ကျောက်မဲ ပြည်သူ့ဆေးရုံကို ဗုံးကြဲတိုက်ခိုက်

ကျောက်မဲ ပြည်သူ့ဆေးရုံကို ဗုံးကြဲတိုက်ခိုက်

ရှမ်းမြောက်ရှိ ကျောက်မဲမြို့ပေါ်နှင့် ဆေးရုံကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ကျောက်မဲမြို့ကို စစ်ကောင်စီတပ်မှ မေလ ၅ ရက်နေ့ နံနက်ပိုင်းတွင် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“သူတို့က ဆက်တိုက်လာကြဲတယ်။ မနက် ၁၁ နာရီကျော်လောက်မှာ နှစ်ခါလာကြဲသွားတာ။ အိမ်ပျက်စီးတာ လည်း ရှိတယ်။ လမ်းပေါ်တွေမှာ ကျတာလည်းရှိတော့ လူတွေက ကြောက်ကြတာပေါ့။ စိုးရိမ်တော့ ဘယ်မှာ နေရမှန်းမသိ လေယာဉ်သံပဲ နားစွင့်နေရတယ်။ လေယာဉ်ကလည်း ဆက်တိုက်ကို ဝဲနေတာ အပေါ်မှာလေ။ ဒီလိုပဲ အခြေအနေကြည့် နားစွင့်ပဲ နေနေကြရတာ” ဟု ကျောက်မဲဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

အလားတူ မေလ ၄ ရက်နေ့ကလည်း နောင်ချိုမြို့ပေါ်ရှိ ရပ်ကွက်အချို့နှင့် ကျေးရွာအချို့ကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ လုပ်နေသည်ဟု ဒေသခံများက ပြောသည်။

တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA နှင့် စစ်ကောင်စီတို့၏ တရုတ်နိုင်ငံ ကူမင်းဆွေးနွေးပွဲ က သဘောတူညီမှုမရဘဲ ပြီးဆုံးခဲ့ပြီးနောက် ကျောက်မဲ၊ နောင်ချိုအပြင် မိုးကုတ်မြို့တို့မှာ လေကြောင်းမှ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခံနေရသည်။

ကူမင်းဆွေးနွေးပွဲတွင် စစ်ကောင်စီသည် TNLA က သိမ်းပိုက်ထားသော မြို့များဖြစ်သည့် မိုးကုတ်၊ မိုးမိတ်၊ နောင်ချို၊ သီပေါနှင့် ကျောက်မဲမြို့တို့ကို ပြန်ပေးရန် တောင်းဆိုခဲ့သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲ အပြီးမှာတွင် TNLA က သတင်းစာရှင်းလင်းပွဲတစ်ခု လုပ်ခဲ့သည်။

ထိုသတင်းစာ ရှင်းလင်းပွဲ၌ တောင်းဆိုထားတဲ့မြို့များ ပြန်ပေးရန် တရုတ်နှင့် စစ်ကောင်စီတို့က TNLA နယ်မြေရှိ လူထုကို ဖြတ်လေးဖြတ်နှင့် ပိတ်ဆို့ထားသည်ဟု ပြောသည်။

TNLA အနေဖြင့် ဖိအား ဘယ်လောက်များများ မြို့များ ပြန်မပေးရရေးအတွက် လုပ်သွားမည်ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။

မိုးကုတ်ဒေသခံ အမျိုးသားတစ်ဦးက “ကျနော်တို့ မိုးကုတ်ကို ဗုံးကြဲနေတာက နေ့တိုင်းလိုလိုပါပဲ။ လေယာဉ် ကလည်း အမြဲဝဲနေတာ။ ဘာပဲဖြစ်ဖြစ် အကောင်းတွေ ဖြစ်လာဖို့ မျှော်လင့်ထားပေမယ့် နေ့တိုင်းတော့ စိုးရိမ်ပြီး သတိနဲ့ နေရတဲ့ အနေအထားမျိုးပေါ့ဗျာ။ ကြောက်လာဆိုရင်တော့ ကြောက်တယ်။ အထူးသဖြင့် ကလေးတွေ အတွက် စိုးရိမ်နေရတာ။ ဘယ်မှလည်း ထပ်ပြီး မရှောင်ချင်တော့ဘူး။ ဒီနေ့အထိတော့ ဒီလိုပဲ အခြေအနေကို စောင့်ကြည့် သတိနဲ့ နေရတာမျိုးပေါ့ဗျာ” ဟု ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်သည် PSLF/TNLA ထိန်းချုပ်ထားသော မြို့နယ်များထဲ စစ်အင်အားဖြည့်တင်းခြင်း၊ ထိုးစစ်ဆင်ခြင်းနှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများ လုပ်နေသည်ဟု ထုတ်ပြန်ထားသည်။

ထို့ကြောင့် မိဘပြည်သူများ အနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများကို ရှောင်ရှားနိုင်ရန် စစ်ရေးသတိ အမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန် ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများကို လိုက်နာဆောင်ရွက်ကြရန် လိုအပ်ကြောင်း PSLF/TNLA က ထုတ်ပြန်ထားသည်။

June 6, 2026
စစ်ကိုင်းမြို့ပေါ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန (လဝက) ရုံးအတွင်း...
ဓာတ်ပုံ-Crd(ပုံဟောင်း)
June 5, 2026
စစ်တပ်က တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများကို နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမည်ဟု...
June 4, 2026
တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ် အတွင်း တိုက်ပွဲဖြစ်ပွားနေခြင်း မရှိဘဲ စစ်တပ်က...
June 3, 2026
မြန်မာစစ်အုပ်စု ခေါင်းဆောင် ဦးမင်းအောင်လှိုင်၏ အိန္ဒိယနိုင်ငံခရီးစဉ်နှင့် ပတ်သက်၍ အိန္ဒိယအစိုးရက...