ဖားကန့်ဘက် စစ်ကြောင်းထိုးနေတဲ့ စစ်တပ်က ပြည်သူပိုင်ပစ္စည်း ခိုးယူ၊ တံတားညီနောင်မှာ တိုက်ပွဲဆက်ဖြစ်နေ

ဖားကန့်ဘက် စစ်ကြောင်းထိုးနေတဲ့ စစ်တပ်က ပြည်သူပိုင်ပစ္စည်း ခိုးယူ၊ တံတားညီနောင်မှာ တိုက်ပွဲဆက်ဖြစ်နေ
ဖားကန့်လမ်းပိုင်း အရပ်သား‌နေအိမ် ဖောက်ထွင်းခံရမှုမြင်ကွင်း။
ဖားကန့်လမ်းပိုင်း အရပ်သား‌နေအိမ် ဖောက်ထွင်းခံရမှုမြင်ကွင်း။

ဖားကန့်ဘက်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်တွေက နန့်ယားကျေးရွာရှိ ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို ဖောက်ထွင်းပြီး အိမ်တွင်းရှိ တန်ဖိုးရှိ ပစ္စည်းတွေကို ကားအကြီးတွေနဲ့ ခိုးထုတ်ယူနေတယ်လို့ ဒေသခံများထံမှ သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းတွေက KIA သိမ်းပိုက်ထားတဲ့ နန့်ယားကျေးရွာမှာ မေလဆန်းပိုင်းမှာ ဝင်ရောက်နိုင်ခဲ့ပြီးတော့ ယခုရက်ပိုင်းအတွင်း ဒေသခံပြည်သူတွေ စွန့်ခွာထားတဲ့ နေအိမ်တွေကို ဖောက်ထွင်းပြီး တန်ဖိုးရှိ ပစ္စည်းတွေကို ကားအကြီးတွေနဲ့ ကားမိုင်းဘက်ကို သယ်ယူနေတယ်လို့ နန့်ယားဒေသခံတစ်ဦးက KNG ကို ပြောပါတယ်။

“ကျနော်တို့ ဒေသခံပြည်သူတွေက ပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို အကုန်လုံးထားခဲ့ရတယ်။ ဒီတစ်ခေါက် စစ်ဘေးက ဘာပစ္စည်းတစ်ခုမှ မသယ်ယူနိုင်ခဲ့ဘူး။ စစ်ကြောင်းတွေက နန့်ယားကနေ ကျော်တက်ပြီး ကပ်မှော်၊ ဆိုင်းဖရာရွာဘက်ကို ပြန်ရောက်သွားပြီ။ တစ်ကြောမှာ စစ်ကြောင်းက တစ်ပတ်လောက်ကြာတယ်။ နန့်ယားကျော်သွားတာနဲ့ ရွာမှာရှိတဲ့ ပြည်သူတွေရဲ့ နေအိမ်တိုင်းကို ရိုက်နက်ဖောက်ထွင်းပေးလိုက်တယ်။ သေတ္တာတွေက အစဘာမှမကျန်တော့ဘူး ပစ္စည်းတွေကို ကားအကြီးနဲ့တင်ပြီး ကားမိုင်းဘက်ကို သယ်ယူသွားတယ်။ ပစ္စည်းသယ်ယူတာက ရှေ့တန်းက သူတွေတော့မဟုတ်ဘူး။ နောက်တန်းကနေ လိုက်ပြီး လိုက်သယ်ယူပေးနေတာဟုတ်တယ်” လို့ ပြောပါတယ်။

နန့်ယားကျေးရွာအပါအဝင် စစ်ကောင်စီတပ် ဝင်ရောက်သွားတဲ့ ကပ်မှော်၊ ဆိုင်းဖရာ စတဲ့ ကျေးရွာရှိ ပြည်သူပိုင်ပစ္စည်းတွေကို ဖောက်ထွင်းပြီး သယ်ယူနေတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ရှေ့တန်းကသွားတဲ့ စစ်ကြောင်းတွေ ဝင်ရောက်သွားပြီးနောက် နောက်တန်းကနေလိုက်တဲ့ စစ်ကြောင်းတွေက ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူနေတာလို့ သိရပါတယ်။

