“မလျှော့သောဇွဲနဲ့ အိပ်မက်လမ်းပေါ် လျှောက်လှမ်းလာနိုင်တဲ့ မော်ဆူးရဲ့ ပညာရေးခရီး”

“မလျှော့သောဇွဲနဲ့ အိပ်မက်လမ်းပေါ် လျှောက်လှမ်းလာနိုင်တဲ့ မော်ဆူးရဲ့ ပညာရေးခရီး”

စစ်ပွဲကြားမှာ ရှင်သန်နေထိုင်ရုန်းကန်ရင်း နိုင်ငံတကာတက္ကသိုလ်တွေမှာ ပညာသင်ယူနိုင်ဖို့ဆိုတာ လွယ်ကူတဲ့ အရာတော့မဟုတ်ပါဘူး။ ဒါပေမဲ့ ကယားလီဖုလူငယ် မော်ဆူးကတော့ မလွယ်ကူမှုတွေကြားက လူငယ်ပီပီ ကြိုးစားရုန်းကန်ရင်း ဘန်ကောက်မြို့က နိုင်ငံတကာတက္ကသိုလ်တခုမှာ တက်ရောက်ပညာသင်ယူနေနိုင်ခဲ့ပါပြီ။

သူမဟာ အသက် ၂၄ နှစ်အရွယ်ရှိပြီး၊ ဒီးမော့ဆိုမြို့နယ် ကျေးရွာလေးတရွာဖြစ်တဲ့ သေးဆူလဲဇာတိ ဖြစ်ပါတယ်။ စစ်မီးတွေ လောင်မြိုက်ခဲ့တဲ့ ဒီးမော့ဆိုမြို့နယ်အတွင်းက မြောက်များစွာသော ပျက်စီးဆုံးရှုံးမှုတွေထဲမှာ သူမတို့ မိသားစု ပိုင်ဆိုင်မှုနဲ့ နေအိမ်လည်း ပါဝင်ခဲ့ပါတယ်။ အားလုံးကို ဆုံးရှုံးလိုက်ရပေမဲ့ မော်ဆူးတယောက် သူမရဲ့ အနာဂတ်လမ်းကြောင်းကိုတော့ ဆုံးရှုံးခွင့်မပေးဘဲ အခက်အခဲတွေ၊ စိန်ခေါ်မှုမျိုးစုံတွေကြား သူမရဲ့ ပန်းတိုင်လမ်းကို ဆက်လျှောက်လှမ်းနေပါတယ်။

အခုတော့ မော်ဆူးတယောက် မြန်မာနိုင်ငံက အဆင့်မြင့်ပညာဆက်လက်လက်သင်ယူနိုင်ဖို့ ထောက်ပံ့ပေးတဲ့အဖွဲ့ Diversity Inclusion Scholarship Program – DISP ရဲ့ အထောက်အပံ့နဲ့ ဘန်ကောက်မြို့က နိုင်ငံတကာတက္ကသိုလ်တခုမှာ Public Policy and strategic management ဘာသာရပ်နဲ့ Master degree in Public Administration ကို တက်ရောက်နေပါတယ်။

မော်ဆူးကတော့ အဲ့ဒီတက္ကသိုလ်မှာ ပညာသင်ခွင့်ရဖို့ ၂ နှစ် အချိန်ယူပြင်ဆင်ခဲ့ရတယ်လို့ ဆိုပါတယ်။

နိုင်ငံတကာရဲ့ မြို့ပြကြီးထဲ အမျိုးသမီးတယောက် ပညာသင်ဖို့ဆိုတာ နောက်ခံကောင်းတဲ့ မိသားစု အသိုင်းအဝိုင်းက မရှိမဖြစ်လိုအပ်ပါတယ်။ ဒါပေမဲ့ မော်ဆူးကတော့ သူမကိုအထောက်အပံ့ပေးနိုင်ဖို့ ခက်ခဲတဲ့မိသားစုကနေ ကြီးပြင်းလာတာကြောင့် သူမလိုချင်တဲ့ ပန်းတိုင်ရောက်ဖို့ သူမကိုယ်တိုင် ကိုယ့်အားကိုယ်ကိုးပြီး တစိုက်မတ်မတ် လျှောက်လှမ်းနေသူပါ။

အာဏာမသိမ်းခင်အထိ မော်ဆူးရဲ့ အိပ်မက်ကတော့ အောင်မြင်တဲ့ လုပ်ငန်းရှင်တယောက် ဖြစ်ဖို့ပါပဲ။ ဒါပေမဲ့ စစ်အာဏာသိမ်းမှုက မြောက်များစွာသော လူငယ်တွေရဲ့ အိပ်မက်တွေကို ပြောင်းလဲသွားစေတဲ့အထဲ မော်ဆူးဖြစ်ချင်ခဲတဲ့ အိပ်မက်လေးလည်း ပါဝင်ပါတယ်။

