ရှမ်းပြည်တောင်ပိုင်းရှိ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတွင် ငလျင်ကြောင့် ပျက်စီးသွားသော နေအိမ်များကို ကန်ရေမတက်ခင် အပြီးသတ် ပြန်လည်ဆောက်လုပ်နိုင်ရေး အကူအညီများ လိုအပ်နေကြသည်။
မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် အားပြင်း စစ်ကိုင်းငလျင်ကြောင့် နေအိမ်များ ဆိုးဆိုးရွားရွား ပျက်စီးခဲ့သည့် နေရာများထဲ အင်းလေးဒေသလည်း ပါဝင်သည်။
အိုင်ဗီနွေဦး (Ivy New Oo) အဖွဲ့မှ စေတနာ့ဝန်ထမ်းတစ်ဦးက “မိုးများမယ် မုန်တိုင်းရှိတာတို့ တောင်ကျရေတွေ အဝင်များတာ တို့ ဆိုရင်သေချာပေါက် အင်းလေးကန် ရေများတဲ့အခြမ်းတွေ ရှိလာမယ်ပေါ့လေ ဒါက ရေကြီးတဲ့အပိုင်းက ငလျင် ဘေးထပ်သင့်ထားတဲ့ ဒေသဆိုရင် သေချာပေါက်က ပြန်လည်ထူထောင်ရေးအတွက် အိမ်က အရေးပေါ် အခြေအနေ ဖြစ်နေတယ်။ အိမ်မရှိသေးဘူးဆိုတဲ့ ဒေသခံတွေ အတွက်ကတော့ စိုးရိမ်ရတဲ့ အခြေအနေလိုမျိုးဖြစ်တယ်၊ သူတို့နေထိုင်တဲ့ ကိစ္စရပ်မှာလည်း အခက်ခဲတွေ အများကြီး ရှိနိုင်ပါတယ်” ဟု ပြောသည်။
ငလျင် လှုပ်ခတ်ပြီး နှစ်လနီးပါး ကြာမြင့်လာသည်အထိ အင်းလေးဒေသတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ မပြီးသေးဘဲ ဆက်လုပ်နေကြရသည်ဟု အကူအညီပေးနေသူများက ပြောသည်။
ပြင်ဆင်ပြီး နေထိုင်လို့ရသည့် နေအိမ်များကို ပြန်လည်ပြင်ပေးနေသလို လုံးဝပြိုကျပျက်စီးသွားသည့် အိမ်များကို အသစ်ပြန်ဆောက်ပေးနိုင်ရေးလည်း ဦးစားပေးလုပ်နေရသည်ဟု ဆိုကြသည်။
မိုးရာသီ ရောက်လာတိုင်း တောင်ကျချောင်းရေတွေ အင်းလေးကန်ထဲ စီးဝင်မှု များပြားလာပြီး ကန်ရေမျက်နှာပြင် မြင့်တက်လာသောကြောင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေ အမြန်ဆုံးပြီးအောင်လုပ်ဖို့ လိုအပ်နေတယ်လို့ အကူအညီပေးနေသူများက ပြောသည်။
ညောင်ရွှေ ဒေသခံလူငယ်အဖွဲ့၏ ပြုစုထားသော စာရင်းအရ အင်းလေးဒေသရှိ နန်းသဲ၊ သာလေး၊ ငါးဖယ်ချောင်း၊ ကျွန်းကြီး၊ မင်းချောင်း၊ သပြေပင်၊ အင်းခြံ ကေလာ၊ အင်းတိန်၊ သလဲဦးနှင့် ခေါင်တိုင်ကျေးရွာအုပ်စုများထဲက ကျေးရွာပေါင်း ၂၀ တွင် အိမ်ခြေ ၁၄၈ ဆောင်က အမြန်ဆုံး ပြန်လည်ဆောက်လုပ်ရန် လိုအပ်နေသည်ဟု ဆိုသည်။
အဆိုပါ နေအိမ်များ ပြန်ဆောက်လုပ်ရန်အတွက် သစ်နှင့် ဝါးက အဓိကလိုနေပြီး လုပ်အားအတွက် လူအင်အား မလောက်သည့် အခြေအနေမျိုးလည်းဖြစ်နေသည်ဟု ဒေသခံများက ဆိုသည်။
အိုင်ဗီနွေဦး (Ivy New Oo) အဖွဲ့က စေတနာ့ဝန်ထမ်းတစ်ဦးက “အိမ်တွေတင်ပဲ မကဘူး။ အခု လောလောဆယ်ကတော့ လမ်းတံတားတို့ ဘုန်းကြီးကျောင်းတို့ ပြီးတော့မှ ရေသန့်နဲ့ပတ်သက်တဲ့ အကူအညီတွေပေါ့လေ။ အဲ့လိုမျိုးကတော့လေ ကျမတို့ ချိတ်ဆက်ပြီးတော့မှ တစ်ဦးချင်းစီလာတဲ့ဟာလိုမျိုးတွေပဲ များတယ်။ အဲဒီပုံစံမျိုးနဲ့ပဲ ဆက်သွားနေတယ်။ လောလောဆယ် အခြေအနေက အကူအညီတွေ လုံးဝ မရှိဘူးဆိုတာထက် တစ်စတစ်စနဲ့တော့ တဖြည်းဖြည်းချင်း ဆက်သွားနေတဲ့ကာလ ဖြစ်ပါတယ်”
အင်းလေးကန်ထဲကို နှစ်စဉ် မေလမှစတင်ပြီး တောင်ကျရေများ စီးဝင်လေ့ရှိပြီး ဇွန်လနှင့် ဇူလိုင်လတွင် ကန်ရေပြင်က မြင့်တက်လာလေ့ရှိသောကြောင့် ရေမတက်ခင် အိမ်များ အပြီးဆောက်နိုင်ရေး ဒေသခံများက မျှော်လင့်နေကြသည်။
အခု မေလ တတိယပတ်ထဲမှာလည်း အင်းလေးကန်ရေက ၅ လက်မလောက် တက်နေပြီလို့ ဒေသခံတွေက ပြောသည်။
ပအိုဝ်းလူငယ် အစည်းအရုံး PYO ၏ ဧပြီလ ထုတ်ပြန်ချက်အရ ကျေးရွာပေါင်း ၂၅ ရွာက နေအိမ် ၃၂၅၅ လုံး ထိခိုက်ပျက်စီးခဲ့ပြီး လူဦးရေ ၁၆,၀၀၀ ကနေ ၂၀,၀၀၀ ကြား ငလျင်ဘေး ရင်ဆိုင်ခဲ့ရသည်ဟု သိရသည်။
ထို့အပြင် ငလျင်ကြောင့် သေဆုံးသူ အယောက် ၁၀၀ နီးပါးလည်း ရှိခဲ့သည်ဟု PYO ၏ စာရင်းတွင် ဖော်ပြထားသည်။







