့်မရှိဘူးပေါ့” လို့ မိန့်ပါတယ်။

ဒါ့အပြင် ဘုန်းကြီးကျောင်းတွေက မော်တော်ယာဉ်အများစုဟာ သံဃာတွေသွားလာလို့ အဆင်ပြေအောင် အလှူရှင်တွေက တတ်နိုင်သလောက် စုပေါင်းပြီး လှူဒါန်းထားတာဖြစ်ပြီး အခုလို လာရောက်သိမ်းဆည်းပါက သွားလာရေးမှာ အခက်တွေ့စေတယ်လို့ ဆရာတော်က ဆက်မိန့်ပါတယ်။

တဖက်မှာ စစ်ကောင်စီကတော့ ဒေသတွင်းမှာ လိုင်စင်မဲ့ယာဉ်တွေကို နေ့ရော၊ ညပါ မြို့ဝင်၊ မြို့ထွက်နေရာတွေ၊ မော်တော်ယာဉ် သွားလာမှုများတဲ့ နေရာတွေ၊ မထင်မှတ်တဲ့ နေရာတွေအပြင် သတင်းအရဆိုကာ နေအိမ်တွေအထိ အကြီးအကျယ် ဖမ်းဆီးနေတာပါ။

ဖမ်းဆီးရမိတဲ့ လိုင်စင်မဲ့ကား၊ ဆိုင်ကယ်နဲ့ ဘေးတွဲယာဉ်တွေကိုတော့ သိမ်းဆည်းတဲ့အပြင် လိုင်စင်မဲ့ယာဉ် စီးနင်းသူတွေကို တစ်ခါတည်း ဖမ်းဆီးကာ ပို့ကုန်၊ သွင်းကုန်ဥပ‌ဒေနဲ့ အနည်းဆုံး ထောင်ဒဏ် တစ်လ ချမှတ်နေတာပဲ ဖြစ်ပါတယ်။

မြို့နယ် သံဃနာယက အဖွဲ့တွေရဲ့ အကြောင်းကြားစာအရ ဘုန်းတော်ကြီးကျောင်းတွေ၊ သီလရှင်ကျောင်းတွေမှာ လိုင်စင်မဲ့ယာဉ် စီးနင်းတာ၊ လက်ဝယ်ထားရှိတာတွေ မရှိစေဖို့ဆိုပြီး ပါရှိပေမယ့် လက်ဝယ်တွေ့ရှိပါက ဘယ်လိုပုံစံ အရေးယူသွားမလဲဆိုတာကိုတော့ ဖော်ပြထားတာ မရှိပါဘူး။

မွန်ပြည်နယ်မှာတော့ စစ်ကောင်စီဟာ လိုင်စင်မဲ့ယာဉ်တွေကို စီမံချက်နဲ့ အကြီးအကျယ် ဖမ်းဆီးနေပြီး လက်ရှိအချိန်ထိ လိုင်စင်မဲ့ကား၊ ဆိုင်ကယ်အပြင် ဘေးတွဲယာဉ်ပေါင်း ရာနဲ့ချီ ဖမ်းဆီးသိမ်းဆည်းထားကာ လိုင်စင်မဲ့ယာဉ် စီးနင်းသူတွေကိုတော့ ပို့ကုန်၊ သွင်းကုန် ဥပ‌ဒေတွေနဲ့ ဆက်လက် အရေးယူနေတယ်လို့ သိရပါတယ်။

January 15, 2026
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ဖွင့်လှစ်မယ့် ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၂၁ သင်တန်းအတွက်...
ဓာတ်ပုံ-MOI
January 14, 2026
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်တပ် ဦးဆောင်ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲ အပိုင်း ၁ နဲ့ အပိုင်း၂...
January 13, 2026
အာဏာသိမ်း စစ်တပ်ရဲ့ နိုင်ငံရေးတရားဝင်မှုရဖို့ ကြိုးပမ်းတဲ့ အပိုင်းလိုက် ရွေး ကောက်ပွဲမှာ မွန်...
ဓာတ်ပုံ-MOI
January 12, 2026
မွန်ပြည်နယ်မှာ လာမယ့်ရက်ပိုင်းအတွင်း စစ်ကော်မရှင် ဖွင့်လှစ်ဖို့ရှိနေတဲ့ စစ်မှုထမ်း အပတ်စဉ် ၂၁...