ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အများပြည်သူသုံးလေဆိပ်ကို စစ်ကောင်စီတပ်က လုံခြုံရေးတင်းကြပ်ထားကြောင်း မြို့ခံပြည်သူတွေဆီကနေ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၁၀ရက်ကစပြီး လေဆိပ် အဝင်၊ အထွက် နေရာတွေနဲ့ လေဆိပ် အတွင်းပိုင်းနေရာတွေမှာ စစ်သားအင်အား ၂၀ ခန့်ချထားပြီး လုံခြုံရေးတင်းကြပ်ထားတယ်လို့ မြစ်ကြီးနားမြို့ခံ အမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။
"လေဆိပ်ထဲမှာကော မျော်စင်ပေါ်မှာကော စစ်သားတွေချထားတယ်၊ ပြီးတော့ အရှေ့ဝင်ပေါက်မှာလည်း စစ်သားတွေချထားတယ်၊ တပ်ချပြီး စောင့်တယ်လို့မြင်တယ်” လို့ အသက် ၄၀ ကျော်အရွယ် အထက်ဖော်ပြပါအမျိုးသားက ပြောပါတယ်။
မြို့ခံတွေပြောပြချက်အရ လေဆိပ် အရှေ့ဝင်ပေါက်နှစ်ပေါက်၊ လေဆိပ် အနောက်ဘက် ထွက်ပေါက်နှစ်ဖက်စလုံးမှာ လုံခြုံရေးတင်းကြပ်ထားတယ်လို့ သိရပါတယ်။
ဧပြီလ ၁၀ ရက်နေ့မတိုင်မှီအထိ မြစ်ကြီးနားလေဆိပ်ကို ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ရင်း (၃၀) ကပဲ လုံခြုံရေးယူလေ့ရှိပေမယ့် ဒီနောက်ပိုင်း လေဆိပ်အနီး လက်နက်ကြီး ကျရောက်ပေါက်ကွဲမှု ခပ်စိပ်စိပ်ဖြစ်လာတာကြောင့် အခုလို စစ်ကောင်စီစစ်သားတွေနဲ့ လုံခြုံရေးတင်းကြပ်ထားတာလို့ သိရပါတယ်။
"ဒီလထဲ ပြီးခဲ့တဲ့ ၄ ရက်လောက်ကလည်း တစ်လုံးထပ်ကျတယ်။ အ.ထ.က ၄ ကျောင်း (လေဆိပ်အနီးရှိကျောင်း) နဲ့ ကွင်းပြင်ကြားမှာကျတာ လူတော့မထိဘူး။ ပြီးတော့ အရင်လလည်း နှစ်လုံးကျတယ်။ အဲ့ဒါကြောင့် အချိန်ပြည့် လုံခြုံရေးချထားတာလို့သိရတယ်” လို့ နောက်ထပ်မြို့ခံ အမျိုးသားတစ်ဦးကလည်း ထပ်ပြောပါတယ်။
မြစ်ကြီးနားလေဆိပ်ဟာ မြောက်ပိုင်းတိုင်းစစ်စစ်ဌာနချုပ် တပ်နယ်မြေထဲမှာရှိနေတာဖြစ်ပြီး ရှော့တိုက်ဒုံး၊ လက်နက်ကြီး မကြာခနကျရောက်ပေါက်ကွဲလေ့ရှိတယ်လို့ သိရပါတယ်။
လေဆိပ်အနီး အခုလို ရှော့တိုက်ဒုံးတွေ မကြာခန ကျရောက်နေတာကြောင့် လေဆိပ်နဲ့နီးတဲ့ ပမ္မတီးရပ်ကွက်နေ ပြည်သူတစ်ချို့လည်း မြို့ထဲကို ရွေ့ပြောင်းနေထိုင်သူတွေရှိနေကြောင်း သိရပါတယ်။
မြစ်ကြီးနားလေဆိပ်ဟာ မြို့သစ်ကြီးနားရပ်ကွက်နဲ့ ပမ္မတီးရပ်ကွက်ချင်းဆက် ပမ္မတီးရပ်ကွက်ထဲမှာတည်ရှိပြီး မြို့ရဲ့ အနောက်ဘက်ခြမ်းမှာ ရှိတာပါ။
လေဆိပ်ထဲကိုဝင်ရောက်ဖို့ ၃၇ တပ်အဝင်ဂိတ်ကို ဖြတ်ရတာဖြစ်ပြီး စစ်အာဏာသိမ်းနောက်ပိုင်းမှာတော့ အဲ့ဒီဂိတ်မှာ မှတ်ပုံတင်စစ်ဆေးတာ၊ မေးမြန်းတာတွေ လုပ်ဆောင်လာနေကြောင်း သိရပါတယ်။
မြစ်ကြီးနားမြို့ပေါ်မှာတော့ ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းလောက်ကစလို့ မြို့တွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုတွေ မကြာခနဖြစ်ပွားလျက်ရှိပြီး အရပ်သားထိခိုက်သေဆုံးတာ၊ လူနေအိမ်တွေ ထိခိုက်ပျက်စီးတာတွေ ရှိခဲ့ပါတယ်။







