လားရှိုးကိုအခြေပြု၍ ကိုးကန့် ထိန်းချုပ်နယ်မြေများ၌ စစ်ကောင်စီ နိုင်ငံရေးစွက်ဖက်လာမည်ကို ဒေသခံများစိုးရိမ်

လားရှိုးကိုအခြေပြု၍ ကိုးကန့် ထိန်းချုပ်နယ်မြေများ၌ စစ်ကောင်စီ နိုင်ငံရေးစွက်ဖက်လာမည်ကို ဒေသခံများစိုးရိမ်
လားရှိုးမြို့၌ ကိုးကန့်တပ် နှင့် ညီနောင်မဟာမိတ်အလံ လွှင့်ထူထားသည်ကို ၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်းကမြင်တွေ့ရစဥ်။ (ဓါတ်ပုံ − AFP)
လားရှိုးမြို့၌ ကိုးကန့်တပ် နှင့် ညီနောင်မဟာမိတ်အလံ လွှင့်ထူထားသည်ကို ၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်းကမြင်တွေ့ရစဥ်။ (ဓါတ်ပုံ − AFP)

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကိုးကန့်တပ် MNDAA သိမ်းပိုက်ခဲ့ရာ လားရှိုးမြို့သို့ ယနေ့ (ဧပြီ ၁၈ ရက်) တွင် စစ်ကောင်စီလက်အောက်ခံများ ပြန်လည်ဝင်ရောက်လာပြီဖြစ်ရာ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကိုးကန့်တပ် ထိန်းချုပ်ရာ အခြားသောမြို့နယ်များမှ ဒေသခံများ စိုးရိမ်နေကြသည်။

၎င်းတို့မြို့နယ်များ၌ စစ်ကောင်စီမှ နိုင်ငံရေးအရ ပြန်လည်ဝင်ရောက်၍ ရွေးကောက်ပွဲပြုလုပ်ရန်ကြိုးပမ်းလာမည်၊ နိုင်ငံရေးအရ စွက်ဖက်လာမည်ကို စိုးရိမ်နေကြသည်။ လားရှိုးမြို့၌ အုပ်ချုပ်ရေးလည်ပတ်လျက်ရှိသည့် ကိုးကန့်တပ် MNDAA အဖွဲ့ဝင်များသည် ယခုသတင်းပတ်မှ စတင်၍ မြို့မှ စွန့်ခွာနေကြပြီဖြစ်သည်။

“ကွတ်ခိုင်မြို့ပေါ်က TNLA ထိန်းချုပ်ထားတယ်ဆိုပေမယ့် ဧည့်စာရင်းတွေ ဘာတွေဆိုရင် ကိုးကန့်ကကိုင်တာ။ အထူးဒေသ (၁) ကွတ်ခိုင်မြို့ဆိုပြီး ဧည့်စာရင်းတွေဆိုရင် တရုတ်စာတွေနဲ့။ ကွတ်ခိုင်ရဲ့ တစိတ်တဒေသမှာ ကိုးကန့်ကလွှမ်းမိုးမှုရှိထားတယ်။ အရင်ကတည်းကလည်း ဒီကွတ်ခိုင်၊ တားမိုးညဲ၊ မုံးစီး ဒီတကြောလုံးက ကြံ့ခိုင်ရေးအင်အားကောင်းခဲ့တယ်။ လားရှိးမှာအခြေချပြီး ကိုးကန့်ရှိတဲ့နေရာတွေမှာ ရွေးကောက်ပွဲလုပ် နိုင်ငံရေးအရ ခေါင်းဝင်ကိုယ်ဆန့်လုပ်လာမှာကို စိုးရိမ်ကြတယ်” ဟု ကွတ်ခိုင်မြို့ဒေသခံကပြောသည်။

ထို့အတူ ကိုးကန့်တပ် MNDAA ထိန်းချုပ်ရာမြို့နယ်များ၌ နေထိုင်ကြသော နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ CDM ဝန်ထမ်းများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများမှာလည်း ၎င်းတို့၏ လုံခြုံရေးကို စိုးရိမ်ပူပန်နေကြကြောင်း ၎င်းကပြောသည်။

ကွတ်ခိုင်မြို့ကို ၁၀၂၇ စစ်ဆင်ရေးအတွင်း တအာင်းတပ်၊ ကိုးကန့်တပ်နှင့်အတူ အခြားသော တော်လှန်ရေးတပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။

MNDAA ထိန်းချုပ်ရာ မုံစီးမြို့ရှိ ဒေသခံအမျိုးသမီးတဦးကလည်း ၎င်းတို့မြို့၌ လက်ရှိအချိန်တွင် လေကြောင်းရန် ထိတ်လန့်နေရသည်မှအပ တည်ငြိမ်အေးချမ်းလျက်ရှိသော်လည်း စစ်ကောင်စီတပ် ပြန်လည်ဝင်ရောက်လာမည်ကို စိုးရိမ်နေကြသည်ဟု ပြောသည်။

