တရုတ်များကို ပြန်ခိုင်းပြီး ဘုရားသုံးဆူမြို့ကို လျှပ်စစ်၊ လောင်စာ ပြန်ရအောင် လုပ်ဆောင်မည်ဟု DKBA ပြော

တရုတ်များကို ပြန်ခိုင်းပြီး ဘုရားသုံးဆူမြို့ကို လျှပ်စစ်၊ လောင်စာ ပြန်ရအောင် လုပ်ဆောင်မည်ဟု DKBA ပြော

ဘုရားသုံးဆူမြို့သို့ တရားမဝင်ရောက်ရှိလာပြီး အွန်လိုင်းငွေလိမ်လုပ်ငန်း၊ လောင်းကစားနှင့် အခြားစားသောက်ဆိုင်လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နွယ်ဝင်များကို ယခု ဖေဖော်ဝါရီလကုန်တွင် အပြီးထွက်ခွာသွားရန်နှင့် မြို့ခံများ လျှပ်စစ်၊ လောင်စာဆီပြန်ရအောင် လုပ်ဆောင်သွားမည်ဟု DKBA က ပြောသည်။

နယ်စပ်ရှိ အွန်လိုင်းငွေလိမ်လုပ်ငန်း၊ လူကုန်ကူးခြင်းနှင့် ရာဇဝတ်မှုများ ပပျောက်ရေးအတွက် ထိုင်းနိုင်ငံနယ်စပ်ရှိ ဘုရားသုံးဆူမြို့အပါအဝင် မြန်မာဘက်ခြမ်း ၅ နေရာသို့ လျှပ်စစ်နှင့် စက်သုံးဆီတင်ပို့ရောင်းချခြင်း လုပ်ငန်းများကို ဖေဖော်ဝါရီ ၅ ရက်နေ့မှစ၍ ရပ်ဆိုင်းခဲ့သည်။

ထိုသို့ ရပ်ဆိုင်းလိုက်သည့်အပေါ် ဘုရားသုံးဆူမြို့ခံများ လူမှုစီးပွား ထိခိုက်နေမှုကို ကာကွယ်ဖြေရှင်းပေးနိုင်ရေးအတွက် ယခုလို ထုတ်ပြန်လုပ်ဆောင်ခြင်းဖြစ်သည်ဟု မြို့လုံခြုံရေး တာဝန်ထမ်းဆောင်နေသည့် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် - DKBA၊ အမှတ် - ၂ နည်းဗျူဟာမှူး၊ ဗိုလ်မှူးကြီးစောအေဝမ်းက ပြောသည်။

“အခုလောလောဆယ်တော့ ပြည်သူတွေစိုးရိမ်ပြီး မီးစက်တွေ ဆီတွေ လိုက်ဝယ်တော့ စျေးက ပိုတက်သွားတယ်။ ကျနော်တို့ကတော့ ပြောတယ်။ အရမ်းကြီးမစိုးရိမ်နဲ့ ကျနော်တို့လည်း နည်းလမ်းတစ်မျိုးမျိုး ပြန်ရှာပေးသွားမယ်” ဟု ဗိုလ်မှူးကြီးအေဝမ်းက လျှပ်စစ်နှင့် လောင်စာဆီတင်ပို့မှု ဆိုင်းငံ့ထားသည့်အပေါ် ကေအိုင်စီသို့ ပြောသည်။

ထိုင်းက ဘုရားသုံးဆူမြို့သို့ လျှပ်စစ်နှင့် လောင်စာဆီ တင်ပို့ရောင်းချနေမှုကို ဆိုင်းငံ့လိုက်သည့်အတွက် ဘုရားသုံးဆူမြို့ခံများက တရုတ်လောင်းကစားလုပ်ငန်းများကို ကိုင်တွယ်အရေးယူရန် မြို့အုပ်ချုပ်ရေးနှင့် လုံခြုံရေးတာဝန်ယူထားသည့် KNU နှင့် DKBA တို့ကို တောင်းဆိုမှုများ ဆက်တိုက်ပြုလုပ်နေသည်ဟု မြို့ခံများက ကေအိုင်စီသို့ ပြောသည်။

ဘုရားသုံးဆူမြို့ခံများ ယခုလို လူမှုစီးပွားဘဝ ထိခိုက်မှုရှိလာသည့်အတွက် တရားမဝင်၊ ဝင်ရောက်လာသည့် စားသောက်ကုန်လုပ်ငန်း၊ ကာစီနိုလောင်းကစားလုပ်ငန်း၊ ဂိမ်းရုံများ ဖွင့်လှစ်လုပ်ကိုင်နေသည့် တရုတ်လူမျိုးများအနေဖြင့် ဖေဖော်ဝါရီ ၂၈ ရက်နေ့မတိုင်မှီ ဘုရားသုံးဆူမြို့မှ ထွက်ခွာသွားရန်နှင့် လိုက်နာမှုမရှိက အရေးယူမည်ဟု DKBA ဖေဖော်ဝါရီ ၉ ရက်နေ့တွင် အမိန့်ထုတ်ပြန် ပြောဆိုသည်။

ယခုလို တရုတ်လူမျိုးများကို ထွက်ခွာခိုင်းခြင်း၊ လောင်းကစားရုံများ ပိတ်သိမ်းအရေးယူခြင်းတို့ကို DKBA က လုပ်ဆောင်သွားမည့်အပေါ် ကြိုဆိုကြောင်းနှင့် ဆက်စောင့်ကြည့်သွားမည်ဟု မြို့ခံတို့က ပြောဆိုနေကြသည်ဟု သိရသည်။

Most read this week

December 4, 2025
ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့်ကျုံဒိုးမြို့ အုပ်ချုပ်ရေးမှူးရုံးများသို့ ရွေးကောက်ပွဲ မဲပေးနိုင်ရေး...
Photo credit - CJ
December 3, 2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် ယမန်နေ့ ဒီဇင်ဘာလ(၁)ရက်နေ့ ညကိုးနာရီခွဲ ဝန်းကျင်က...
December 3, 2025
ကရင်အမျိုးသားအစည်းအရုံး-KNU က လေးကေကော်ဒေသမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)များကို...
Photo credit - CJ
December 2, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)နယ်မြေ၊ မြဝတီတောင်ဘက်ခြမ်းရှိ မင်းလက်ပံ...