တနင်္သာရီတိုင်းတွင် ဗုံးခိုကျင်းမတူးရန် စစ်ကောင်စီ ခြိမ်း‌ခြောက်၊ တူးပြီးသားကျင်းများကို ဖျက်ဆီး

တနင်္သာရီတိုင်းတွင် ဗုံးခိုကျင်းမတူးရန် စစ်ကောင်စီ ခြိမ်း‌ခြောက်၊ တူးပြီးသားကျင်းများကို ဖျက်ဆီး
လောင်းလုံးမြို့နယ်အတွင်း ဗုံးခိုကျင်းတူးထားသည်ကို ၂၀၂၄ ခု၊ ဖေဖော်ဝါရီလက တွေ့ရစဉ် (ဓါတ်ပုံ- CJ)
လောင်းလုံးမြို့နယ်အတွင်း ဗုံးခိုကျင်းတူးထားသည်ကို ၂၀၂၄ ခု၊ ဖေဖော်ဝါရီလက တွေ့ရစဉ် (ဓါတ်ပုံ- CJ)

တနင်္သာရီတိုင်းအတွင်း စစ်ရေးအခြေအနေတင်းမာနေသည့် ဒေသများ၌ ဗုံးခိုကျင်းမတူးရန် ဒေသခံပြည်သူများအား စစ်ကောင်စီက ခြိမ်း‌ခြောက်ပြီး တူးပြီးသားကျင်းများကိုလည်း ဖျက်ဆီးမှုများရှိနေကြောင်း ဒေသခံများက ပြောသည်။

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ရေဖြူမြို့နယ်၊ သရက်ချောင်းမြို့နယ်နှင့် မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ မြိတ်မြို့နယ်၊ တနင်္သာရီမြို့နယ်တို့တွင် ထိုကဲ့သို့သောဖြစ်ရပ်အချို့ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

မြိတ်မြို့ဒေသခံတဦးက “သဲအိတ်တွေနဲ့ ဖုံးထားတဲ့ ဗုံးခိုကျင်းတွေတွေ့ရင် သူတို့က မီးရှို့တယ်။ ဖျက်ဆီးပစ်တယ်။ ပြီးတော့ ရွာထဲဝင်လာလို့ ဗုံးခိုကျင်းတူးနေတာတွေမလုပ်ဖို့ တားတယ်” ဟု ပြောသည်။

တနင်္သာရီတိုင်းစစ်ဌာန စစ်ဆင်ရေးတာဝန်ခံ ရဲဘော် Star ကလည်း စစ်ကောင်စီသည် တိုက်ပွဲနယ်မြေအတွင်း ဒေသခံများအား ယင်းကဲ့သို့ ခြိမ်းခြောက်အကျပ်ကိုင်မှုများရှိသည်ဟု ကြားသိရကြောင်း ပြောသည်။

“တချို့ရွာတွေမှာကျရင် ဗုံးခိုကျင်းတွေကို (စကစ က) ပေးမတူးဘူး။ အဲ့ဒါတွေ မလုပ်ရဘူးဆိုပြီး တားမြစ်တာတွေ ကြားဖူးတယ်” ဟု ရဲဘော် Star က ပြောသည်။

ဒေသတွင်းအခြေစိုက် သုတေသနအဖွဲ့ဖြစ်သည့် FE5 Tanintharyi က ဇန်နဝါရီလ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွက် အစီရင်ခံစာတွင် စစ်ကောင်စီက ၎င်းတို့ စစ်ကြောင်းထိုးလာစဉ် ဗုံးခိုကျင်းများတွေ့ပါက ဒေသခံများကို ဖမ်းဆီး၊ သတ်ဖြတ်မှုများ ပြုလုပ်လေ့ရှိသည်ဟု ဖော်ပြထားသည်။

တနင်္သာရီတိုင်းအတွင်းဖြစ်ပွားသည့် တိုက်ပွဲများတွင် စစ်ကောင်စီက လေကြောင်းအသုံးပြု တိုက်ခိုက်မှုများနှင့် လက်နက်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကို ပိုမိုပြုလုပ်လာသဖြင့် ဒေသခံများသည် ဗုံးခိုကျင်းတူးလိုကြသည်။

သို့သော် စစ်ကောင်စီ၏ ခြိမ်းခြောက်မှုများနှင့် အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်မှုများကြောင့် ဗုံးခိုကျင်းတူးပါက ပိုမိုအန္တရာယ်ကျရောက်နိုင်သည်ဟု ယူဆမှုများလည်းရှိနေကြောင်း FE5 Tanintharyi အစီရင်ခံစာက ဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း တနင်္သာရီတိုင်းတွင် တိုက်ပွဲများနှင့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူ ၆၅,၀၀၀ ကျော်ရှိခဲ့ပြီး စစ်ကောင်စီ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုများကြောင့် ဒေသခံနေအိမ် ၂၆၀ ကျော် ပျက်စီးခဲ့ကြောင်း FE5 Tanintharyi က ၎င်းတို့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

လက်ရှိတွင် တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလော၊ တနင်္သာရီ၊ မြိတ် စသည့်မြို့နယ်များအတွင်း စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်များအကြား စစ်ရေးတင်းမာလျက်ရှိပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများလည်း ပြုလုပ်နေကြောင်း သိရသည်။

တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စုကို ဇန်နဝါရီလ ၁၃ ရက်နေ့တွင် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံသုံးဦး ဒဏ်ရာရခဲ့သည်ဟု မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း (၁) က သတင်းထုတ်ပြန်သည်။

နိုင်ငံတဝန်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ၂၀၂၅ ဇန်နဝါရီလ ရက်သတ္တပတ် နှစ်ပတ်အတွင်း အရပ်သား ၅၂ ဦး သေဆုံးခဲ့သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

Most read this week

December 4, 2025
မြဝတီမြို့နယ်တောင်ဘက်၊ ဖလူး၊ မင်းလက်ပံဒေသအနီးတဝိုက်တွင် စစ်ကော်မရှင်တပ်နှင့် ကရင်အမျိုးသား...
December 3, 2025
အာဏာသိမ်း စစ်ကော်မရှင်တပ်နှင့် မြန်မာတော်လှန်‌ရေးအင်အားစုများကို အင်ဒိုနီးရှားက...
December 2, 2025
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အရှေ့ခြမ်းရှိ နတ်မှော်ဦးကျေးရွာကို ကော်မရှင်တပ်ဖွဲ့က...
December 1, 2025
မကွေးတိုင်း၊ ရေစကြိုမြို့ နယ် တောင်ခြမ်း၊ ရွာသစ်ကျေးရွာအနီးရှိ ကင်းစခန်း တခုတွင်...