ပုသိမ်ထောင်တွင် အကျဉ်းသားများ ရေသုံးစွဲခွင့် လုံလောက်စွာမရ၍ ယားနာများဖြစ်ပွား

ပုသိမ်ထောင်တွင် အကျဉ်းသားများ ရေသုံးစွဲခွင့် လုံလောက်စွာမရ၍ ယားနာများဖြစ်ပွား

ဧရာဝတီတိုင်း၊ ပုသိမ်ထောင်တွင် အကျဉ်းသား၊ အကျဉ်းသူများ ရေသုံးစွဲခွင့် လုံလောက်စွာမရ၍ ယားနာဖြစ်ပွားနေကြကြောင်း နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များက ပြောသည်။

၂၀၂၂ ခုနှစ်ကတည်းက ယားနာများ ဖြစ်ပွားနေခြင်းဖြစ်ပြီး လက်ရှိတွင် အကျဉ်းသားများမှာ ယားနာဝေဒနာ ပိုမိုပြင်းထန်စွာ ခံစားနေရသည်ဟုလည်း အကျဉ်းဦးစီးနှင့် နီးစပ်သူက မဇ္ဈိမကို ပြောသည်။

လျှပ်စစ်မီး ပုံမှန်မလာခြင်းနှင့် လာချိန်များတွင်လည်း ထောင်အာဏာပိုင်များက အကျဉ်းထောင်အတွင်းသို့ ရည်ရွယ်ချက်ရှိရှိ မီးဖြတ်ထားသဖြင့် ရေမတင်နိုင်ဖြစ်ကာ ပုံမှန်ရေမချိုးကြရကြောင်း သိရသည်။

“မီးကို တမင်ကို နေ့ဘက်ကို အရှင်းမပေးဘဲ ဖျက်ထားတာ။ ထောင်မီးလာလည်း ထောင်တွင်းကို ဘရိတ်ကာချထားတော့ တိုက်ပိတ်သမားတွေဆို ယားနာတွေနဲ့ ကော့ပြန်နေတာပဲ။ အဲဒီလိုလုပ်နေတဲ့အထဲမှာ ထောင်မှူးအောင်ဇော်လင်းက အဆိုးဆုံးပဲ” ဟု အကျဉ်းဦးစီးနှင့် နီးစပ်သူကပြောသည်။

အကျဉ်းသူ၊ အကျဉ်းသားများမှာ ဆေးဝါးကုသခွင့် မရရှိသည့်အပြင် အကျဥ်းခန်းတွင်ဆန့်သည့် လူပမာဏထက် ပိုမိုများပြားစွာ နေရမှုကလည်း ယားနာကို ပိုဆိုးရွားစေသည်ဟု နိုင်ကျဉ်းမိသားစုဝင်ကလည်း ဆိုသည်။

“တစ်ပတ်မှာ သုံးရက်ပဲ ရေတင်ပေးရင်တော့ သုံးရက် ရေချိုးရတယ်၊။ ပုံမှန်မရှိဘူး၊ ချိုးရတဲ့အခါမှာလည်း ရေမလောက်တော့ ပုံစံနဲ့ချိုးရတယ်။ အဲ့တာကလည်း ရေအနည်းအများပေါ် မူတည်ပြီး အခွက်ရေ ပုံမှန်မရှိဘူး။ နောက်တခုက အကျဉ်းသားတယောက်ကို ဝတ်စုံ နှစ်ခုစီပဲပေးထားတော့ ရေမရှိတဲ့အခါမျိုးတွေဆို မလျှော်ဘဲ ပြန်ဝတ်နေရတယ်” ဟု ၎င်းကဆိုသည်။

နိုင်ကျဉ်းမိသားစုဝင် နောက်တဦးကလည်း “ထောင်ဝင်စာသွားတွေ့ရင် ယားနာပျောက်ဆေးတွေရော လိမ်းဆေးရော သောက်ဆေးတွေပါ ပို့ပေးနေတာပဲ၊။ ဒါပေမဲ့ တထောင်လုံးဖြစ်နေတာဆိုတော့ မသက်သာကြဘူး။ ပိုဆိုးလာတယ်။ ထောင်ဆေးရုံကလည်း ဘာမှ သေချာကုမပေးဘူးလို့ကြားတယ်” ဟု အကျဉ်းသားတဦး၏ မိသားစုဝင်က ပြောသည်။

ပုသိမ်အကျဉ်းထောင်သည် (က) အဆင့်အကျဉ်းထောင်ဖြစ်ပြီး အကျဉ်းသူ၊ အကျဉ်းသားနှင့် အချုပ်သူ၊ အချုပ်သား ဦးရေ ၁,၀၀၀ ခန့် ထားရှိနိုင်သည့်ထောင်ဖြစ်သည်။

