ရန်ကုန် ဝမ်းရောဂါကူးစက်မှု လူသေဆုံးမှုရှိလာ

ရန်ကုန် ဝမ်းရောဂါကူးစက်မှု လူသေဆုံးမှုရှိလာ

ရန်ကုန်တိုင်း မြို့နယ်အချို့၌ ဝမ်းပျက်ဝမ်းလျှော ရောဂါကူးစက်မှု ဖြစ်ပွားနေပြီး ဗဟန်းမြို့နယ်တွင် အမျိုးသားတဦးသေဆုံးကာ ၁၀ ဦးထက်မနည်း ဆေးရုံတင်ထားရကြောင်း မြို့ခံသတင်းရင်းမြစ်က ပြောသည်။

ဗဟန်းမြို့နယ်၊ ကျိုက္ကဆံရပ်ကွက်တွင်နေထိုင်သူ အသက် ၅၀ ခန့်အရွယ် အမျိုးသားတဦးသည် ဝမ်းရောဂါကြောင့် ဆေးရုံကုသမှုခံယူနေစဥ် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် သေဆုံးသွားကြောင်း သိရသည်။

“ကျိုက္ကဆံရပ်ကွက်၊ ဥဿဖယားလမ်းက လူတယောက် မနေ့က ဝမ်းရောဂါကြောင့် ဆုံးသွားပါတယ်။ သူနဲ့အတူနေတဲ့တယောက်လည်း ဆေးရုံတင်ထားရတယ်” ဟု အထက်ပါ သတင်းရင်းမြစ်က ပြောသည်။

အဆိုပါရပ်ကွက်တွင် ဝမ်းရောဂါဖြစ်ပွားနေသူအချို့လည်း ရှိနေသေးပြီး ဆေးရုံတင်ပို့ ကုသမှုခံယူနေကြကြောင်းနှင့် ရောဂါမထိန်းချုပ်နိုင်မည်ကိုလည်း ဒေသခံများက စိုးရိမ်နေကြသည်။

လတ်တလောရရှိထားသည့် အချက်အလက်အရ ကျိုက္ကဆံရပ်ကွက်၊ စိန်ချယ်လမ်းမှ ဝမ်းရောဂါဖြစ်ပွားသူ လူ ၅ ဦး၊ ပုလဲလမ်းမှ ၂ ဦးကို ဆေးရုံတင်ပို့ထားရကြောင်း သိရသည်။

“အုပ်ကြီးကတော့ ရပ်ကွက်ထဲလာကြည့်ပြီး စည်ပင်ကို မိလ္လာကျွင်းတွေ ရှင်းခိုင်းသွားတယ်။ အဲ့ဒီလမ်းရဲ့ အနီးအနားမှာနေကြတဲ့ လူတချို့လည်း ဝမ်းလျှောတာတွေ ဖြစ်နေကြတယ်” ဟု ဒေသခံတဦးက ပြောသည်။

ရန်ကုန်တိုင်းတွင် လက်ရှိ၌ ဗဟန်းမြို့နယ်၊ တာမွေမြို့နယ်နှင့် မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် ကာလဝမ်းရောဂါကူးစက်မှု ဖြစ်ပွားနေကြောင်း ဒေသခံများနှင့် လူမှုကူညီရေးအသင်းများက ပြောသည်။

တာမွေမြို့နယ် စည်ပင်ဝန်းနှင့် မင်္ဂလာတောင်ညွှန့်မြို့နယ် မီးရထားဝင်းအတွင်း နေထိုင်သူများ၌လည်း ကာလဝမ်းရောဂါ ကူးစက်ဖြစ်ပွားမှုများရှိနေပြီး ဆေးကုသမှုခံယူနေရသူများရှိနေကြောင်း သိရသည်။