“စိုးရိမ်မှုရှိတယ်။ အခုနေတော့ ကျွန်မတို့ဘက်မှာ နယ်မြေအေးချမ်းနေပြီပေါ့နော်။ စစ်ကောင်စီသာပြန်ဝင်လာခဲ့ရင် နယ်မြေမအေးမချမ်းဖြစ်မှာ ဒါကတော့ ပြည်သူတွေလိုလားချက်မရှိဘူး” ဟု မုံးစီးမြို့ခံ အမျိုးသမီးကပြောသည်။

လားရှိုးအကျဥ်းထောင်မှ မြို့သိမ်းတိုက်ပွဲအတွင်း လွတ်မြောက်လာကြသည့် နိုင်ငံရေးအကျဉ်းသားဟောင်းများသည်လည်း လက်ရှိတွင်မြို့ကိုစွန့်ခွာ၍ ကိုးကန့်အထူးဒေသ (၁) နယ်မြေဘက်သို့ တိမ်းရှောင်နေကြရပြီဖြစ်သည်။

“လုံခြုံရေးက အမြဲတမ်းတော့ သတိထားနေရတာပါပဲ။ ရှမ်းမြောက်မှာရှိနေတဲ့ အခြားသော ကိုးကန့်ထိန်းချုပ်မြို့နယ်တွေကလည်း သူတို့မြို့တွေမှာ စကစ နိုင်ငံရေးစွက်ဖက်မှာကို စိုးရိမ်နေကြတာ ဟုတ်ပါတယ်။ ကျနော်တို့ နိုင်ကျဉ်းတွေ အားလုံးနီးပါး မြို့ပြင်ထွက်ပါပြီ။ စကစ တပ်သားတချို့ကို ရပ်ကွက်တွေထဲမှာ တွေ့ရတယ်လို့ သတင်းရပါတယ်” ဟု လားရှိုးမြို့မှ ထွက်ခွာလာသည့် နိုင်ငံရေးအကျဉ်းသားဟောင်း တဦးကပြောသည်။

ထို့အတူ ယနေ့တွင် လားရှိုးမြို့၌ တရုတ်ကောင်စစ်ဝန်၊ စစ်ကောင်စီနှင့် ကိုးကန့်တို့ သုံးပွင့်ဆိုင်တွေ့ဆုံမှုပြုလုပ်နေသည်ဟုလည်း MNDAA နှင့်နီးစပ်သည့် လားရှိုးမြို့ခံကပြောပြီး လာမည့် ရက်များအတွင်း၌လည်း လားရှိုးအရေး အစည်းအဝေးပြုလုပ်ရန်ရှိနေသေးကြောင်း ပြောသည်။

“လားရှိူးနဲ့ပတ်သက်ပြီး အစည်းအဝေးအခမ်းအနားတခုရှိတယ် ကြားထားတယ်။ သုံးဖက်လုံးပါမှာပါ၊ လားရှိုးမှာပဲ လုပ်ဖြစ်ဖို့များပါတယ်” ဟု ၎င်းကပြောသည်။ အဆိုပါ ဆွေးနွေးပွဲများနှင့်ပတ်သက်၍ မဇ္ဈိမက သီးခြားအတည်ပြုချက်ရယူနိုင်ခြင်းမရှိသေးပေ။

လားရှိုးမြို့ပေါ်ရပ်ကွက် ၁၂ ခုကို စစ်ကောင်စီဘက်မှ အုပ်ချုပ်ရေးပြန်လည်ဝင်ရောက်လာမည်ဖြစ်ရာ ယခုလာမည့် ဧပြီလ ၂၁ ရက်မတိုင်မီ မြို့တွင်းမှ ကိုးကန့်တပ်နှင့် လက်အောက်ခံများအားလုံး ဆုတ်ခွာပေးမည်ဖြစ်ကြောင်း လားရှိုးမြို့ပြန်လည်ထူထောင်ရေး၌ ပါဝင်ခဲ့သူ MNDAA အဖွဲ့ဝင်တဦးက မဇ္ဈိမကိုပြောထားသည်။

အလားတူ လားရှိုး၌ MNDAA မှ လည်ပတ်ခဲ့သည့် လားရှိုးဆေးရုံကိုလည်း ပိတ်ထားပြီဖြစ်သည်။

December 4, 2025
မြဝတီမြို့နယ်တောင်ဘက်၊ ဖလူး၊ မင်းလက်ပံဒေသအနီးတဝိုက်တွင် စစ်ကော်မရှင်တပ်နှင့် ကရင်အမျိုးသား...
December 3, 2025
အာဏာသိမ်း စစ်ကော်မရှင်တပ်နှင့် မြန်မာတော်လှန်‌ရေးအင်အားစုများကို အင်ဒိုနီးရှားက...
December 2, 2025
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အရှေ့ခြမ်းရှိ နတ်မှော်ဦးကျေးရွာကို ကော်မရှင်တပ်ဖွဲ့က...
December 1, 2025
မကွေးတိုင်း၊ ရေစကြိုမြို့ နယ် တောင်ခြမ်း၊ ရွာသစ်ကျေးရွာအနီးရှိ ကင်းစခန်း တခုတွင်...