ရာမညမွန်တပ်တော်မှာ မွန်တပ်ဖွဲ့တွေအားလုံးပါဝင်ဖို့ ကြိုးပမ်းသွားမယ်

ရာမညမွန်တပ်တော်မှာ မွန်တပ်ဖွဲ့တွေအားလုံးပါဝင်ဖို့ ကြိုးပမ်းသွားမယ်
ဓာတ်ပုံ - NMSP
ဓာတ်ပုံ - NMSP

ရာမညမွန်တပ်တော် RMA မှာ စု‌ပေါင်းခေါင်းဆောင်မှုနဲ့ မွန်လက်နက်ကိုင်တပ်တွေအားလုံး တစုတစည်းတည်းပါဝင်နိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSP AD ပြောရေးဆိုခွင့်ရှိသူက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မွန်ပြည်သစ်ပါတီ AD ရဲ့ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA AD နဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA တို့ ပေါင်းစည်းပြီး ရာမညမွန်တပ်တော် RMA ကို မေ ၂၄ ရက်နေ့မှာ ဖွဲ့စည်းလိုက်တာပါ။

စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့် အပြည့်အဝရှိတဲ့ မွန်ပြည်ပေါ်ထွန်းရေး ရည်ရွယ်ချက်နဲ့ မွန်လက်နက်ကိုင်တပ်နှစ်တပ်ကို ရာမညမွန်တပ်တော် RMA အဖြစ် ပေါင်းစည်းလိုက်တာဖြစ်ပါတယ်။

မွန်ပြည်သစ်ပါတီ AD ပြောခွင့်ရ နိုင်ကောင်းစကားက အဆင်သင့်ဖြစ်နေတဲ့ နှစ်ဖွဲ့ကို ကနဦးပေါင်းစည်းတဲ့ သဘောဖြစ်လို့ ရာမညမွန်တပ်တော်မှာ အားလုံးပါဝင်လာနိုင်အာင် ဆက်လက်ကြိုးစားသွားမယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့လည်း ဒီလိုမျိုးတစ်စုတစ်စည်းတည်း တစ်တပ်တည်းဖြစ်ဖို့အတွက် ဆက်လက်ကြိုးစားသွားမှာဖြစ်တယ်။ အခုလောဆယ်တော့ အဆင်သင့်ဖြစ်နေတဲ့ နှစ်ဖွဲ့ကို ကနဦး ပေါင်းစည်းလိုက်တဲ့ သဘော၊ တစ်ဖွဲ့တည်းအဖြစ် ဖွဲ့စည်းလိုက်တဲ့ သဘောဖြစ်တယ်။ ကျန်တဲ့ မွန်လက်နက် ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေရော တခြားသော မွန်ဒေသအခြေစိုက် PDF တွေရော အားလုံးပါဝင်နိုင်ဖို့အတွက်လည်း ကျွန်တော်တို့ ဆက်လက်ကြိုးစားသွားမှာဖြစ်တယ်” လို့ ဆိုပါတယ်။

ရာမညမွန်တပ်တော် RMA ဟာ မွန်လူမျိုးတွေ တည်ရှိတဲ့ မွန်ပြည်နယ်အပါအဝင် ဆက်စပ်ဒေသတွေထဲမှာလည်း စစ်ရေးလှုပ်ရှားသွားဖို့ ရှိနေပြီး တပ်ဖွဲ့ဝင်အင်အားကိုတော့ လုံခြုံရေးအရ ထုတ်ပြောခြင်း မရှိပါဘူး။

မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA AD နဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA တို့ အလုံးစုံပေါင်းစည်းတာဖြစ်လို့ နှစ်ဘက်အဖွဲ့ ခေါင်းဆောင်တွေ ပါဝင်တဲ့ မွန်ပြည်သစ်ပါတီ AD နိုင်ငံရေးစစ်ရေးကော်မတီကို အဖွဲ့ဝင် ၂၆ ဦးနဲ့ ဖွဲ့စည်းပါတယ်။

အဲဒီထဲက ၉ ဦးကို ရွေးချယ်ပြီး ဥက္ကဌ နိုင်ဇေယျ၊ ဒုဥက္ကဌ နိုင်လယီကောင်းနဲ့ အတွင်းရေးမှူး နိုင်ဗညားလယ်တို့ ပါဝင်တဲ့ မွန်ပြည်သစ်ပါတီ AD နိုင်ငံရေးစစ်ရေးကော်မတီကို ဖွဲ့စည်းကာ ရာမညမွန်တပ်တော် RMA ကို ဦးဆောင်မယ်လို့ နိုင်ကောင်းစကားက ရှင်းပြပါတယ်။