“ကျမတကိုယ်တည်း ဖြစ်ချင်တဲ့အိပ်မက်ထက် အခုချိန်မှာကတော့ ပြောင်းလဲသွားတာ ရှိတယ်ပေါ့နော။ ကျမဒေသမှာ ကရင်နီဒေသမှာ တိုးတက်အောင်လုပ်ဖို့အတွက်၊ အဓိက ပြည်သူလူထုအတွက် အလုပ်လုပ်ပေးဖို့၊ service (ဝန်ဆောင်မှု) လုပ်ပေးဖို့ ကျမပြန်ပြီးမှ အိပ်မက်ထားရှိပါတယ်” လို့ စစ်အာဏာသိမ်းမှုကြောင့် ပြောင်းလဲသွားတဲ့ သူမရဲ့ အနာဂတ်အိပ်မက်ကို ပြောပြပါတယ်။

ဒါကြောင့် မော်ဆူးတယောက် ကရင်နီပြည်တိုးတက်ရေးမှာ သူမပါဝင်နိုင်ဖို့ စိန်ခေါ်ချက်တွေကို မမှုတော့ဘဲ လိုအပ်တဲ့ပညာတွေကို ရတဲ့နည်းနဲ့ သင်ယူနေတာဖြစ်ပါတယ်။ သူမ လက်ရှိ သင်ယူခွင့် ရတဲ့ Master ဘွဲ့ရဖို့အတွက် အဓိကအထောက်အကူဖြစ်စေတဲ့ Bachelor ဘွဲ့ကိုလည်း စစ်ပွဲတွေကြားပြေးလွှားရင်းဘဲ ရယူခဲ့တာဖြစ်ပါတယ်။

မော်ဆူးဟာ Bachelor ဘွဲ့ကို Libre Up Program မှာ Business studies ဘာသာရပ်နဲ့ ပြီးမြောက် ခဲ့ပါတယ်။ အဲ့ဒီဘွဲ့ကို ရရှိဖို့ သူမဖြတ်သန်းခဲ့ရပုံတွေကိုလည်း အခုလိုဘဲ ပြန်ပြောင်းပြောပြပါတယ်။

“ကျမ ၇ တန်းအရွယ်မှာ “Grace Family Foundation” ဆိုတဲ့အဆောင်တခုမှာကျမရောက်သွားတယ်။ အဲဒီအဆောင်ကတော့ Korean Mission အဖွဲ့အစည်းရဲ့ ထောက်ပံ့ပေးမှုနဲ့ပေါ့နော။ ဒီဝေးလံခေါင်ဖျားတဲ့ဒေသမှာရှိတဲ့ ကလေးတွေရဲ့ပညာရေးကို သူတို့ပံ့ပိုးပေးတဲ့ ရည်ရွယ်ချက်နဲ့ ဖွင့်ထားတဲ့အဆောင်ဖြစ်တဲ့အချိန်မှာ ကျမက အဲဒီကိုရောက်သွားတယ်။ ပြီးတော့မှ အထက်တန်းပညာရေးကို အဲမှာပြီးဆုံးအောင် သင်ယူတတ်မြောက်ခဲ့တယ်ပေါ့နော။ အဲဒီမှာကလည်း ရန်ကုန်မှာဖြစ်တဲ့ခါကျတော့ မိဘရဲ့အလှမ်းဝေးတဲ့နေရာမှာ ကြီးပြင်းလာခဲ့ရတယ်။ ပြီးတော့မှ အဲနေရာကတော့ တကယ့် ဗမာလူမျိုးတွေလည်း များတဲ့ခါကျတော့ ကျမတို့လိုမျိုး တိုင်းရင်းသားလူနည်းစုအတွက်က အရမ်းမျက်နှာငယ်ရတယ်။ ပြီးတော့မှ အရမ်းကြိုးစားယူရတယ်ပေါ့နော။ ပြီးတော့မှ နှိမ်ခံရတာလည်း အများကြီးရှိတယ်ပေါ့။ ဒါပေမဲ့လည်း အဲဒီဟာတွေကို မျက်ကွယ်ပြုထားပြီးတော့မှ ကြိုးစားသင်ယူတတ်မြောက်ပြီးတော့မှ အထက်တန်းအဲမှာ ပြီးမြောက်ခဲ့တယ်။ ပြီးတော့မှ တက္ကသိုလ်ပညာရေးကို ကျမ Libre Up Program မှာ ပြီးမြောက်ခဲ့တယ်။ အဲဒီမှာကျမအဓိက မေဂျာရပ်ကတော့ Business studies ပေါ့နော။ စီးပွားရေးဘာသာရပ်ကို အဲမှာယူပြီးတော့ Bachelor ဘွဲ့ကိုLibre Up Program ပေါ့နော Myanmar Institute of Information Technology မှာ ရခဲ့ပါတယ်။”

စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်မှာ မော်ဆူးဟာ ရန်ကုန်မြို့ကြီးကနေ ဇာတိမြေဖြစ်တဲ့ ကရင်နီပြည်ကို ပြန်လာခဲ့ပြီး အွန်လိုင်းကနေကျောင်းတက်သလို “ကယားလီဖု” လူငယ်အဖွဲ့မှာ လုပ်အားပေးအဖြစ် စစ်ရှောင်တွေကို တတ်နိုင်တဲ့ဖက်ကနေ တဖက်တလှမ်း ကူညီခဲ့ပါတယ်။

မိမိနဲ့ ဘဝတူစစ်ရှောင်နေရတဲ့ ကျောင်းနေအရွယ်ကလေးငယ်တွေကို ပညာရပ်တွေ မျှဝေရင်း သူမ ကိုယ်တိုင်လည်း ကျောင်းတက်ရင်း Bachelor ဘွဲ့ရဖို့ အွန်လိုင်းမှ စာလေ့လာခဲ့ရတဲ့ အခက်အခဲကို အခုလိုပြောပြပါတယ်။

“အခက်ခဲဘယ်လောက်ပဲရှိရှိ လိုင်းမရဘူးဆိုလည်း တောင်ပေါ်ထိ ညဖက်တွေပြေးသွားပြီးတော့မှ ကျောင်းတက်ရတဲ့ရက်တွေလည်း မနည်းဘူးပေါ့နော”

ကရင်နီပြည်ရဲ့ နေရာအတော်များများမှာ ဒီကနေ့အထိ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ပြတ်တောက်သွားတာကြောင့် ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ မော်ဆူးဟာ “ဆယ်သဲ” ဖောင်ဒင်းရှင်းမှာ Project Manager ရာထူးနဲ့ ၂ နှစ်တာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အလုပ်တဖက်နဲ့ လက်ရှိတက္ကသိုလ်မှာ ပညာသင်ယူခွင့်ရဖို့ ကြိုးစားရင်း မော်ဆူးဟာ စံပြလူငယ်လေးတဦးအဖြစ် သူမဖြစ်ချင်တဲ့ အိပ်မက်လမ်းပေါ်ကို သက်သေပြပြီး လျှောက်လှမ်းနိုင်ခဲ့ပါပြီ။

လက်ရှိမှာလည်း သူမအနေနဲ့ ကိုယ်တိုင်ပညာတွေသင်ယူရင်းနဲ့ ကရင်နီက စစ်ဘေးရှောင်လူငယ်တွေကို ပညာရေးအခွင့်အလမ်းတွေ မျှဝေတဲ့ အစီအစဉ်တွေကိုလည်း ဆောင်ရွက်နေပါတယ်။ ဒါတွေအပြင် ပညာဆက်လက်သင်ယူနေတဲ့ စစ်ရှောင်လူငယ်တွေအတွက် သင်ထောက်ကူပစ္စည်းတွေနဲ့ စာကြည့်တိုက်စာအုပ် အထောက်အပံ့တွေရရှိဖို့ ကူညီတာတွေလည်း ပြုလုပ်ပေးနေပါတယ်။

ဘဝတူစစ်ဘေးရှောင်နေရတဲ့ လူငယ်တွေကိုလည်း စိန်ခေါ်ချက်တွေကို မမှု၊ ဇွဲမလျှော့ဘဲ ရရာအခွင့် အလမ်းတွေကို ဖမ်းဆုပ်ပြီး ပညာဆက်လက်သင်ယူဖို့ကိုလည်း မော်ဆူးက တိုက်တွန်းတောင်းဆိုထားပါသေးတယ်။

မိသားစုတွေထဲ အငယ်ဆုံးလေးဖြစ်တဲ့ လူငယ်အမျိုးသမီးလေး မော်ဆူးကတော့ ငယ်စဉ်ကတည်းက ထောက်ပံ့သူမရှိခဲ့ပေမဲ့ မိမိရောက်ရှိတဲ့နေရာက ရရှိတဲ့အခွင့်အလမ်းတွေကို ဆုပ်ကိုင်ပြီး လူငယ်ပီပီ ကြိုးစားရုန်းကန်ရင်း အိမ်မက်လမ်းပေါ် လျှောက်လှမ်းနေပြီဖြစ်ပါတယ်။ သူမကျောင်းပြီးတဲ့အခါ ကရင်နီပြည်က လူထုတွေအတွက် ပြန်လည်ထူထောင်ရေးတွေမှာ ပြန်လည်ကူညီသွားမယ်ဆိုတဲ့ သူမရဲ့ ဆန္ဒတခုလည်း ရှိနေပါသေးတယ်။

ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...
စစ်ကော်မရှင်တပ်ရဲ့ ရိုက်နှက်ခြင်းခံရတဲ့ စစ်ရှောင်အမျိုးသားတဦးကို တွေ့ရစဉ်
May 11, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်တနေရာကို ဦးတည်စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဟာ မေလ ၈ ရက်နေ့ ၂...