မြစ်ကြီးနား-မြစ်ဆုံလမ်း တန်ဖရဲကျေးရွာမှာ စစ်ကောင်စီတပ်သားအင်အား ဖြည့်တင်းပြီး စစ်ရေးလှုပ်ရှားနေတာ တစ်လကျော်ပြီ

မြစ်ကြီးနား-မြစ်ဆုံလမ်း တန်ဖရဲကျေးရွာမှာ စစ်ကောင်စီတပ်သားအင်အား ဖြည့်တင်းပြီး စစ်ရေးလှုပ်ရှားနေတာ တစ်လကျော်ပြီ
ပုံဟောင်းဖြစ်ပါသည်။
ပုံဟောင်းဖြစ်ပါသည်။

မြစ်ကြီးနား-မြစ်ဆုံလမ်း တန်ဖရဲကျေးရွာမှာ စစ်ကောင်စီတပ်သားအင်အားဖြည့်တင်းပြီး စစ်ရေးလှုပ်ရှားနေတာ တစ်လကျော်ရှိလာပြီဖြစ်ပြီး စစ်ကောင်စီတပ်သား အင်အားအများအပြား တပ်စွဲထားဆဲဖြစ်တယ်လို့ သိရပါတယ်။

အထက်ပါ စစ်ကောင်စီတပ်သားတွေဟာ တန်ဖရဲကျေးရွာအတွင်းက ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် (KBC) နဲ့ ကက်သလစ်အသင်းတော် (RC) ဘုရားကျောင်းဝင်းတွေမှာ ဘန်ကာတွေတည်ဆောက်ထားတဲ့အပြင်  ကတုတ်ကျင်းတွေပါ တူးထားကြတယ်လို့ တန်ဖရဲဒေသခံနဲ့ နီးစပ်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

"ဘန်ကာ ကတုတ်ကျင်းတွေ တူးထားတယ်။ KBC နဲ့ RC (ကက်သလစ်) ဘုရားကျောင်းမှာရောပဲ တူးထားတယ်။ ဒေသခံတွေ စိုက်ထားတဲ့ ခြံတွေက ပျဉ်းကတိုး၊ ကျွန်းသစ်ပင်တွေ၊ အသီးအနှံပင်တွေကအစ ခုတ်ပြီး ဘန်ကာကတုတ်တွေ လုပ်ကြတယ်။ သူတို့ကတော့ အထက်အမိန့်နဲ့ လုပ်တယ်ပဲ ပြောတာတဲ့" လို့ ပြောပါတယ်။

ဒါ့အပြင် KBC ဘုရားကျောင်းဝင်းထဲမှာတော့ ဗျူဟာမှူးကိုယ်တိုင် စခန်းချနေထိုင်တဲ့နေအပြင် ထောက်လှမ်းရေးအဖွဲ့၊ ဒရုန်းတပ်တွေပါရှိတယ်လို့ ပြောဆိုနေကြပါတယ်။

လက်ရှိမှာတော့ မြစ်ဆုံတန်ဖရဲကျေးရွာတစ်လျှောက် စစ်ကောင်စီတပ်သားတွေရဲ့ ဂိတ် ၆ ခုလောက်ရှိပြီး လမ်းသွားလမ်းလာတွေထဲက မသင်္ကာသူတွေနဲ့ ကားအကြီး/အသေးအားလုံးကို တားဆီးစစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့လည်း အထက်ပါဒေသခံနဲ့ နီးစပ်သူက ဆက်လက်ပြောပါတယ်။

"စစ်သားတွေက ဖြည့်နေဆဲပဲ။ အရမ်းစိတ်မကောင်းဘူး။ တစ်ရွာလုံး စစ်သားတွေပဲ။ ရွာထိပ်၊ ရွာအောက်၊ အလယ်အကုန် စစ်သားတွေ၊ ဂိတ်တွေကြီးပဲ။ ဘုရားကျောင်းပါ မကျန်ပေါ့။ စစ်သားတွေ အထိုင်ကျသွားမှာ စိုးရိမ်ကြတာ" လို့ ပြောပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်သားတွေ ရွာအတွင်းမှာသာ သွားလာလှုပ်ရှားနေကြပြီး တန်ဖရဲရွာအထက်ဘက် စစ်ရေးလှုပ်ရှားမှုရှိတဲ့အခါမျိုးမှာတော့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ထိတွေ့တိုက်ပွဲငယ်တွေ ဖြစ်လေ့ရှိတယ်လို့လည်း သိရပါတယ်။

