အပစ်ရပ်သက်တမ်းတိုးရန် မြန်မာကို မလေးရှား တိုက်တွန်း

အပစ်ရပ်သက်တမ်းတိုးရန် မြန်မာကို မလေးရှား တိုက်တွန်း

ဓာတ်ပုံ – စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်းကို မေ ၁၂ ရက်က စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် မြင်တွေ့ရစဉ်။

မြန်မာနိုင်ငံ၌ မေလကုန်တွင် သက်တမ်းကုန်မည့် ငလျင်အလွန် အပစ်အခတ် ရပ်စဲရေးကို သက်တမ်းတိုးရန်နှင့် ချဲ့ထွင်ရန် မလေးရှားက မေ ၂၅ ရက်တွင် တောင်းဆိုလိုက်သည်။

သို့ရာတွင် မြန်မာနိုင်ငံအတွင်း ဆက်လက်ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် အပစ်အခတ်ရပ်စဲရေး၏ ထိရောက်မှုနှင့်ပတ်သက်ပြီး မေးခွန်းထုတ်စရာ ဖြစ်နေသည်။

မတ်လနှောင်းပိုင်းက ငလျင်ကြီး လှုပ်၍ လူပေါင်း ၃,၈၀၀ နီးပါး သေဆုံးကာ သောင်းနှင့်ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ပြီးနောက် မြန်မာ အာဏာသိမ်းစစ်တပ်သည် ဘက်ပေါင်းစုံ ပြည်တွင်းစစ်၌ အပစ်အခတ် ရပ်စဲရေးကို ကြေညာခဲ့သည်။

ယခင်က သက်တမ်း တိုးဖူးသော အပစ်ရပ် သဘောတူညီချက်သည် မေလကုန်တွင် သက်တမ်းကုန်မည် ဖြစ်သော်လည်း အပစ်ရပ်သည်ဟု ကြေညာထားသည့်တလျှောက်လုံး တိုက်ပွဲများနှင့် အာဏာသိမ်းစစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေကြောင်း ပဋိပက္ခစောင့်ကြည့်သူများက ပြောသည်။

မေ ၂၅ ရက်က ဒေသတွင်း နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်က “လက်ရှိ သက်ရောက်ရာနယ်မြေတွေထက် ကျော်လွန်ပြီး အပစ်အခတ်ရပ်စဲရေးကို ချဲ့ထွင်သွားရန်နဲ့ သက်တမ်းတိုးရန်” အဆိုပြုကြောင်း ထုတ်ပြန်ချက်တရပ်က ဖော်ပြသည်။

“မြန်မာနိုင်ငံက သက်ဆိုင်သူအားလုံးအနေနဲ့ ရန်လိုတိုက်ခိုက်မှုတွေ ရပ်စဲဖို့နဲ့ အပစ်အခတ် ရပ်စဲရေးကို သက်တမ်းတိုးပြီး ချဲ့ထွင်ဖို့ ကျွန်တော်တို့ တောင်းဆိုပါတယ်၊ ဒါဟာ ပြန်လည်ထူထောင်ရေးအတွက် ရှည်လျား ခက်ခဲတဲ့ လမ်းကြောင်းကို လွယ်ကူစေအောင်၊ မြန်မာပြည်သူတွေရဲ့ ဒုက္ခတွေ ပြေငြိမ်းအောင်အတွက် ဖြစ်ပါတယ်” ဟု သူက အစည်းအဝေး အဖွင့်မိန့်ခွန်းတွင် ပြောသည်။

အပစ်ရပ်သော်လည်း စစ်ကောင်စီသည် လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုများကို ဆက်လက် ကျူးလွန်နေဆဲဖြစ်သည်ဟု ကုလသမဂ္ဂနှင့် လွတ်လပ်သော ပဋိပက္ခစောင့်ကြည့်သူများက ပြောကြသည်။

အာဏာသိမ်းမှု ဆန့်ကျင်သော တပ်ဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အများအပြားကလည်း ရန်လိုတိုက်ခိုက်မှုများ ရပ်ဆိုင်းရန် ကတိကဝတ် ပြထားကြသည်။

သို့ရာတွင် အာဏာသိမ်းမှု ဆန့်ကျင်ရေးတပ်ဖွဲ့များက စစ်ကောင်စီ ထိန်းချုပ်ထားသော မြို့များကို ဝိုင်းရံပိတ်ဆို့ထား၍ နေရပ်ရွှေ့ပြောင်းကြရသည်ဟု မြန်မာနိုင်ငံအရှေ့ပိုင်းရှိ ဒေသခံအချို့က ပြောသည်။

အာဏာသိမ်းချိန်မှ နောက်ပိုင်း လူပေါင်း ၆,၆၀၀ ကျော် သေဆုံးခဲ့ပြီး နေရပ်စွန့်ခွာရသူပေါင်း သန်းနှင့်ချီ ရှိသည်ဟု နိုင်ငံရေးအကျဉ်းသားများ အကူအညီပေးရေးအဖွဲ့ AAPP အရ သိရသည်။

နိုင်ငံ ၁၀ နိုင်ငံ ပါဝင်သော အာဆီယံ၏ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် မလေးရှားနိုင်ငံက လက်ရှိ တာဝန်ယူထားပြီး မေလ ၂၆ ရက်တွင် ကွာလာလမ်ပူက ထိပ်သီးအစည်းအဝေး၌ အာဆီယံနိုင်ငံ ခေါင်းဆောင်များ တွေ့ဆုံစည်းဝေးကြမည်ဖြစ်သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် ဖြစ်ပွားပေါ်ပေါက်နေသော မြန်မာပဋိပက္ခ အဆုံးသတ်ရေးအတွက် အာဆီယံအဖွဲ့ ဦးဆောင်သော သံတမန်ရေးရာ ကြိုးပမ်းမှုများက ယခုထက်ထိ အရာထင်ခြင်း ရှိမလာသေးပေ။

မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်က ရန်လိုမှုများ ချက်ချင်း ရပ်တန့်ရန်နှင့် မြန်မာနိုင်ငံ၏ မြို့တော် နေပြည်တော်သို့ သွားရောက်မည့် အထူး ကိုယ်စားလှယ်တဦး ခန့်အပ်ရန်က အရေးအကြီးဆုံး အချက်နှစ်ချက်ဖြစ်သည်ဟု အလေးပေး ပြောဆိုသည်။

မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်ကလည်း မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ဘန်ကောက်မြို့၌ ဧပြီလအတွင်းက တွေ့ဆုံခဲ့ပြီး အပစ်အခတ်ရပ်စဲရေးကို လေးစားလိုက်နာရန် တိုက်တွန်းခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်က ဇွန်လတွင် အာဆီယံ ကိုယ်စားလှယ်အဖြစ် နေပြည်တော်သို့ သွားရောက်မည်ဖြစ်ကြောင်း သတင်းထောက်များအား မေလ ၂၅ ရက်တွင် ပြောသည်။

“ဆယ်စုနှစ်တွေနဲ့ချီတဲ့ တဖက်နဲ့ တဖက် စစ်ခင်းနေကြတာ ဆယ်စုနှစ်တွေ ကြာပြီမို့ ကျွန်တော်တို့အနေနနဲ့ စိတ်ရှည်ရှည်နဲ့ ဖြေရှင်းနိုင်အောင် ကြိုးစားသွားရပါမယ်” ဟု ၎င်းက ပြောခဲ့သည်။

Most read this week

December 4, 2025
မြဝတီမြို့နယ်တောင်ဘက်၊ ဖလူး၊ မင်းလက်ပံဒေသအနီးတဝိုက်တွင် စစ်ကော်မရှင်တပ်နှင့် ကရင်အမျိုးသား...
December 3, 2025
အာဏာသိမ်း စစ်ကော်မရှင်တပ်နှင့် မြန်မာတော်လှန်‌ရေးအင်အားစုများကို အင်ဒိုနီးရှားက...
December 2, 2025
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အရှေ့ခြမ်းရှိ နတ်မှော်ဦးကျေးရွာကို ကော်မရှင်တပ်ဖွဲ့က...
December 1, 2025
မကွေးတိုင်း၊ ရေစကြိုမြို့ နယ် တောင်ခြမ်း၊ ရွာသစ်ကျေးရွာအနီးရှိ ကင်းစခန်း တခုတွင်...