စစ်ကောင်စီဟာ အပစ်ရပ်ကြေညာပြီး သူတို့ကိုယ်တိုင် မလိုက်နာဘူးလို့ KIO ပြော

စစ်ကောင်စီဟာ အပစ်ရပ်ကြေညာပြီး သူတို့ကိုယ်တိုင် မလိုက်နာဘူးလို့ KIO ပြော

စစ်ကောင်စီဟာ အပစ်ရပ်ကြေညာပြီး မြေပြင်အပြင် လေကြောင်းကနေပါ တိုက်ခိုက်နေတာကြောင့် ကြေညာချက်ကို သူတို့ကိုယ်တိုင် လိုက်နာတာမရှိဘူးလို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA) သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ငလျင်ဘေးဒဏ်ကြောင့် ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို လုပ်ဆောင်ဖို့ဆိုပြီး စစ်ကောင်စီရဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံးက ဧပြီလ ၂ ရက်နေ့ကနေ ဧပြီလ ၂၂ ရက်နေ့အထိ ယာယီပစ်ခတ်တိုက်မှု ရပ်စဲရေးကာလဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီလိုထုတ်ပြန်ပြီးတဲ့နောက် ယမန်နေ့ ဧပြီလ ၃ ရက်နေ့ မနက်ပိုင်းမှာပဲ ဝိုင်းမော်- ဝါရှောင်လမ်းပေါ်က လမြန်ကျေးရွာဘက်ကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တဲ့အပြင် အောက်အင်းတော်ဘက်မှာလည်း လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ KIO က ဆိုပါတယ်။

ဒါတွေကိုကြည့်ခြင်းအားဖြင့် စစ်ကောင်စီဟာ သူတို့အပစ်ရပ်ကြေညာတာကို သူတို့ကိုယ်တိုင် ချိုးဖောက်တာလို့ ဗိုလ်မှူးကြီးနော်ဘူက အခုလိုပြောပါတယ်။

"ဝိုင်းမော် လမြန်ဘက်တော့ ဒီကနေ့ (ဧပြီလ ၃ ရက်နေ့) မနက် ၇ နာရီဝန်းကျင်ကနေ သူတို့ဘက်ကနေ အရင် (စစ်တပ်) လက်နက်ကြီးနဲ့ ပစ်တယ်။ ခြေလျင်နဲ့ စစ်ကြောင်းထိုးလာတဲ့အတွက် ကျွန်တော်တို့က ခုခံရင်း တိုက်ပွဲဖြစ်တယ်။ အောက်အင်းတော်ဘက်လည်း ဒီမနက် ၆ နာရီခွဲကနေ လေယာဉ်နဲ့ တိုက်တာရှိတယ်။ ဒါတွေကိုကြည့်ရင် သူတို့ (စစ်တပ်) ရဲ့ အပစ်ရပ် တစ်ဖက်သတ်ကြေညာတာကို သူတို့ကိုယ်တိုင် မလိုက်နာဘူးလို့ မြင်ရတယ်။ ပြီးတော့ ဗန်းမော်ဘက်လည်း မနေ့ညကနေ ဒီကနေ့မနက်ထိ မိုးလင်း၊ နေ့လယ်အထိ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာ ဆက်ရှိနေဆဲ ဖြစ်တယ်" လို့ ဆိုပါတယ်။

စစ်ကောင်စီက အပစ်ရပ်ကြောင်း ထုတ်ပြန်ပြီး နာရီပိုင်းအကြာ KIO ကလည်း ဧပြီလ ၂ ရက်နေ့ကနေ ဧပြီလ ၂၂ ရက်နေ့အထိ အပစ်ရပ်ကြောင်း ကြေညာခဲ့ပြီး အပစ်ရပ်သဘောတူညီမှုတွေကို စစ်ကောင်စီကိုယ်တိုင် လိုက်နက်ဖို့ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

ဒါပေမဲ့ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေက ရပ်တန့်တာမရှိဘူးလို့ KIO က ဆိုပါတယ်။

စစ်ကောင်စီက ထုတ်ပြန်တဲ့ အပိုဒ် (၄) ထဲမှာတော့ ယာယီပစ်ခတ်တိုက်ခိုက်မှု ကြေညာထားတဲ့ကာလအတွင်း တိုင်းရင်းသာလက်နက်ကိုင်အဖွဲ့တွေနဲ့ အခြားလက်နက်ကိုင်အဖွဲ့တွေနေနဲ့ အများပြည်သူ သွားလာအသုံးပြုလျက်ရှိတဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေ နှောက်ယှက်တိုက်ခိုက်တာနဲ့ ဖျက်ဆီးတာ၊ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ပျက်စီးစေတာ မပြုလုပ်ဖို့ ပါရှိပါတယ်။

ဒါ့အပြင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး တာဝန်ထမ်းဆောင်နေတဲ့ တပ်ဖွဲ့ဝင်တွေရဲ့ တပ်စခန်းတွေနဲ့ တပ်ဌာနချုပ်တွေကို တိုက်ခိုက်တာ၊ အင်အားစုဆောင်းတာ၊ ပြင်ဆင်စုဖွဲ့တာနဲ့ နယ်မြေချဲ့ထွင်တာတွေ မပြုလုပ်ဖို့နဲ့ ဆောင်ရွက်လာရင် လိုအပ်တဲ့တုံ့ပြန်မှုတွေ ဆောက်ရွက်သွားမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ခဲ့တာပါ။

Most read this week

စက်တင်ဘာလ ၂ ရက်က စစ်အုပ်စု၏ စစ်သင်္ဘောပေါ်မှ ပါရှိသူများ လက်နက်ချနေစဉ်
September 9, 2026
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်ဖွဲ့များက စစ်အုပ်စုတပ်၏ စစ်သင်္ဘောပေါ်မှ ဖမ်းဆီးရမိ...
September 2, 2026
ယနေ့ စက်တင်ဘာလ ၂ ရက် နံနက် ၆ နာရီဝန်းကျင်မှ နေ့လယ်ပိုင်းအထိ ရွှေကူနှင့် ဗန်းမော်မြို့နယ်ကြား...
ဓာတ်ပုံ - (Banmaw Scout Team)
September 1, 2026
ကချင်ပြည်၊ ရွှေကူအထက် မြစ်ကျဉ်းမရောက်မီ ဇင်းဘုံကျေးရွာအနီး စစ်အုပ်စုတပ် လုံခြုံရေးယူ စခန်းချနေ...
ဓာတ်ပုံ - WFP
August 28, 2026
မြန်မာနိုင်ငံမှ လူများအတွက်မူ အသင့်စား ခေါက်ဆွဲခြောက်သည် အာသာပြေ စားရန် သို့မဟုတ် ထမင်းဟင်း...