NUG လူ့အခွင့်အရေးဝန်ကြီးဌာနအား ထိရောက်အားကောင်းသော ပုံစံတရပ်သို့ ပြောင်းလဲရန် ပြင်ဆင်နေဟု ဝန်ကြီးပြော

NUG လူ့အခွင့်အရေးဝန်ကြီးဌာနအား ထိရောက်အားကောင်းသော ပုံစံတရပ်သို့ ပြောင်းလဲရန် ပြင်ဆင်နေဟု ဝန်ကြီးပြော
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်း
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအား ထိရောက်အားကောင်းသော ပုံစံတရပ်သို့ ပြောင်းလဲနိုင်ရေး တိုင်ပင်ဆွေးနွေးမှုများပြုလုပ်နေကြောင်း ဝန်ကြီးဦးအောင် မျိုးမင်းက ယမန်နေ့ ဇန်နဝါရီလ ၁၅ ရက်နေ့က မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၃ ရက်နေ့က ပြုလုပ်ခဲ့သည့် ဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲ၌လည်း လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနကို အစိုးရမဟုတ်သော သီးခြားလွတ်လပ်သည့်ပုံစံမျိုး အသွင်ပြောင်းရန် ကြိုးပမ်းနေသည်ဟု ပြောဆိုမှုရှိခဲ့သည်။

အဆိုပါ ဝန်ကြီးဌာနအား အသွင်ပြောင်းမည့် အခြေအနေနှင့်ပတ်သက်၍ အသေးစိတ်သိရှိနိုင်ရန် မဇ္ဈိမက မေးမြန်းရာ၌ “ထိရောက်အားကောင်းတဲ့ ပုံစံမျိုးဖြစ်ဖို့အတွက် အားလုံး ကျွန်တော်တို့ ဆွေးနွေးတိုင်ပင်နေကြပါတယ်။ ဘယ်လိုပုံစံလည်းဆိုတာကို ထုတ်ပြန်ပါမယ်” ဟု ဝန်ကြီးဦးအောင်မျိုးမင်းက ပြောသည်။

ထို့အတူ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနအား ကော်မရှင်အဖြစ် ပြောင်းလဲဖွဲ့စည်းမည်ဆိုသည့် သတင်းများလည်း ထွက်ပေါ်နေခြင်းနှင့်ပတ်သက်၍ “ဝန်ကြီးဌာနတရပ်မှ ကော်မရှင်အဖြစ် ပြောင်းလဲဖွဲ့စည်းခြင်းသည် မသင့်တော်သည့်ကိစ္စဖြစ်ပြီး သီးခြားလွတ်လပ်သော အဖွဲ့အစည်းဖြစ်လာနိုင်မည်မဟုတ်ဟု” ၎င်းက ပြောသည်။

“လူ့အခွင့်အရေးကော်မရှင်တရပ်က သူ့ရဲ့ လူ့အခွင့်အရေးဆိုင်ရာဥပဒေနဲ့ ဖွဲ့စည်းရမှာဖြစ်တယ်။ အဲဒီ ဥပဒေမှာပါတဲ့ ပုံစံအတိုင်း ရွေးခြယ်မှုတွေ ခန့်အပ်မှုတွေ ရှိပါလိမ့်မယ်။ အဲ့ဒီပုံစံအတိုင်း ပေါ်ပေါက်တဲ့ လူ့အခွင့်အရေးကော်မရှင်မှသာ သီးခြားလွတ်လပ်တဲ့ လူ့အခွင့်အရေးကော်မရှင် ဖြစ်ပါလိမ့်မယ်။ လူ့အခွင့်အရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေ ဟိုဘက်ကိုပြောင်းဆိုတာကတော့ ဘယ်လိုမှ ဖြစ်မှာလည်းမဟုတ်ပါဘူး၊ ဖြစ်ဖို့လည်း မသင့်ပါဘူး” ဟု ဝန်ကြီးဦးအောင်မျိုးမင်းက ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အနေဖြင့် တော်လှန်ရေးအရှိန်ကို မြှင့်တင်နိုင်ရန်နှင့် မဟာမိတ်ဆက်ဆံရေး ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန် ၎င်း၏ ဝန်ကြီးဌာနများအား ပြည်တွင်း၌ အခြေစိုက်မည်ဖြစ်ကြောင်းကို NUG သမ္မတရုံးပြောခွင့်ရသူ ဦးကျော်ဇော်က ပြောဆိုထားသည်။

“လူ့အခွင့်အရေးဝန်ကြီးဌာနနဲ့ ပတ်သက်ပြီးတော့လည်း နောက်ပိုင်းမှာတော့ ထုတ်ပြန်ကြေညာချက်တွေ အပြောင်းအလဲရှိခဲ့ရင် ရှိတဲ့အချိန်မှာ ထုတ်ပါလိမ့်မယ်ခင်ဗျ” ဟု ၎င်းက မဇ္ဈိမ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

NUG ယာယီသမ္မတဒူဝါလရှီးလက တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်တပ်များထဲမှ ထက်မြက်၍ ဦးဆောင်နိုင်သူများအား အစိုးရအဖွဲ့အတွင်း ထည့်သွင်းရန် ဇန်နဝါရီ ၁၄ ရက်နေ့ကပြုလုပ်သည့် ၂/၂၀၂၅ အစည်းအဝေးတွင် ပြောဆိုသည်။

NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း ယခု ၂၀၂၅ ခုနှစ်တွင် အစိုးရအဖွဲ့အတွင်း ပြုပြင်ပြောင်းလဲရေးများ မြန်မြန်ဆန်ဆန်လုပ်ရန် လိုအပ်နေကြောင်း ဇန်နဝါရီ ၇ ရက်နေ့က ပြုလုပ်သည့် NUG အစိုးရအဖွဲ့အစည်းအဝေး၌ တိုက်တွန်းပြောဆိုသွားခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရအား ၂၀၂၁ ခုနှစ် ဧပြီလ ၁၆ ရက်တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) တို့မှ ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်သည်။

NUG အစိုးရအဖွဲ့အား ဝန်ကြီးဌာန ၁၇ ခုဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး လာမည့် ဧပြီလ ၁၆ ရက်တွင် NUG ၏ အစိုးရသက်တမ်း ၄ နှစ် ပြည့်မြောက်မည်ဖြစ်သည်။

March 11, 2026
မောင်ခက်နွေ — အာဏာသိမ်းမြန်မာစစ်တပ်၏ ဝင်ငွေအရင်းအမြစ်ဖြစ်သည့် ပုလဲလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသော...
March 10, 2026
ဇာမဏီလင်းမောင် — မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် ဖယ်ထုတ်၍မရသည့် လူထုခေါင်းဆောင်...
March 9, 2026
ပါခွီး — ကချင် ၊ ချင်းနှင့် ရခိုင်ပြည်နယ်များသို့ ပို့မည့် စက်သုံးဆီများ NUG၏ တိုင်း/ ဖက်ဒရယ်...
၂၀၂၅ မေလ တွင် ဗန်းမော်မှ ရွှေကူမြို့၌ ဆင်းသက်သည့် ရဟတ်ယာဉ်ကို KIA တပ်က တိုက်ခိုက်သဖြင့် ရဟတ်ယာဉ်လေဒလက်အနီး ပေါက်ကွဲမှုဖြစ်ခဲ့ပုံ။ (Kachin Sub State Media)
March 7, 2026
ဂျူချန်း — တိုက်ပွဲဖြစ်ပွားနေသည့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် Mi17 ရဟတ်ယာဉ်တစီး ပစ်ခတ်ခံရကာ...