တရုတ်အစိုးရသည် မြန်မာပြည်အရေးနှင့်ပတ်သက်၍ မှားယွင်းအကဲဖြတ်မှုများရှိနေပြီး ယင်းအမှားများအပေါ် အခြေခံ၍ လုပ်ဆောင်နေသည်ဟု ကရင်နီ တော်လှန်ရေးခေါင်းဆောင်တစ်ဦးက သုံးသပ်ပြောဆိုလိုက်သည်။
တရုတ်အစိုးရသည် ရှမ်းမြောက် အပါအဝင် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်စဉ်များကို မှားယွင်းစွာ အကဲဖြတ်နေပြီး ပြည်သူလူထု၏ ဆန္ဒနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ အမြင်များကို လျစ်လျူရှုကာ စစ်ကောင်စီဘက်မှ ရပ်တည်နေသည်ဟု ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် (KNDF) ဥက္ကဋ္ဌ ခွန်းဘီထူးက ပြော သည်။
“လက်ရှိ မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်နေတဲ့ အခြေအနေကို အိမ်နီးချင်း တရုတ်နိုင်ငံတို့ကတော့ မှန်ကန်တဲ့အမြင် မရှိဘူးလို့တော့ သုံးသပ်တာပေါ့။ လူထုတွေရဲ့ သဘောထားပေါ့နော် ပြီးတော့ အင်အားစုအသီးသီးရဲ့ သဘောထားတွေကို လစ်လျူရှုပြီးမှ အစစအရာရာ မြန်မာနိုင်ငံ တည်ငြိမ်ဖို့ အတွက်ကတော့ စစ်ကောင်စီရှိမှရမယ် စစ်ကောင်စီ ဖိနှိပ်နေတာတွေ အားလုံးကတော့ တရားမျှတတယ်ဆိုတဲ့ အမြင်မျိုးနဲ့ပေါ့နော် တရုတ်က စစ်ကောင်စီဖက် ကာပေးနေတဲ့ အနေအထားမျိုး ဖြစ်တယ်ပေါ့နော်။ ဒါက မှားယွင်းတဲ့ လုပ်ငန်းစဉ်ဖြစ်တယ်လို့ ကျနော့်အနေနဲ့ကတော့ မြင်တယ်ပေါ့နော်”
တရုတ်နိုင်ငံ ကူမင်းမြို့တွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲအပြီး လားရှိုးမြို့မှ ကိုးကန့်တပ် (MNDAA) ပြန်လည်ဆုတ်ခွာရခြင်း နောက်ကွယ်တွင်လည်း တရုတ်နိုင်ငံ၏ နိုင်ငံရေးဖိအားများ ပါဝင်နေကြောင်း ခွန်းဘီထူးက ဆက်ပြောသည်။
“အားလုံး သုံးသပ်သလို အားလုံးပြောနေသလိုပဲ တရုတ်ရဲ့ ဖိအားပေးမှုကြောင့်မို့လို့ အခုလိုမျိုး လက်လွတ်လိုက်ရတယ်။ နောက် ဒီခွင့်ပြုလိုက်ရတဲ့ဟာမျိုး ရှိနေတယ်"
လားရှိုးမြို့မှ ဆုတ်ခွာလိုက်ရသည့် အပေါ်တွင်လည်း ကိုးကန့်တပ်အပေါ် အပြစ်မမြင်ဘဲ မဟာမိတ်အဖြစ် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြောသည်။
ခွန်းဘီထူးက "KNDFအနေနဲ့ ကိုးကန့် MNDAA တို့ရဲ့ လုပ်ရပ်ပေါ်မှာ အပြစ်မမြင်ဘူး။ နောက်ပြီးမှ မဟာမိတ်အနေနဲ့လည်း အမြဲတမ်းမြင်တယ်။ နိုင်ငံအတွက် မိတ်ဖက်အဖွဲ့အနေနဲ့လည်း အမြဲတမ်း မြင်တယ်။ အမြဲတမ်းလည်း အားကိုးတယ်။ ပြီးတော့ တစ်နိုင်ငံလုံး ကိစ္စရပ်တွေမှာလည်းပဲ ကိုးကန့်တွေဖက်က ဆက်ပြီးတော့မှ ပါဝင်မယ်လို့တော့ ကျနော့်အနေနဲ့ ယုံကြည်တယ်ပေါ့နော်” ဟု ပြောသည်။
MNDAA သည် ‘၁၀၂၇ စစ်ဆင်ရေး’ ကာလအတွင်း ၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် စစ်ကောင်စီ၏ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် အခြေစိုက်ရာ လားရှိုးမြို့ကို သိမ်းပိုက်နိုင်ခဲ့သော်လည်း၊ ယခုအခါ တရုတ်၏ ဖိအားများကြောင့် မြို့ပေါ်မှ ဆုတ်ခွာရန် သဘောတူညီထားသည်ဟု မြေပြင် သတင်းအရင်းအမြစ်များက ဆိုသည်။
သို့သော် လားရှိုးမြို့ပြင် ပတ်ပတ်လည်ရှိ ကျေးရွာများတွင် MNDAA ၏ တပ်စွဲမှုများ ဆက်လက်ရှိနေဦးမည်ဟု ဆိုသည်။
လားရှိုးမြို့အား ပြန်လည်ရယူရန် စစ်ကောင်စီက စီစဉ်နေသော်လည်း၊ MNDAA၊ စစ်ကောင်စီနှင့် တရုတ်အစိုးရတို့ဘက်မှ တရားဝင် ထုတ်ပြန်ခြင်း မရှိသေးပေ။
လားရှိုးမြို့ သိမ်းပိုက်ရရှိရေး ကိုးကန့်တပ်နှင့်အတူ KNDF အပြင် အခြားသော မဟာမိတ်တပ်ဖွဲ့ဝင်များ ပူပေါင်းပါဝင် တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။







