သေဒဏ်ကျ CDM ရေတပ်သား ဆေးကုသခွင့် လုံလောက်စွာမရ၍ သေဆုံး

သေဒဏ်ကျ CDM ရေတပ်သား ဆေးကုသခွင့် လုံလောက်စွာမရ၍ သေဆုံး

ရန်ကုန်တိုင်း၊ အင်းစိန်အကျဉ်းထောင်တွင် သေဒဏ်ကျခံထားရသည့် နိုင်ငံရေးအကျဉ်းသားဖြစ်သူ CDM ရေတပ်သား ကိုပြည့်စုံဦး (ခ) ပါးပါး သည် ဆေးဝါးကုသခွင့် လုံလောက်စွာမရသဖြင့် ကွယ်လွန်ခဲ့ကြောင်း နိုင်ကျဉ်းများကို ကူညီပေးနေသည့် အဖွဲ့များထံက သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၃၀ ရက်နေ့ ညနေ ၆ နာရီခွဲအချိန်ခန့်တွင် ကျောက်ကပ်ရောဂါဖြင့် အင်းစိန်အကျဉ်းထောင်တွင် ကွယ်လွန်ခဲ့ရကြောင်း နီးစပ်သူတဦးက ပြောသည်။

ကိုပြည့်စုံဦးသည် သန်လျင်ရေတပ်မှ ရေတပ်သားတဦးဖြစ်ပြီး CDM လှုပ်ရှားမှု၌ ပါဝင်ခဲ့ရာ ၂၀၂၂ ဩဂုတ် ၂၇ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရသည်။

စစ်ကောင်စီက ၎င်းကို တပ်ပြေးနှင့် အခြားပုဒ်မဖြစ်သည့် တပ်မတော်အက်ဥပဒေပုဒ်မ (၃၇) နှင့် တပ်မတော်အက်ဥပဒေပုဒ်မ (၃၂) တို့ဖြင့် အမှုဖွင့်ခဲ့ကာ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့တွင် သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM ) က ထုတ်ပြန်ထားသည်။

၎င်းသည် ကျောက်ကပ်ရောဂါနှင့် အဆုတ်ရေဝိုင်းရောဂါများကို (၆) လခန့် ခံစားခဲ့ရပြီး လုံလောက်စွာ ဆေးကုသခွင့်မရသဖြင့် ရောဂါပြင်းထန်လာကာ ကွယ်လွန်ရခြင်းဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကို ကူညီပေးနေသူတဦးက ပြောသည်။

“ထောင်မှာတော့ သောက်သုံးရေမှာ ခဲဓာတ်ပါဝင်မှုများတာက ကျောက်ကပ်ရောဂါ မဖြစ်ဖူးတဲ့သူတွေတောင် ကျောက်ကပ်ဝေဒနာ ခံစားရတဲ့အတွက် ကျောက်ကပ်ရောဂါခံစားရသူများဆိုရင် ရောဂါပိုပြီးတော့ ဆိုးရွားလာတဲ့အတွက် သေဆုံးရတာမျိုး ဖြစ်ပါတယ်။ ဒါအပြင် ထောင်တွင်း ကျန်းမာရေးအတွက် ဆေးဝါးမလုံလောက်တာကြောင့်လည်း ရောဂါအခြေအနေဆိုးရွားမှုကနေတဆင့် သေဆုံးရတယ်လို့ ပြောချင်ပါတယ်” ဟု PPNM ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။

ကိုပြည့်စုံဦးသည် ကွယ်လွန်ချိန်တွင် အသက် ၃၄ နှစ်ရှိပြီဖြစ်ပြီး ၎င်း၏ရုပ်အလောင်းကို ဒီဇင်ဘာလ ၂ ရက်နေ့တွင် ထိန်ပင်သုဿာန်၌ သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

PPNM ပြုစုထားသည့် အချက်အလက်ရ ၂၀၂၄ ခုနှစ်အတွင်း ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရသဖြင့် သေဆုံးခဲ့ရသည့် နိုင်ငံရေးအကျဉ်းသား ၁၈ ဦးနှင့် အကျဉ်းသူ ၂ ဦး၊ စုစုပေါင်း ၂၀ ဦးထက်မနည်းရှိကြောင်း ဒီဇင်ဘာ ၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့ထိ အာဏာသိမ်းဖြစ်စဉ်နှင့်ဆက်စပ်ပြီး ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၇,၇၄၁ ဦးရှိရာ ယင်းအနက် ၂၁,၁၇၉ ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ဖော်ပြထားသည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...