ရခိုင်သို့ ဥစားနှင့် အသားစား မွေးမြူရေးကြက်သားပေါက် ကောင်ရေ ခြောက်ထောင်ကို AA က ပထမအကြိမ် မှာယူဖြန့်ဖြူးပေး

ရခိုင်သို့ ဥစားနှင့် အသားစား မွေးမြူရေးကြက်သားပေါက် ကောင်ရေ ခြောက်ထောင်ကို AA က ပထမအကြိမ် မှာယူဖြန့်ဖြူးပေး

ရခိုင်လွတ်မြောက်မြို့နယ်များရှိ ပုဂ္ဂလိကမွေးမြူရေးလုပ်ငန်းရှင်များအတွက် ဥစားနှင့် အသားစားမွေးမြူရေး ကြက်သားပေါက် ကောင်ရေ ခြောက်ထောင်ကို အာရက္ခပြည်သူ့အစိုးရက တာဝန်ယူပြီး မှာယူဖြန့်ဖြူပေးထားကြောင်း သတင်းရရှိသည်။

အာရက္ခပြည်သူ့အစိုးရ၏ စိုက်ပျိုးရေးဌာနက ယခုမတ်လဆန်းတွင် ပထမဆုံးအကြိမ်အဖြစ် တာဝန်ယူ မှာယူဖြန့်ဖြူးပေးထားခြင်းဖြစ်သည်။

အဆိုပါကြက်သားပေါက်များကို ပုဏ္ဏားကျွန်း၊ ကျောက်တော်နှင့် မြောက်ဦးမြို့နယ်တို့မှ မွေးမြူရေးလုပ်ငန်းရှင်များထံသို့ ခွဲဝေ ပေးအပ်ထားပြီဟု စိုက်ပျိုးရေးဌာနနှင့်နီးစပ်သည့် သတင်းရင်းမြစ်က နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

"အခုလဆန်းမှာပဲ ပထမအသုတ် ကြက်သားပေါက် ခြောက်ထောင် တင်သွင်းပြီး ကြက်မွေးမြူရေးခြံတွေကို ခွဲဝေပေးထားတယ်။ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးအဝန်းအဝိုင်းက ခြံတွေကိုပေါ့" ဟု ပြောသည်။

အဆိုပါကြက်သားပေါက်များအတွက် မွေးမြူရေးလုပ်ငန်းရှင်များက အာရက္ခပြည်သူ့အစိုးရထံ ကြိုတင်ငွေ သွင်းပြီးနောက် အာရက္ခပြည်သူ့အစိုးရက တာဝန်ယူ မှာယူပေးခြင်းဖြစ်သည်ဟု သိရသည်။

ကြက်သားပေါက်တစ်ကောင်လျှင် မည်မျှနှုန်းထားဖြင့် မှာယူခဲ့ရသည်ကို လတ်တလောတွင် နိရဉ္စရာအနေဖြင့် ဖော်ပြနိုင်ခြင်းမရှိသေးပါ။

ရခိုင်တွင် စစ်ပွဲကာလ လမ်းကြောင်းများပိတ်ဆို့နေချိန် ဒေသတွင်းမွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့် ကြက်သားပေါက်၊ ဆေးဝါးနှင့် အစာများ မှာယူတင်သွင်းရန် အခက်ခဲရှိနေကြခြင်းဖြစ်သည်။

ထိုသို့အခက်အခဲရှိနေ၍ အာရက္ခပြည်သူ့အစိုးရက ကြက်သားပေါက်များ လမ်းခရီးတွင် အသေ အပျောက်မရှိအောင် တာဝန်ခံကာ မှာယူဖြန့်ဖြူးပေးခြင်းဖြစ်ကြောင်း အဆိုပါသတင်းရင်းမြစ်က ပြောသည်။

"စစ်ဖြစ်နေတော့ လမ်းကြောင်းတွေက မပွင့်ဘူး။ မွေးမြူရေးလုပ်ငန်းရှင်တွေအနေနဲ့လည်း ကြက်သားပေါက်မှာယူဖို့ မလွယ်ဘူး။ ဒီတော့ စိုက်ပျိုးရေးဌာနက တာဝန်ယူပြီးတော့ တင်သွင်းပေးတာပါ။ ဒီတခေါက်တင်သွင်းတဲ့ကြက်သားပေါက်တွေလည်း အသေအပျောက်နည်းနည်းနဲ့ မွေးမြူရေးလုပ်ငန်းရှင်တွေလက်ထဲကို ရောက်တယ်" ဟု ပြောသည်။

ရခိုင်လွတ်မြောက်မြို့နယ်တိုင်းရှိ မွေးမြူရေးလုပ်ငန်းရှင်များအတွက် ကြက်သားပေါက်များ မှာယူဖြန့်ဖြူးပေးနိုင်ရန် အာရက္ခပြည်သူ့အစိုးရက ကြိုးစားနေကြောင်းလည်း သူက ဆက်ပြောသည်။

လက်ရှိရခိုင်လွတ်မြောက်မြို့နယ်များမှ ဥစားနှင့် အသားစားကြက်မွေးမြူရေးလုပ်ငန်းများတွင် ဆေးဝါးနှင့်အစာများ အဓိက အခက်တွေ့နေကြသည်။

အသင့်သုံးအစာများမရရှိနိုင်၍ ဒေသထွက် ဆန်မှုန့်၊ ထုံးကျောက်မှုန့်၊ ပဲဖတ်၊ ငါးခြောက်မှုန့်များကို ရောစပ်ကျွေးမွေးပြီး ကြက်မွေးမြူရေးကို ဆက်လက်လုပ်ကိုင်နေရကြောင်း ကျောက်တော်မြို့နယ်မှ ဥစားကြက်မွေးမြူရေးလုပ်ငန်းရှင် ဦးနေကျော်ဌေးက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

ဥစားကြက်များအတွက် လိုအပ်သည့်အစာကို မရရှိ၍ ကြက်ဥ ဥနှုန်းကျဆင်းနေသလို ဆေးဝါးမရှိ၍လည်း ကြက်သေဆုံးမှုများရှိသည်ဟု သူက ပြောသည်။

ရခိုင်မှ စီးပွားဖြစ်မွေးမြူရေးလုပ်ငန်းများ ပြန်လည်ဦးမော့လာရန် လိုအပ်သည့် ကုန်ကြမ်းများ အလွယ်တကူမှာယူနိုင်ရေး လမ်းခရီးများ အဆင်ပြေချောမွေ့ရန်လိုအပ်သည်ဟုလည်း မွေးမြူရေးလုပ်ငန်းရှင်များက ပြောဆိုကြသည်။

March 19, 2026
ကျော်သီဟ — အာရက္ခတပ်တော်(AA)တည်ထောင်ခြင်း(၁၇) နှစ်မြောက်၊ တပ်တော်‌...
March 18, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်တွင် သက်ငယ်မုဒိမ်းမှုနှင့် လူသတ်မှုကျူးလွန်သူကိုဖမ်းမိပြီး...
March 17, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့စစ်နှာတွင် အာရက္ခတပ်တော်နှင့် ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်နေသည့်...
March 16, 2026
ရခိုင်စစ်ပွဲများကြောင့် ရခိုင်မှ ရန်ကုန်နှင့် ဧရာဝတီသို့ပြောင်းရွေ့တာဝန်ထမ်းဆောင်နေသော...