“ရာမညပူးတွဲစစ်ကြောင်း” ဖြင့် စစ်ဆင်ရေး ပြုလုပ်သွားမည်ဟု မွန်တပ်ဖွဲ့ ၄ ဖွဲ့ ထုတ်ပြန်

“ရာမညပူးတွဲစစ်ကြောင်း” ဖြင့် စစ်ဆင်ရေး ပြုလုပ်သွားမည်ဟု မွန်တပ်ဖွဲ့ ၄ ဖွဲ့ ထုတ်ပြန်

မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ မွန်ပြည်ကာကွယ်ရေးတပ် (MSDF)၊ မွန်ပြည်သစ်ပါတီ (MNLA-AD) နှင့် မွန်ပြည်လွတ်မြောက်ရေးတပ်မတော် (MLA) တို့ ပူးပေါင်းဖွဲ့စည်းထားသည့် “ရာမညပူးတွဲစစ်ကြောင်း” ဖြင့် စစ်ဆင်ရေး ပြုလုပ်သွားမည်ဟု မွန်တော်လှန်ရေးတပ်ဖွဲ့တို့က ဇန်နဝါရီလ ၁၉ ရက်နေ့ ညနေပိုင်းက ထုတ်ပြန်သည်။

မွန်တော်လှန်ရေးတပ်ဖွဲ့ ၄ ဖွဲ့ဖြစ်သည့် MSRF၊ MSDF၊ MNLA-AD နှင့် MLA တို့က ဇန်နဝါရီလ ၁၇ ရက်နေ့က လွတ်မြောက်နယ်မြေ တစ်နေရာတွင် အစည်းအဝေးကျင်းပခဲ့ပြီး “ရာမညပူးတွဲစစ်ကြောင်း” ကို ဖွဲ့စည်းခဲ့သည်။

အနာဂတ်တွင် မွန်တော်လှန်ရေးတပ်များ ပူးပေါင်းပါဝင်သည့် မွန်တပ်တော်တစ်ခု အမြန်ဆုံး ဖြစ်ပေါ်လာစေရန် ရည်ရွယ်ပြီး “ရာမညပူးတွဲစစ်ကြောင်း” ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု ရာမညပူးတွဲစစ်ကြောင်း ပြန်ကြားရေး ဒု-တာဝန်ခံ နိုင်မာဃက ပြောသည်။

“ဒီလာမဲ့ အနာဂတ်မှာ မွန်တော်လှန်ရေးတပ်တွေအားလုံး ပူးပေါင်းပါဝင်နိုင်တဲ့ မွန်တပ်တော်တစ်ခု ဖြစ်ပေါ်လာစေရေးအတွက် ရည်ရွယ်ပြီး အခုလိုမျိုး ဖွဲ့စည်းလိုက်တာဖြစ်တယ်။ ကျနော်တို့ ပထမခြေလှမ်းအနေနဲ့ စစ်ရေးပူးပေါင်းခြင်းပဲ ဖြစ်ပါတယ်။ ကျနော်တို့ စစ်ကြောင်းအနေနဲ့ ဒီမွန်ဒေသတွေမှာ စစ်ရေးလှုပ်ရှားမှုတွေ ရှိလာမှာဖြစ်တယ်” ဟု နိုင်မာဃက ပြောသည်။

စစ်ကောင်စီကို တစ်ဖွဲ့ချင်းဖြင့် တိုက်ခိုက်သွားမည်မဟုတ်ပဲ “ရာမညပူးတွဲစစ်ကြောင်း” ဖြင့် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း၊ စစ်ရေးအရှိန် မြှင့်သွားမည်ဖြစ်ကြောင်းလည်း ရာမညပူးတွဲစစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ သီရိမွန်ချမ်းက ပြောသည်။

“တပ် (၄) တပ်က ရဲဘော်တွေ စုပေါင်းပြီး ဒီရာမညပူးတွဲစစ်ကြောင်းမှာ ပါဝင်သွားမှာဖြစ်တယ်။ တပ်အင်အားများတယ်ဆိုပေမဲ့ စစ်ရေးလျှိူဝှက်ချက်ဖြစ်လို့ ပြောပြလို့မရပါဘူး။ အဲထဲမှာ စစ်ဆင်ရေးမှူးတွေ၊ ဗျူဟာမှူးတွေ ရှိလာမယ်။ အရင်လိုမျိုး သီးခြားနေထိုင်ပြီး သီးခြားတိုက်ခိုက်နေတာ မဟုတ်တော့ဘူး။ တစ်မိန့်တည်းနဲ့ပဲ သွားမှာဖြစ်တယ်။ ဒီရာမညပူးတွဲစစ်ကြောင်းနဲ့ပဲ မွန်ဒေသအတွင်းမှာ စစ်ရေးအရှိန် မြှင့်တင်သွားမယ်” ဟု ဒေါက်တာ သီရိမွန်ချမ်းက ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၉ ရက်နေ့ကလည်း MSRF၊ MSDF၊ MNLA-AD နှင့် MLA တို့ တွေ့ဆုံခဲ့ကြပြီး မွန်တပ်တော်တစ်ခု ပေါ်ထွန်းရေးကို အကောင်အထည်ဖော်ရန် သဘောတူထားကြသည်။

လက်ရှိတွင် “ရာမညပူးတွဲစစ်ကြောင်း” မှ မွန်ဒေသအနှံ့အပြားတွင် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်သွားရန်အတွက် စစ်ရေးဆိုင်ရာ စီမံချက်များ ရေးဆွဲချပြီဖြစ်ကြောင်းလည်း စစ်ကြောင်းတာဝန်ရှိတို့သူထံမှ သိရသည်။

March 24, 2026
ကမ္ဘာ့ရွှေဈေးနှင့်အတူ ပြည်တွင်းရွှေဈေး ဆက်တိုက်ကျဆင်းလာနေပြီး မတ်လ ၂၃ ရက်နေ့တွင် ၁၆...
ပုံ- မြိတ်သတင်းနှင့်ဓာတ်ပုံ
March 23, 2026
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်-ထားဝယ် ကားလမ်းပိုင်း အသုံးပြုမှုနှင့်ပတ်သတ်၍...
March 21, 2026
မွန်ပြည်နယ်လွှတ်တော်အစည်းအဝေး၌ ယမန်နေ့ရွေးချယ်ခဲ့သည့် လွှတ်တော်ဥက္ကဋ္ဌနေရာတွင် ကြံ့ခိုင်ရေးပါတီ...
March 20, 2026
မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ရာကျေးရွာအချို့တွင်...