ကျောက်ဖြူ ဓညဝတီ ရေတပ်ဌာနချုပ်အနီး တိုက်ပွဲတွင်ပိတ်မိနေသည့် ရွာသားများကို AA ကယ်ထုတ်

ကျောက်ဖြူ ဓညဝတီ ရေတပ်ဌာနချုပ်အနီး တိုက်ပွဲတွင်ပိတ်မိနေသည့် ရွာသားများကို AA ကယ်ထုတ်

ဓာတ်ပုံ - ၂ဝ၂၄ ခုနှစ်တွင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း ပိတ်မိနေသည့် အရပ်သားပြည်သူများကို AA တပ်ဖွဲ့ဝင်များက ကယ်ထုတ်ခဲ့စဉ်။ (ဓာတ်ပုံ - ပေးပို့)

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ ဓညဝတီရေတပ်ဌာနချုပ်အနီး ဖြစ်ပွားနေသည့် တိုက်ပွဲအတွင်း ပိတ်မိနေသည့် ရွာသားများကို အာရက္ခတပ်တော် (AA) က ကယ်ထုတ်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။

ကျောက်ဖြူမြို့နယ်၊ သစ်ပုတ်‌တောင်တိုက်နယ်ရှိ ဓညဝတီရေတပ်ဌာနချုပ်အနီး ကျေးရွာဖြစ်သည့် စည်မော်ကျေးရွာသို့ ဝင်ရောက်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများနှင့် AA တို့သည် ယနေ့ မတ် ၄ ရက်၊ အရုဏ်တက်အချိန်တွင် တိုက်ပွဲပြင်းထန်ခဲ့သည်ဟု သိရသည်။

ယင်းသို့တိုက်ပွဲပြင်းထန်နေစဉ် AA က စည်မော်ရွာအတွင်း ပိတ်မိနေသည့် ဒေသခံများကို ဘေးကင်းရာသို့ ကယ်ထုတ်နိုင်ခဲ့သည်ဟု ဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာကို ပြောသည်။

"စည်မော်ရွာကို သစ်ပုတ်တောင်က စစ်ကြောင်းထိုး ဝင်လာတယ်။ AA က ခြုံခိုတိုက်လို့ တိုက်ပွဲဖြစ်တယ်။ စည်မော်ကုန်းမှာရော၊ ရွာမှာရော သူထိုးကိုယ်ထိုးဖြစ်နေကြတာ။ ရွာသားတွေကိုတော့ AA က ကယ်ထုတ်နိုင်တယ်" ဟု ပြောသည်။

ဓညဝတီရေတပ်ဌာနချုပ်နှင့်မနီးမဝေးရှိ ကျေးရွာများဖြစ်သော စည်မော်ရွာ၊ ကြတ္တိန်ရွာ၊ ရှောက်ချောင်းရွာ၊ စိုင်ခြုံရွာဖက်တို့တွင် ဖေဖော်ဝါရီနောက်ဆုံးပတ်မှစပြီး နေ့စဉ် ထိတွေ့တိုက်ပွဲဖြစ်လျက်ရှိသည်ဟု ဒေသခံများက ပြောသည်။

အဆိုပါတိုက်ပွဲများကြောင့် ဒေသခံတချို့ ထွက်ပြေးနေရပြီး ပိတ်မိနေသူတချို့လည်း ဆက်ရှိနေသည်ဟု ကျောက်ဖြူဒေသခံတစ်ဦးက နိရဉ္စရာကို ပြောသည်။

"ကျောက်ဖြူမှာက နေ့တိုင်းလိုလို တိုက်ပွဲရှိနေတယ်လို့ ပြောလို့ရတယ်။ ရွာသားအများစုကတော့ ထွက်ပြေးသွားကြပြီ။ ဓညဝတီနဲ့ကပ်လျက်ရှိတဲ့ရွာသားတချို့ ပိတ်မိတာ‌တွေရှိတယ်။ တချို့ ကိုယ့်ရွာမှာပဲကိုယ်နေမယ်ဆိုပြီး ကျန်ခဲ့သူတချို့လောက်ပဲ ရွာတွေမှာကျန်နေသေးတာ" ဟု ပြောသည်။

ရေတပ်ဌာနချုပ်အနီးရှိ ဦးကင်း၊ ကပ်သပြေ၊ ပျားတဲ စသည့်ကျေးရွာများမှ ဒေသခံများလည်း တိုက်ပွဲကြောင့် ထွက်ပြေးနေရကြောင်း ဒေသခံများက ပြောသည်။

ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်တိုက်နယ်တွင်ရှိသည့် အမှတ် (၃၂) ရဲတပ်ရင်းအနီးအနားနှင့် ဓညဝတီရေတပ်ဌာနချုပ်အနီးအနားပတ်ဝန်းကျင်တွင် စစ်ကောင်စီ၏ ကင်းပုန်းဝပ်နေသောစစ်ကြောင်းများနှင့် ကာကင်းစခန်းများကို AA က ယမန်နေ့ မတ်လ ၃ ရက်၊ နေ့လယ်ပိုင်းမှစ၍ ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲဖြစ်နေသည်ဟုလည်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီ၏ ဓညဝတီဌာနချုပ်‌ရေတပ်နှင့် ပင်လယ်ပြင်ရှိ နေဗီများမှ လက်နက်ကြီးများ၊ လေ ကြောင်း ပစ်ကူဖြင့် တိုက်ပွဲဖြစ်ပွားရနေရာသို့ ဆက်တိုက်ပစ်ခတ်နေကြောင်း မြေပြင်ဒေသခံများက ပြောသည်။

စစ်တွေမြို့တွင် ဟန်ရေးပြနေသည့် အကြမ်းဖက်စစ်ကားတစ်စီးအား တွေ့ရစဉ်။ (ပုံဟောင်း)
June 17, 2026
နှင်းနွယ်နီ - စစ်အုပ်စုထိန်းချုပ်ထားသည့် ရခိုင်ပြည်မြို့တော် စစ်တွေမြို့တွင် ယမန်နေ့ညက...
ဓာတ်ပုံ - ပေးပို့
June 16, 2026
ပိုးဝါ — ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့တွင် စက်လှေတိမ်းမှောက်၍ အမျိုးသမီးငါးဦးအပါအဝင်...
June 15, 2026
အာဏာသိမ်းစစ်တပ်ခန့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးနိုင်ဦးလက်ထက်တွင် ယူနီဖောင်း ဝတ်ထားသူများက...
June 13, 2026
သံတွဲခရိုင်၊ ငပလီမြို့အနီးပတ်ဝန်းကျင်တွင် မြေစျေးအပါအဝင် အိမ်ခြေစျေးများ အဆမတန် ကျလာသဖြင့်...