ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ ကမိုင်ကုန်း၊ တောင်ကြာအင်းကျေးရွာနှင့် မြဝတီမဲကနယ်၊ ရွှေမြစန္ဒီကျေးရွာများအား စစ်တပ်၏ လေကြောင်း၊ လက်နက်ကြီးများဖြင့် နေ့ရောညပါ တိုက်ခိုက်မှုကြောင့် အရပ်သားနေအိမ်နှင့် ကျေးရွာအုပ်ချုပ်ရေးရုံးများ ထိခိုက်ပျက်စီးကြောင်း နယ်မြေခံသတင်းအရင်းအမြစ်များက ပြောဆိုချက်အရ သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၃၀ ရက်၊ နေ့လည်ပိုင်းနှင့် ညပိုင်းတွင် ခြေလျင်တပ်ရင်း - ခလရ ၉၇ နှင့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် - စကခ ၁၂ မှ လက်နက်ကြီးနှင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် ကမိုင်ကုန်းကျေးရွာရှိ ဒေသခံနေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့ပြီး တောင်ကြာအင်းကျေးရွာတွင်လည်း နေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့သည်ဟု ဒေသခံနှင့် တော်လှန်ရေးစစ်ရေး သတင်းအရင်းအမြစ်ထံမှ သိရသည်။
ထိုနေ့ တစ်ရက်တည်းတွင်ပင် စစ်ကောင်စီ လေကြောင်းမှ ပေါင် ၅၀၀ ဗုံးသီးချတိုက်ခိုက်မှုကြောင့် မြဝတီမြို့ မဲကနယ်ကျေးရွာနှင့် ရွှေမြစန္ဒီကျေးရွာနေအိမ်အချို့နှင့် ရပ်ကွက်အုပ်ချုပ်ရေးရုံး ထိခိုက်ပျက်စီးခဲ့ကြောင်းလည်း နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - KNLA စစ်ရေးသတင်းအရင်းအမြစ်က ပြောသည်။
“ကမိုင်ကုန်းနဲ့ တောင်ကြာအင်းဘက်အိမ်တွေ ပျက်စီးတယ်။ ကျုံဒိုး ခမရ ၅၄၅ ၊ စကခ ၁၂ ၊ ခလရ ၉၇ က ပစ်ထုတ်တာပေါ့။ မြဝတီဘက်မှာက မဲကနယ်ညီနောင်သင်္ချိုင်း နောက်ဘက်နဲ့ မြစန္ဒီအုပ်ချုပ်ရေးရုံးကို လေယာဉ် ပေါင် ၅၀၀ ဗုံးကြဲတယ်။ လူတွေကတော့ ရှောင်အိပ်ရှောင်နေကြတာမို့ မထိဘူး။ PDF ဘက်ကတော့ ထိတယ်ကြားပေမယ့် အတိအကျ မသိသေးဘူး” ဟု KNLA စစ်ရေး နယ်မြေသတင်းအရင်းအမြစ်က ပြောသည်။
လက်ရှိ ကျုံဒိုး၊ ကော့ကရိတ်၊ မြဝတီဒေသများတွင် စစ်ကောင်စီတပ်ဘက် စစ်ရေးအရှိန်မြှင့် တိုက်ခိုက်နေသည့်အတွက် KNLA မဟာမိတ်ပူးပေါင်းတပ်များနှင့် နေ့စဉ် ပစ်ခတ်တိုက်ခိုက်မှုရှိနေကြောင်း စစ်မြေပြင် သတင်းအရင်းအမြစ်အရ သိရှိရသည်။
အဆိုပါ တိုက်ပွဲဖြစ်စဉ်များကြောင့် ကော့ကရိတ်၊ ကျုံဒိုး၊ အာရှလမ်းသစ်နှင့် ကျေးရွာများတွင် နေထိုင်သူဒေသခံ ထောင်ချီ စစ်ဘေးရှောင်နေထိုင်နေကြရကြောင်း ဒေသခံ စစ်ဘေးရှောင်အရေးကူညီနေသူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
ကော့ကရိတ်အခြေစိုက် စစ်ဘေးရှောင်အရေး ကူညီနေသူ အမျိုးသမီးတစ်ဦးက “ရွာသားကတော့ ရွာတန်းရှည်ဘက်၊ ဖားကျ၊ သမိန်ဒွတ်၊ ဝင်းကဘက်တွေ ရှောင်ကြပေါ့၊ ကျုံဒိုးကဆိုရင် ဂျိုင်းမြစ်တစ်ဘက်ကမ်း၊ ရွှေဖြူတို့၊ ဂျိုင်းရွာကြီးတို့၊ မနီကုန်းတို့၊ သာမညတို့ဘက် ရှောင်ကြရတာပေါ့၊ အားလုံးပေါင်းကတော့ ထောင်ဂဏန်းပေါ့ စာရင်းတော့ မကောက်နိုင်ဘူး။ ကော့ကရိတ်ကလူတွေလည်း မော်လမြိုင်၊ ဖားအံ ပြန်သွားနေကြသလို ရပ်ကွက်ထဲဆက်နေတဲ့သူလည်း ရှိတာပေါ့” ဟု ပြောသည်။
လတ်တလော ကရင်ပြည်နယ်အတွင်း အဓိက ထိုင်း-မြန်မာ နယ်စပ် ကုန်သွယ်ရေးလမ်းပိုင်းကို စစ်ကောင်စီက ပြန်လည်စိုးမိုးသိမ်းပိုက်နိုင်ရန် မြေပြင်စစ်ကြာင်းထိုးတိုက်ခိုက်ခြင်း၊ လေကြောင်း ဗုံးကြဲခြင်းအပြင် လက်နက်ကြီးပစ်ခတ်တိုက်မှု ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်။
သို့သော် ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်မှုများ နေ့ရောညပါ လုပ်ဆောင်နေသော်လည်း ကျုံဒိုးမှ မြဝတီအထိ နယ်မြေစိုးမိုးထားနိုင်ခြင်းမျိုး မရရှိသေးကြာင်း စစ်ရေး နယ်မြေသတင်းအရင်းအမြစ် ပြောစကားအရ သိရသည်။