“ဒီရက်ပိုင်းထဲ ဝမ်းရောဂါဖြစ်နေတဲ့ လူနာ ၅ ယောက်လောက်ပို့ပြီးပြီ။ တာမွေ၊ သျှင်ပါဂူဆေးရုံကနေ ညွှန်ကြားချက်အရ စံပြဆေးရုံ၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးနဲ့ အရှေ့ပိုင်းဆေးရုံ (ဂန္ဒီဆေးရုံ) တို့ကိုလည်း ပို့ပေးနေရတာရှိတယ်။ ညဘက်တွေပါ ပို့နေရတာ” ဟု တာမွေမြို့အခြေစိုက် လူမှုကူညီရေးအသင်းတခုမှ တာဝန်ရှိသူတဦးက ပြောသည်။

ဝမ်းရောဂါဖြစ်ပွားနေသည့် မြို့နယ်များတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ကျန်းမာရေးဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးခြင်း၊ ဆေးဖြန်းမှုများ လုပ်ဆောင်ပေးနေကြောင်း သိရသည်။

ဝမ်းရောဂါ၏ လက္ခဏာများသည် ဝမ်းအလွန်သွားခြင်း၊ အော့အန်ခြင်း၊ ခြေထောက်ကြွက်တက်ခြင်း၊ အားအင်ကုန်ခမ်းခြင်းတို့ဖြစ်ပြီး လျှင်မြန်စွာမကုသလျှင် အသက်သေဆုံးနိုင်သည်အထိ ဖြစ်စေနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတိပေးထားသည်။

ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါသည် ဘက်တီးရီးယားပိုး၊ ဗိုင်းရပ်စ်ပိုးနှင့် ကပ်ပါးပိုးများ အစာအိမ်နှင့် အူလမ်းကြောင်းအတွင်းသို့ ဝင်ရောက်ခြင်းကြောင့် ဖြစ်ပွားရခြင်းဟု ကျန်းမာရေးဝန်ထမ်းများက ပြောသည်။

မသန့်ရှင်းသည့် အစားအစာများနှင့် ရေ၊ တကိုယ်ရေသန့်ရှင်းမှု အားနည်းခြင်းနှင့် ယင်မလုံသည့် ရေအိမ်များမှတဆင့် ရောဂါကူးစက်နိုင်ကြောင်း စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနက သတိပေးချက် ထုတ်ပြန်ထားသည်။

ဝမ်းရောဂါသည် ကူးစက်ရောဂါဖြစ်သည့်အတွက် မသန့်ရှင်းသည့် အစားအစာများ စားသုံးခြင်းကို ရှောင်ရှားရန်၊ သောက်သုံးရေကို ကျိုချက်သန့်စင်ပြီးမှ သောက်ရန်နှင့် အပြင်သွားပါက နှာခေါင်းစည်းတပ်ဆင်ပြီးမှ သွားလာကြရန် လူမှုကူညီကယ်ဆယ်ရေးအသင်းများက တိုက်တွန်းသည်။

ပြီးခဲ့တဲ့နှစ် ၂၀၂၄ ခုနှစ်၌လည်း ရန်ကုန်မြို့၊ မန္တလေးမြို့၊ ဧရာ၀တီတိုင်းရှိ မြို့နယ်အချို့နှင့် ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းအချို့တွင် ဝမ်းရောဂါဖြစ်ပွားမှုများကြောင့် လူနာအချို့ သေဆုံးမှုရှိခဲ့သည်။

February 13, 2026
စိုင်းခန့် — ကရင်နီပြည်ရှိ သံလွင်မြစ်အတွင်း Arsenic (အာဆင်းနစ်) ၊ ခဲနှင့် ပြဒါး အပါအဝင်...
February 12, 2026
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်က ဒေသခံအရပ်သားလေးဦးအား...
ဒီမောဆိုမြို့ တနေရာရှိ ဘိန်းခင်းကို KNDF တပ်ဖွဲ့ဝင်များ ဖျက်ဆီးနေကြပုံ။ (Moe Nyo Facebook)
February 11, 2026
ဂျူချန်း — ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တနေရာရှိ ဘိန်းခင်းများကို...
February 10, 2026
မောင်ခက်နွေ — မြန်မာ့နွေဦးတော်လှန်ရေး အရှိန်အဟုန်မြှင့်တင်ရန်နှင့် အောင်ပွဲရရှိရန်အတွက်...