သို့သော် လက်ရှိအချိန်တွင် ပုသိမ်အကျဥ်းထောင်အတွင်း အကျဉ်းသူနှင့် ကျဉ်းသားဦးရေ ၁,၀၀၀ ကျော် ရှိနေသည့်အတွက် ပူးကပ်စွာ အိပ်နေရကြောင်းနှင့် ယားနာပျောက်ကင်းသက်သာမှုများ ဖြစ်လာပါကလည်း တဦးမှတဦးထံ ကူးစက်၍ ယားနာပြန်ဖြစ်နေကြောင်း သိရသည်။

“ကျွန်တော်တို့ အထဲမှာ (အကျဉ်းကျခံနေရစဥ်) ရှိခဲ့တုန်းက ရေကို လွတ်လွတ်လပ်လပ်ချိုးရတယ်။ အခုတော့ အဲ့လိုမဟုတ်တော့ဘူး။ ရေချိုးရင် တယောက်ကို ဘယ်နှစ်ခွက်ဆိုပြီး ပုံစံနဲ့ချိုးနေရတယ်လို့ ကြားတယ်။ ယားနာကတော့ ကျွန်တော် အထဲမှာရှိတုန်းကလည်း ပေါက်နေကြတာပဲ အခုတော့ လူတွေများတဲ့အပြင် မီးဖြတ် ရေဖြတ်တော့ ပိုဆိုးမှာပေါ့။ ထောင်က သေသေချာချာ ကုမပေးတဲ့အပြင် ဒီလိုတွေပါလုပ်နေတော့ ဘယ်တော့မှ ပျောက်မှာ မဟုတ်တော့ဘူး” ဟု ၂၀၂၃ ခုနှစ်အတွင်း ပုသိမ်အကျဉ်းထောင်မှ လွတ်မြောက်လာသည့် နိုင်ကျဉ်းတဦးက ပြောသည်။

ထိုဖြစ်စဉ်များနှင့်ပတ်သတ်၍ မေးမြန်းရန် ပုသိမ်အကျဉ်းထောင်သို့ မဇ္စျိမက ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်းမရှိခဲ့ပေ။

လက်ရှိတွင် ပုသိမ်အကျဉ်းထောင်တွင် ဒီမိုကရေစီအရေး လှုပ်ရှားမှုကြောင့် ဖမ်းဆီးအကျဉ်းချခံထားရသူ များလာခြင်း၊ ရခိုင်ပြည်နယ်အတွင်း အကျဥ်းထောင်များမှ နိုင်ငံရေးအကျဥ်းသားအား ပုသိမ်ထောင်သို့ ပို့ဆောင်ခြင်းတို့ကြောင့် အကျဉ်းသူ/အကျဉ်းသား အရေအတွက် အဆမတန်များနေပြီး ထောင်မဆံ့တော့သည့်အခြေအနေ ဖြစ်ပေါ်နေသည်ဟု သိရသည်။

ပုဂံတွင် ၂၀၂၀ ခုနှစ် ဇွန်လ ၂၃ ရက်နေ့၌ လုံခြုံရေးကင်းလှည့်နေသည့် ရဲတပ်ဖွဲ့ဝင်များ။ (Ye Aung THU - AFP)
February 28, 2026
ရှေးဟောင်းစေတီပုထိုးများစွာ တည်ရှိသည့် ပုဂံ၊ ညောင်ဦးမြို့နယ်တွင် လူပျောက်၊ ပြန်ပေးဆွဲမှုများ...
February 27, 2026
ရောင်နီ — မြန်မာနိုင်ငံတွင် စစ်လက်ကျန်မိုင်းများနှင့် မြေမြှုပ်မိုင်းများကြောင့် ကလေးသူငယ်...
စစ်ကော်မရှင်က PSMS နည်းပညာဖြင့် ဖမ်းဆီးမှုများ ပြန်လည်ပြုလုပ်လာနိုင်
February 26, 2026
အာဏာသိမ်းစစ်ကော်မရှင်သည် လူပုဂ္ဂိုလ်စိစစ်ရေးနှင့်စောင့်ကြည့်ရေးစနစ် (Person Scrutinization and...
ဖင်လန်သံရုံးမှ မြင်ရသည့် ရန်ကုန်မြင်ကွင်း။ ရန်ကုန်မြို့ရှိ ဖင်လန်သံရုံးကို လာမည့် ဖေဖော်ဝါရီလ ၂၈ ရက်တွင် ပိတ်သိမ်းမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၄ ရက် တွင်ထုတ်ပြန်သည်။ (Embassy of Finland in Yangon)
February 25, 2026
မောင်ခက်နွေ — ရန်ကုန်မြို့ရှိ ဖင်လန်သံရုံးကို ယခုလကုန် (ဖေဖော်ဝါရီလ ၂၈ ရက်)တွင်...