ဧပြီလ ၂‌၃ ရက်ကစပြီး ဖားကန့်ဘက်ကို ဦးတည်ပြီး စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းတွေဟာ ရက်ပေါင်း ၂၀ အကြာ မအူပင်၊ ကျောက်ထု၊ ကွမ်ကထောင်၊ နန့်ယား၊ ကပ်မှော်၊ ဆိုင်းဖရာ စတဲ့ ကျေးရွာတွေကို ကျော်ဖြတ်နိုင်ခဲ့ပြီး လက်ရှိမှာ တံတားညီနောင်ကျေးရွာအကျော် တောင်ကုန်ကုန်း (Tawng Kung Kadawng) နေရာမှာ ရောက်ရှိနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းတွေ တောင်ကုန်ကုန်းနေရာကို ရောက်ရှိဖို့ရန်အတွက် မေလ ၁၈ ရက်နေ့မှာ တံတားညီနောင်နဲ့ တောင်ကုန်ကုန်းတဝိုက် KIA ပူးပေါင်းတပ်တွေရဲ့ ခုခံတိုက်ခိုက်ခံရပြီး စစ်ကြောင်းက ဆက်မတက်နိုင်ဘဲ တံတားညီနောင်ဘက်ကို စစ်ကြောင်း အနည်းငယ် တပ်ဆုတ်ထားတယ်လို့ ဖားကန့် ဒေသခံတစ်ဦးက အခုလို ဆက်ဆိုထားပါတယ်။

“မနေ့က တံတားညီနောင်တစ်ကြောမှာ မနက်ပိုင်း ၈ နာရီလောက်ကနေ တိုက်ပွဲဖြစ်တာ ညနေပိုင်း ၂ နာရီဝန်းကျင်လောက်အထိဖြစ်တယ်။ တိုက်ပွဲက အဓိက တောင်ကုန်ကုန်းတဝိုက်မှာဖြစ်ကြတာ။ ဒီကနေ့တော့ အခုချိန်အထိ တိုက်ပွဲပြန်ဖြစ်တယ်ဆိုတာတော့ မကြားမိသေးပါဘူး။ တိုက်ပွဲအခြေအနေက စစ်တပ်က လှုပ်ရှားလာမှ ဖြစ်တာ သူတို့ဘက်က ငြိမ်နေရင် တိုက်ပွဲကမဖြစ်တဲ့ သဘောပါ” လို့ ပြောပါတယ်။

မေလ ၁၈ ရက်နေ့ ညနေပိုင်းဖြစ်တဲ့ တိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်မှုများတဲ့အတွက် ညနေပိုင်း ၃ နာရီလောက်မှာ KIA တပ်တွေရှိနိုင်တဲ့ နေရာတွေကို လေကြောင်းနဲ့ လာရောက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ကားမိုင်းလမ်းကြောင်းဘက်ကနေ တက်လာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းတွေဟာ တက်လာတဲ့ လမ်းကြောင်းတစ်လျှောက် ရက်ပေါင်း ၂၀ ကျော်အတွင်းမှာ စစ်တေပ်ဘက်က သေဆုံးသူ ၁၀၀ ကျော်မနည်းရှိနိုင်တယ်လို့ သတင်းအရင်းအမြစ်တွေက ပြောဆိုထားပါတယ်။ တိုက်ပွဲအတွင်း နှစ်ဖက်တပ် ထိခိုက်သေဆုံးမှုများတယ်လို့ သတင်းအရင်းအမြစ်တွေ ပြောပြပေမယ့် KNG အနေနဲ့ သေးစိတ်အတည်ပြုနိုင်ခြင်းမရှိပါဘူး။

