မြိတ်၊ တနင်္သာရီနှင့် ပုလောတွင် ဖုန်းလိုင်းများ ပြတ်တောက်

မြိတ်၊ တနင်္သာရီနှင့် ပုလောတွင် ဖုန်းလိုင်းများ ပြတ်တောက်

တနင်္သာရီတိုင်း ဒေသကြီးအတွင်းမှ မြိတ်၊ တနင်္သာရီနှင့် ပုလောမြို့နယ်များတွင် MPT ဖုန်းလိုင်းနှင့် အင်တာနက် လိုင်းများ ပြတ်တောက်နေသည်ဟု မြို့ခံများက ပြောသည်။

အောက်တိုဘာလ ၁၅ ရက်နေ့မှ စတင်ကာ ပြတ်တောက်နေခြင်း ဖြစ်ပြီး မြို့ပေါ်များတွင် သာမကဘဲ ကျေးရွာ များတွင်ပါ ဖုန်းလိုင်းများ ပြတ်တောက်နေခြင်းဖြစ်သည်။

အသက် ၃၅ နှစ်အရွယ် မြိတ်မြို့ခံ အမျိုးသားတစ်ဦးက “MPT လိုင်းက လုံးဝဆက်သွယ်လို့ မရဘဲ ပြတ်နေ တယ်။ စက်ပိတ်ထားပါသည်လို့ တစ်ချိန်လုံးပဲ အော်နေတာ။ MPT နဲ့ လျှောက်ထားတဲ့ K Pay တွေဆို ငွေလွှဲလို့ လည်းမရ ထုတ်လို့လည်း မရနဲ့ ဒုက္ခဖြစ်နေကုန်ပြီ” ဟု ပြောသည်။

ဖုန်းလိုင်းများ လုံးဝ ပြတ်တောက်သွားခြင်းကြောင့် MPT ဖုန်းကဒ်ဖြင့် လျှောက်ထားသည့် KBZ Pay Accounts များမှာ Log out ထွက်သွားပြီး Log in ပြန်ဝင်မရဖြစ်နေသည်။ ထို့ကြောင့် ငွေလွှဲ၊ ငွေထုတ်ခြင်းများ ကြန့်ကြာ နှောင့်နှေးမှုများနှင့် ကြုံတွေ့နေရသည်ဟု မြို့ခံများက ဆိုသည်။

သို့သော် တနင်္သာရီတိုင်း အတွင်းရှိ ထားဝယ်ခရိုင်၊ ကော့သောင်းခရိုင်နှင့် ကျွန်းစုမြို့နယ်များတွင် MPT ဖုန်းလိုင်း ပြတ်တောက်မှုမရှိဟု ဆိုကြသည်။

ယခင်က MPT ဖုန်းလိုင်းများ မကြာခဏ ပြတ်တောက်မှုများ ရှိခဲ့သော်လည်း ယခုကဲ့သို့ ရက်ရှည်လိုင်းပြတ် နေခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

ဖုန်းလိုင်းများ ရက်ရှည် ပြတ်တောက်နေသည့် အတွက် စီးပွားရေးလုပ်ငန်းများ အပါအဝင် လုပ်ငန်းဆောင်တာ များပါ ထိခိုက်နေကြသည်။

ယခုကဲ့သို့ MPT ဖုန်းလိုင်း ပြတ်တောက်မှုနှင့် ပတ်သက်၍ MPT ၏ တရားဝင် Facebook Page Messenger မှ တဆင့် မေးမြန်းကြည့်ရာတွင် လိုင်းပြတ်တောက်မှုများ အတွက် ပြင်ဆင်မှုများ ပြုလုပ်နေကြောင်းသာ ပြန်လည် ပြောဆိုပြီး လိုင်းပြတ်တောက်မှုရသည့် အကြောင်း၊ ကြာမြင့်မည့်အချိန်နှင့် ပတ်သက်၍ ဖြေဆိုခြင်းမျိုး မရှိပေ။

ပြီးခဲ့သည့် ဇူလိုင်လ အတွင်းကလည်း ကော့သောင်းမြို့ပေါ်တွင် MPT ဖုန်းလိုင်းများ အချိန် နှစ်ပတ်ကျော် အကြာ ရက်ရှည် ပြတ်တောက်ခဲ့သေးသည်။

Most read this week

September 19, 2026
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်း ရွာစဉ်ပတ်၍ စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုတပ်က ကျောက်ပြင်...
September 19, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ်များကို စစ်အုပ်စုတပ်က ဆက်တိုက်...
September 18, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ရှိ အကျဉ်းထောင်တွင် အရေးပေါ် ဆေးကုသခွင့်တောင်းဆိုမှုကို...
September 17, 2026
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၌ စစ်အုပ်စုတပ်က အဓမ္မစစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ...