စစ်ဘေးရှောင်စခန်းတချို့မှာ မိုးရာသီအမီ အမိုးအကာရရှိဖို့ အကူအညီလိုအပ်နေ

စစ်ဘေးရှောင်စခန်းတချို့မှာ မိုးရာသီအမီ အမိုးအကာရရှိဖို့ အကူအညီလိုအပ်နေ

ကရင်နီပြည်မှာ မေလ လဆန်းကတည်း မိုးရွာ၊ လေပြင်းတိုက်ခတ်မှုတွေရှိတာကြောင့် စစ်ဘေးရှောင်စခန်းတချို့မှာ တဲအိမ်အမိုးအကာ ပျက်စီးမှုရှိနေပြီး အကူအညီလိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

“မိုးနည်းနည်းပဲ ရွာရင် ကိစ္စမရှိဘူးလေးနော၊ ကျမတို့နေတဲ့ နေရာက လေတိုက်တဲ့ လမ်းကြောင်းဖြစ်နေတော့ လေတိုက် မိုးကြီးရွာဆို ကျမအိမ်ဆို အကုန်လုံး မိုးယိုတယ်။ ပထမတစ်ရက်နှစ်ရက်ဆို ညအချိန်မိုးရွာရင် အိပ်ယာအကုန်လုံးစိုသွားတယ်။ တကွက်တကွက်ကျန်တဲ့ နေရာမှာပဲ ကလေးအတွက် ပေးသိပ်ရတာပေါ့နော်။ အဲ့တော့ မိုးကာလည်း မဝယ်နိုင်တော့ တော်တော်ခက်ခဲတယ်” လို့ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက လယ်တော ၃ စစ်ဘေးရှောစခန်းက အိမ်ရှင်မတစ်ဦးက ဆိုပါတယ်။

စစ်ဘေးရှောင်ကာလ ကြာမြှင့်လာတာနဲ့အမျှ အဖက်ဖက်က လိုအပ်ချက် များပြားနေဆဲဖြစ်သလို ထောက်ပံ့ပေးတဲ့ အလှူရှင်အဖွဲ့အစည်းလည်း နည်းပါးလာပြီး မိုးကာလှူဒါန်းပေးတဲ့သူလည်း မရှိတော့ဘူးလို့ ဆိုပါတယ်။

မိုးရာသီကာလ ရောက်ရှိနေပြီဖြစ်တာကြောင့်လည်း အမိုးအကာအတွက် အကူအညီ တောင်းခံမှုများပြားနေပါတယ်။

“အိမ်တိုင်းပဲ လိုအပ်တယ်။ ဒီမှာနေတာ မိုးကာမရတာလည်း ကြာပြီပေါ့။ ဆောက်ထားတဲ့ မိုးကာက တစ်နှစ်ဆို လဲရမယ်၊ ဒါပေမယ့်လည်း ကိုယ့်မှာလည်း အခက်အခဲနဲ့ဆိုတော့ အလှူလည်းမရဆိုတော့ တစ်နှစ်တစ်ခါလဲဖို့လည်း အဆင်မပြေဘူးဖြစ်နေတာပေါ့။ မိုးတအားများ လေတိုက်တဲ့ချိန်မှာပဲ ကျမတို့ ပြဿနာတွေ့ရတာပေါ့။ အခုလည်း မိုးရာသီလည်း မဟုတ်သေးတော့ မိုးရာသီဆို မတွေးရဲစရာတွေတော့ ဖြစ်တာပေါ့” လို့ စစ်ရှောင်စခန်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ်အတွင်းက စစ်ရှောင်စခန်းတွေမှာ စားနပ်ရိက္ခာလိုအပ်ချက်အပြင် အမိုးအကာလည်း လိုအပ်မှုတွေကြောင့် နာမည်စာရင်းနဲ့တကွ အကူအညီတောင်းခံတဲ့ စစ်ရှောင်စခန်း ၆ ခုထက်မနည်းရှိတယ်လို့ စစ်ရှောင်ကူညီသူထံကနေ သိရှိရပါတယ်။

လက်ရှိ မိုးကာ ၁၅ ပေပတ်လည် တစ်ထည်ကို ၆ သောင်းဝန်းကျင်၊ ၁၈ ပေ ပတ်လည်တစ်ထည်ကို ၈ သောင်းကျပ်ဝန်းကျင်၊ ၂၁ ပေ ပတ်လည်တစ်ထည်ကို တစ်သိန်းကျော် စတဲ့ ဈေးနှုန်းအသီးသီး ရှိပါတယ်။

Most read this week

August 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်သည် ဒေါပိုရှေ့ကျေးရွာ၌...
ဓာတ်ပုံ - ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်တစ်ခုသို့ ရောက်ရှိလာသည့် ကရင်နီဒုက္ခသည်များကို တွေ့ရစဉ်/Photo Credit - ณรงค์เวทย์ มหเศรษฐพงษ์ (Facebook)
August 14, 2026
ထိုင်းအစိုးရ အစီအစဉ်ဖြင့် ကရင်နီ ဒုက္ခသည်လူငယ်များ လုပ်ငန်းခွင်အသီးသီး၌ တရားဝင် အလုပ်လုပ်ကိုင်နေ...
August 13, 2026
ကရင်နီပြည် အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းတွင် တစ်လကျော်ကာလအတွင်း ၆ လအရွယ် မိန်းကလေးငယ်...
August 13, 2026
စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက် ဖြစ်ပွားနေသည့်အတွက် အာဆီယံ နိုင်ငံများအနေဖြင့်...