“နှစ်ဘက်ပါဝင်တဲ့ ခေါင်းဆောင်ကို ကျွန်တော်တို့ ဖွဲ့စည်းလိုက်ခြင်းဖြစ်တယ်။ ဒါစုပေါင်းခေါင်း ဆောင်မှုလို့လည်း ပြောလို့ရတယ်။ ဒါက နိုင်ငံရေး ဦးဆောင်အဖွဲ့အနေနဲ့ NMSP AD ဆိုတဲ့ နာမည်ကို ကျွန်တော်တို့ ဆက်ရှိနေမှာပေါ့” လို့ ဆိုပါတယ်။

ရာမညမွန်တပ်တော် RMA ရဲ့ စစ်ရေးဆိုင်ရာလုပ်ငန်းတွေကို အကောင်အထည်ဖော်ဖို့ မွန်ပြည်သစ်ပါတီ AD နိုင်ငံရေးစစ်ရေးကော်မတီ ဦးဆောင်မှုနဲ့ အဖွဲ့ ဝင် ၇ ဦး ပါတဲ့ စစ်ကော်မတီကိုလည်း ဖွဲ့စည်းခဲ့တာပါ။

စစ်ဦးစီးချုပ်အဖြစ် ဗိုလ်မှူးချုပ်စလွန်းထော၊ ဒုစစ်ဦးစီးချုပ် (၁) ဗိုလ်မှူးကြီးစိုးဝင်းနဲ့ ဒုစစ်ဦးစီးချုပ် (၂) ဗိုလ်မှူးကြီးကျည်ဆံတို့ကို ခန့်အပ်တာဝန်ပေးထားတယ်လို့ နှစ်ဘက်အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ကော်မတီ ၇ ဦးထဲမှာလည်း မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA AD နဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA တို့ရဲ့ စစ်ဘက်ရေးရာခေါင်းဆောင်တွေ ပါဝင်ပူးပေါင်းထားတာ ဖြစ်ပါတယ်။

MLA ရဲ့ ပြောခွင့်ရ ဗညားမင်းကံစီက “ကျွန်တော်တို့ ထုတ်ပြန်ချက်မှာပါတဲ့ ရည်ရွယ်ချက်အတိုင်း ပူးပေါင်းတယ်။ NMSP AD ဆိုတာ နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်တယ်။ MNLA MLA ဆိုတဲ့ တပ်နှစ်ခုဟာ RMA ရာမညမွန်တပ်တော်အဖြစ် ပြောင်းလဲပြီး စုပေါင်းခေါင်းဆောင်မှုစနစ်နဲ့ လုပ်သွားမှာပါ” လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိတဲ့ မွန်ပြည်ပေါ်ထွန်းရေးနဲ့ စစ်အာဏာရှင်စနစ် အမြန်ဆုံးချုပ်ငြိမ်းရေးအတွက် မွန်ပြည်သစ်ပါတီ AD ၊ ရာမညမွန်တပ်တော် NMSP AD/RMA တို့ဟာ အဖိနှိပ်ခံ ဘဝတူ တိုင်းရင်းသားတော်လှန်ရေး မဟာမိတ်အဖွဲ့အစည်းတွေ၊ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့အတူ ပူးပေါင်းတိုက်ပွဲဝင်သွားမယ်လို့ အသိပေးထားတာပါ။

လက်ရှိ မွန်လူမျိုးအခြေပြု လက်နက်ကိုင်တော်လှန်ရေးတပ်တွေထဲမှာ ရာမညမွန်တပ်တော်နဲ့ မွန်တပ်ဖွဲ့လေးဖွဲ့ကနေ စုဖွဲ့ထားတဲ့ ရာမညပူးတွဲစစ်ကြောင်းတို့ရှိနေပြီး ဗျူဟာမြောက်စစ်ဆင်ရေးတွေ ဆင်နွှဲနိုင်ခြင်း မရှိသေးပါဘူး။

Photo credit - social media
December 4, 2025
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကော့ထင်းကျေးရွာမှာ စစ်ကော်မရှင် ရွေကောက်ပွဲ ဆန့်ကျင်ရေး...
Photo credit - social media
December 3, 2025
အာဏာသိမ်း စစ်တပ် ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေး ပဋိပက္ခပြသနာတွေကို...
photo credit - CJ
December 2, 2025
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် စပ်ပြဲကျေးရွာထဲ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာတာကြောင့်...
Photo credit - MOI
December 1, 2025
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်ကော်မရှင် လစဉ်ဖွင့်လှစ်နေတဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်းအတွက်...