ဖားကန့် ဘက်ကိုတက်လာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းတွေဟာ လေကြောင်းအပါ ဒရုန်းနဲ့ တိုက်ခိုက်ပြီး ထိုးတက်နေတာဖြစ်ပြီး များသောအားဖြင့် စစ်တပ်လက်အောက်မှာရှိတဲ့ ဝါရာဇွပ်ပြည်သူ့စစ်၊ ကားမိုင်းပြည်သူ့စစ်၊ ဝိုင်းမော်ပြည်သူ့စစ် ပူးပေါင်းတပ်တွေကို အဓိက အင်အားအသုံးပြုပြီး ထိုးစစ်ဆင်နေတာဖြစ်တယ်လို့ သိရပါတယ်။

တစ်ဖက်မှာ တိုက်ပွဲကြောင့် ဖားကန့် လမ်းမပေါ်မှာရှိတဲ့ နန့်ယား၊ ဆိုင်းဖရာ၊ ဂေါ့လူယန်၊ ကပ်မှော်၊ တံတားညီနောင် စတဲ့ ကျေရွာနေပြည်သူတွေက စစ်ရှောင်ကာလ ကြာမြင့်လာတဲ့အတွက် စစ်ရှောင်အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

နန့်ယားကျေးရွာဒေသခံတစ်ချို့က အစားအသောက်အခက်အခဲကြောင့် ရွာထဲကိုဝင်ပြီး အစားအသောက်တွေ သွားယူဖို့ ဝင်ရောက်လာတဲ့ အရပ်သားပြည်သူတွေကိုလည်း စစ်တပ်က ဖမ်းဆီးပြီး နန့်ယားဘုန်းကြီးကျောင်းထဲမှာ လူသားဒိုင်းအသုံးပြုခံရတဲ့သူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

ဖားကန့်လမ်းပေါ် ရှိတဲ့ နန့်ယား၊ ကပ်မှော်၊ ခွမ်စိုင်ဇွပ်၊ ဆိုင်းဖရာ၊ တံတားညီနောင်၊ ကပ်မှော် နဲ့ နန်တိန့် စုစုပေါင်း ကျေးရွာ ၁၁ ရွာခန့်က စစ်တပ်အာဏာသိမ်းပြီးနောက် မကြာခဏ စစ်ဘေးရှောင်နေရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဧပြီလအတွင်းမှာ KIA ပူးပေါင်းတပ်တွေက စစ်တပ်အထိုင်ချထားတဲ့ နန့်ယားနဲ့ နန်တိန့် ကျေးရွာနှစ်ခုစလုံးကို သိမ်းပိုက်လိုက်ပြီးနောက် ဖားကန့် လမ်းတစ်လျှောက်ကို KIA က အပြီးသတ်ထိန်းချုပ်လိုက်ပြီး အုပ်ချုပ်ရေးယန္တရားလည်ပတ်နေတာ တစ်နှစ်ခန့်ကြာမြင့်လာပြီဖြစ်ပါတယ်။

တစ်နှစ်ပြည့်တဲ့ ဧပြီလကုန်ပိုင်းမှာပဲ စစ်တပ်ဟာ ဖားကန့်ကို ထိုးစစ်ဆင်ဖို့ ဖားကန့်ကို ဝင်လို့ရတဲ့ လမ်းမကြီး ၃ နေရာကနေ စစ်အင်အား တစ်ထောင်ဝန်းကျင်ခန့်နဲ့ ထိုးစစ်တိုက်ခိုက်နေတာဖြစ်ပါတယ်။

ဒါကြောင့် စစ်အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ ကားမိုင်းလမ်း၊ အင်းတော်ကြီးလမ်း၊ ဆယ်ဇင်း -တာမခံလမ်း စတဲ့ လမ်းမကြီး ၃ နေရာမှာ စစ်ကောင်စီတပ်၊ ပြည်သူ့စစ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်နေတာ တစ်လဝန်းကျင်ခန့် ကြာမြင့်လာပြီဖြစ်ပါတယ်။

December 4, 2025
မြန်မာနိုင်ငံရဲ့ လုပ်ငန်းခွင် အများစုက “ကိုယ်လက်အင်္ဂါ ကျန်းမာသန်စွမ်းရမည်“ လို့ သတ်မှတ်ချက်တွေ...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
Photo credit - CJ
December 2, 2025
စစ်ကိုင်းနဲ့ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ပတ်ဝန်းကျင်တစ်ဝှိုက်...