KIA ကပစ်ချပြီး မီးလောင်ပျက်ကျနေတဲ့ ရဟတ်ယာဉ်ဘေးမှာ စစ်ကောင်စီ ဗိုလ်ကြီးအလောင်းတစ်လောင်း တွေ့ရကြာင်း ဗိုလ်မှူးကြီးနော်ဘူ အတည်ပြု

KIA ကပစ်ချပြီး မီးလောင်ပျက်ကျနေတဲ့ ရဟတ်ယာဉ်ဘေးမှာ စစ်ကောင်စီ ဗိုလ်ကြီးအလောင်းတစ်လောင်း တွေ့ရကြာင်း ဗိုလ်မှူးကြီးနော်ဘူ အတည်ပြု

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ပေါင်းစုကနေ ပစ်ချလိုက်ပြီး မီးလောင်ပျက်ကျနေတဲ့ ရဟတ်ယာဉ်ဘေး အနီးတစ်ဝိုက်မှာ စစ်ကောင်စီ ဗိုလ်ကြီးအလောင်းတစ်လောင်းကို တွေ့ရှိရကြောင်း KIO/KIA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို အတည်ပြုပြောပါတယ်။

ပျက်ကျခဲ့တဲ့ ရဟတ်ယာဉ်ရှိရာဆီ KIA ဘက်က သွားရောက်ကြည့်ရှုခဲ့တဲ့အချိန် မီးလောင်နေတဲ့အတွက် အနီးကပ် စစ်ဆေးလို့မရသေးပေမဲ့ မီးလောင်နေတဲ့အနီးမှာ စစ်ကောင်စီတပ်ရဲ့ ဗိုလ်ကြီးအဆင့်ရှိတဲ့ အလောင်းတစ်လောင်းကိုတော့ တွေ့ရှိရကြောင်း ဗိုလ်မှူးကြီးနော်ဘူက အခုလို ကနဦး အတည်ပြုပြောပါတယ်။

"လေယာဉ်ပျက်ကျပြီးမှ မီးလောင်တဲ့နေရာမှာ မနေ့က မိုးချုပ်တဲ့အထိ ကျွန်တော်တို့ သက်ဆိုင်ရာလူတွေ သွားရောက်ကြည့်ရှုစစ်ဆေးတာ။ လေယာဉ်က မီးလောင်နေလို့ အနီးကပ်တော့ မရဘူးတဲ့။ အဲဒါကြောင့် ကနဦး သေတယ်ဆိုတာလည်း သူတို့ ဘာမှကြည့်လို့ မဖြစ်သေးဘူးလို့ ပြောတယ်။ ဒါပေမဲ့ မီးလောင်တဲ့နားမှာ ဗိုလ်ကြီးအဆင့်ရှိတဲ့ အလောင်းတစ်လောင်းတွေ့တယ်။ ဒါတော့ အတည်ပြုပေးလို့ရပါတယ်" လို့ ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။

မနေ့က မေလ ၂၀ ရက်နေ့ မွန်းလွဲပိုင်း ၁ နာရီအချိန်လောက်မှာ ဗန်းမော် စကခ ၂၁ ဌာနာချုပ်အနီးဘက် ရဟတ်ယာဉ် ၃ စင်းနဲ့ တပ်သားအင်အား လာဖြည့်တဲ့အချိန် ရဟတ်ယာဉ် ၃ စင်းကို ပစ်ခတ်တဲ့အချိန် ၂ စင်းကို ထိမှန်ခဲ့တာပါ။

အဲဒီလိုထိမှန်တဲ့အချိန် တစ်စင်း ပျက်ကျခဲ့တာလည်း ဖြစ်ပါတယ်။

၂ စင်းထိမှန်တဲ့အထဲက တစ်စင်းဟာ ရွှေကူမြို့ဘက် အရေးပေါ်ဆင်းသက်ခဲ့ပြီး တစ်စင်းကတော့ ရွှေကူမရောက်မီ ၁၅ မိုင်လောက်အလို တောထဲမှာ ပျက်ကျခဲ့တယ်လို့ သိရှိရတဲ့အပြင် ကျန်တစ်စင်းကတော့ မြစ်ကြီးနား၊ နမ့်ပေါင်လေတပ်စခန်းဘက် ဆင်းသက်သွားတယ်လို့ သိရတာပါ။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ပေါင်းစုကနေ ပစ်ချနိုင်ခဲ့တဲ့ ရဟတ်ယာဉ်တစ်စင်းကို ရုတ်တရက် စက်ချို့ယွင်းပြီး မတော်တဆ ပျက်ကျမှုဖြစ်စဉ်ဖြစ်ပွားခဲ့တယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လာပါတယ်။

အထက်ပါ ရဟတ်ယာဉ်ပျက်ကျခဲ့မှုအတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေက လိုအပ်တဲ့ စစ်ဆေးမှုတွေ ဆောင်ရွက်လျက်ရှိကြောင်းနဲ့ ရဟတ်ယာဉ်ပျက်ကျတဲ့နေရာတစ်ဝိုက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ သွားရောက်ကာ ရှာဖွေကယ်ဆယ်ရေးနဲ့ လိုအပ်တဲ့ လုံခြုံရေးလုပ်ငန်းတွေ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရှိတယ်လို့လည်း တစ်ဆက်တည်းမှာပဲ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ပါရှိတာပါ။

စစ်ကောင်စီဘက်က အဲဒီလို သတင်းထုတ်ပြန်မှုတွေ ရှိနေပေမဲ့ တစ်ဖက်မှာတော့ လူမှုကွန်ရက်စာမျက်နှာပေါ်တွေမှာ ပျံ့နှံ့နေတဲ့ ရုပ်သံဖိုင်တွေအရ ပျက်ကျခဲ့တဲ့ ရဟတ်ယာဉ်ဟာ မီးလောင်နေတဲ့အပြင် စစ်ကောင်စီတပ်သားအချို့ သေဆုံးနေတဲ့ အနေအထားကိုလည်း မြင်တွေ့ရပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း ဝိုင်းမော်မြို့နယ်၊ ကန်တော်ယန်ကျေးရွာအနီးက နာဖော့တောင်မှာ စစ်ကောင်စီရဲ့ ရဟတ်ယာဉ်တစ်စီးကို KIA ရှေ့တန်းတပ်စခန်းကနေ ပစ်ချခဲ့တဲ့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာအနီး စစ်ကောင်စီတပ်ရဲ့ ဂျက်ဖိုက်တာတစ်စင်းကိုလည်း ပစ်ချနိုင်ခဲ့တာပါ။

December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...
Photo credit - CJ
December 1, 2025
စစ်အုပ်စုရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း...