အထက်ပါ စစ်ကောင်စီတပ်သားတွေဟာ ရွာအတွင်းက ဒေသခံတွေကို တစ်စုံတစ်ရာပြုမူတာမျိုးတွေ မရှိပေမဲ့ ကလေးတွေနဲ့ သက်ကြီးပိုင်းတွေကိုတော့ မလွှတ်ထားကြဖို့ကို ပြောဆိုထားတာတွေတော့ ရှိတယ်လို့ ဆိုပါတယ်။

နှစ်ဖက် စစ်ရေးတင်းမာလာမှာကို စိုးရိမ်တာကြောင့် စစ်ကောင်စီတပ်သားအင်အားဖြည့်တင်းလာတဲ့ နောက်ပိုင်းကနေ တန်ဖရဲ ဒေသခံပြည်သူအများစုဟာ အောင်မြင်သာကျေးရွာဘက် ပြောင်းရွှေ့နေထိုင်ကြတယ်လို့ ထပ်မံသိရှိရပါတယ်။

မြစ်ကြီးနားမြို့ရဲ့ မြောက်ဘက် (၂၈) မိုင်အကွာ မြစ်ဆုံဒေသအနီးက တန်ဖရဲရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းဘက် ဇန်နဝါရီလကုန်ပိုင်းလောက်ကနေစပြီး စစ်ကောင်စီတပ်သား အင်အားဖြည့်တင်းတာတွေ ဆက်တိုက်ဆိုသလို ရှိလာပြီးနောက် လက်ရှိအချိန်မှာတော့ အဲဒီဒေသဘက် စစ်သားအင်အား ရာကြီးပိုင်းလောက် ရှိနိုင်တယ်လို့လည်း ဒေသခံတွေနဲ့ နီးစပ်သူဆီကနေ သိရတာပါ။

တန်ဖရဲကျေးရွာမရောက်မီ အာလာမ်ကျေးရွာအုပ်စု လမုန်ဇွပ်ရွာမှာလည်း စစ်ကောင်စီတပ်သားတွေ အင်အားဖြည့်တင်းထားပြီး ရွာအတွင်း စစ်အင်အား ရာဂဏာန်းလောက် ရှိနိုင်တယ်လို့လည်း ဒေသခံတွေဆီတဆင့် ကြားသိရပါတယ်။

မြစ်ကြီးနား ဒေသခံပြည်သူအချို့ကတော့ မြစ်ဆုံဒေသဘက် စစ်ကောင်စီတပ်သားအင်အား ဖြည့်တင်းတာတွေ လုပ်ဆောင်နေပြီး မြစ်ကြီးနား-မြစ်ဆုံတစ်လျှောက်နေရာအချို့မှာပါ စစ်သားတွေ နေရာချထားတာကြောင့် ခံစစ်သဘော ပြင်ဆင်လာကြတာလို့ ထင်မြင်သုံးသပ်ကြပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အနေနဲ့ မြစ်ကြီးနား-ပူတာအိုလမ်းပေါ်က ဆွမ်ပရာဘွမ်မြို့ကို သိမ်းပိုက်ထားတဲ့အပြင် မြစ်ဆုံအထက်ဘက် တီယန်ဇွပ်ကျေးရွာက စစ်ကောင်စီရဲ့ တပ်စခန်းသုံးခုကိုလည်း ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂ ရက်နေ့မှာ သိမ်းပိုက်ထားပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ မြစ်ကြီးနား-မြစ်ဆုံလမ်းတစ်လျှောက်က ရွာအချို့မှာ စစ်ကောင်စီက ဝင်ရောက်တပ်စွဲနေထိုင်တာတွေ ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။

April 11, 2026
ကချင်ပြည်နယ်အတွက် အဆိုပြုထားတဲ့ ဝန်ကြီး ၇ ယောက်နဲ့ တရားသူကြီးချုပ်၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်နဲ့...
ဓါတ်ပုံ- ပုံဟောင်းဖြစ်ပါသည်။
April 10, 2026
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO) ရဲ့ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဆွမ်လွတ်ဂွန်မော်နဲ့ အဖွဲ့...
ပုံဟောင်းဖြစ်ပါသည်
April 8, 2026
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO) ရဲ့ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဆွမ်လွတ်ဂွန်မော်က ရှမ်းမြောက် ဒေသထဲ...
April 7, 2026
စစ်ကော်မရှင်ရဲ့ ကချင်ပြည်နယ်လွှတ်တော်က အခုစစ်ကော်မရှင်ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်ကိုပဲ...