မာန်အောင်တွင် ဆေးဝါးပြတ်လပ်နေ၍ နာတာရှည် ရောဂါသည်များ ဒုက္ခရောက်

မာန်အောင်တွင် ဆေးဝါးပြတ်လပ်နေ၍ နာတာရှည် ရောဂါသည်များ ဒုက္ခရောက်

ရခိုင်ပြည်၊ မာန်အောင်မြို့နယ်သို့ ဆေးဝါးသယ်ယူခွင့်ကို စစ်ကောင်စီက ယခုလအစပိုင်းကနေ ပိုပြီးတင်းကျပ်စွာ ပိတ်ဆို့ထားကြောင်း ဒေသခံများထံမှ သိရသည်။

ယခင်က ဆေးဝါးများကို အကန့်အသတ်နှင့် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် သယ်ယူခွင့်ရခဲ့သော်လည်း ယခုအခါ  ဆေးဝါးသယ်ယူခွင့်ကို လုံးဝပိတ်ဆို့ကာ စစ်ဆေးမှုများ ပိုပြီးလုပ်နေသည်။

ထို့ကြောင့် မာန်အောင်မြို့နယ်ရှိ နှလုံး၊ ဆီးချို၊ သွေးတိုး၊ အာရုံကြော စသည့် နာတာရှည်ရောဂါ ဝေဒနာရှင်များမှာ ပိုပြီးဒုက္ခရောက်နေကြောင်း ဒေသခံများက ပြောသည်။

 “ဆေးဝါးအပြည့်အစုံ မရတာဟာ နာတာရှည် ရောဂါသည်တွေအတွက်တော့ အသက်ကို သတ်လိုက်တာနဲ့ အတူတူပါပဲ” ဟု မာန်အောင်မြို့မှ လေးဖက်နာရောဂါ ခံစားနေရသူ အမျိုးသမီးတစ်ဦးက ပြောသည်။

ရေလမ်းကြောင်းတစ်ခုတည်းကိုသာ အားထားနေရသည့် မာန်အောင်ဒေသခံများမှာ ပင်လယ်ပြင်သွားလာခွင့်နှင့် ကုန်ပစ္စည်းသယ်ယူခွင့် ပိတ်ပင်ခံထားရသည်မှာ ကာလအတန်ကြာပြီ ဖြစ်သည်။ ကုန်ပစ္စည်းသယ်ယူခွင့်ကို စစ်ကောင်စီထံ လာဘ်ပေးလာဘ်ယူစနစ်ဖြင့် ခိုးသွင်းနေရပြီး ဆေးဝါးသယ်ယူခွင့်ကိုမူ လုံးဝ ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။

မာန်အောင်မြို့ပေါ်က ကုတင် ၅၀ ဆံ့ဆေးရုံတွင်လည်း လက်ထောက် ဆရာဝန်တစ်ဦးနှင့် ကျန်းမာရေးဝန်ထမ်း ၄ ဦးသာ ရှိပြီး ဆေးဝါးပြတ်လပ်မှုကြောင့် ကျန်းမာရေးစောင့်ရှောက်မှုတွင် အားနည်းချက်ရှိနေသည်။

မာန်အောင်မြို့အတွင်းသို့  စစ်ကောင်စီက ကုန်တင်သင်္ဘောများဖြင့် တစ်လတစ်ကြိမ် သို့မဟုတ် နှစ်လတစ်ကြိမ်စီ အခြေခံစားသောက်ကုန်များ တင်သွင်းပေးနေသော်လည်း ဆေးဝါးလုံးဝ မပါကြောင်း သိရသည်။

အရေးပေါ်လူနာများကို ရပ်ကွက်ထောက်ခံစာ၊ ဆေးထောက်ခံစာများဖြင့် သွားလာခွင့်ပေးသော်လည်း ငွေကြေးမတတ်နိုင်သူများမှာ အဆင်မပြေဖြစ်နေကြောင်း နောက်ထပ် ဒေသခံ အမျို‌ေသားတစ်ဦးက ပြောသည်။

“စစ်ကောင်စီက ဒီဖက်ကို ဆေးသယ်ယူခွင့် ပိတ်ထားတာ။ အရေးပေါ်လူနာတွေဆိုတော့ ထောက်ခံစာတွေနဲ့ သွားလို့ရတယ်။ ဒါပေမဲ့ ပိုက်ဆံမရှိတဲ့သူတွေကျတော့ ခရီးစရိတ်ကြီးတာတွေနဲ့ အခက်အခဲရှိနေကြပါတယ်။ ကိုယ့်မြို့မှာ ဆေးဝါးလုံလောက်စွာနဲ့ ကုသချင်ပါတယ်” ဟု မာန်အောင်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ယခင်က  အရေးပေါ်လူနာများကို သံတွဲနှင့် တောင်ကုတ်ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း လက်ရှိမှာ သံတွဲမြို့ကို အေအေက ထိန်းချုပ်ထားပြီး တောင်ကုတ်တွင်လည်း စစ်ရေးတင်းမာနေသဖြင့် ကျောက်ဖြူမြို့သို့ အခက်အခဲမျိုးစုံဖြင့် သွားရောက်ကုသနေရကြောင်း ဆိုသည်။

ယင်းသို့ ဆေးဝါးအခက်အခဲများကြောင့် မာန်အောင်မြို့နယ်က နာတာရှည်ရောဂါသည်များ၊ ကိုယ်ဝန်ဆောင်များ အရေးပေါ်ဆေးကုသခွင့် မရသူတချို့မှာ အသက်သေဆုံးသည်အထိ ရှိနေကြောင်း သိရသည်။

ရခိုင်ဒေသခံ ဆရာဝန်တစ်ဦးက “သွေးတိုး၊ ဆီးချို၊ အဆုတ် စတဲ့ နာတာရှည် ရောဂါသည်တွေဟာ ဆေးဝါး အပြည့်အစုံ မှီဝဲဖို့လိုတယ်။ ဒီလိုမရရင် ကျောက်ကပ်၊ အာရုံကြောတွေ ထိခိုက်လာမယ်။ ပြီးတော့ လေဖြတ်တာတွေ ဖြစ်လာနိုင်တယ်။  ကြာလာရင်တော့ အသက်အန္တရာယ်ကို စိုးရိမ်ရတယ်” ဟု ပြောသည်။

ရခိုင်တွင် တိုက်ပွဲများကြောင့် စစ်ကောင်စီသည် ကုန်းလမ်း၊ ရေလမ်းများကို ပိတ်ဆို့ထားသောကြောင့် အခြေခံ လူသုံးကုန်ပစ္စည်းများနှင့် ဆေးဝါးများပြတ်လပ်မှုဒဏ်ကို ခံစားနေရသည်။

၂၀၁၄ သန်းခေါင်စာရင်းအရ မာန်အောင်မြို့နယ်တွင် မြို့ပေါ်ရပ်ကွက် (၅) ခု၊ ကျေးရွာအုပ်စု (၃၆) စုနှင့် လူဦးရေ ခြောက်သောင်းခန့် နေထိုင်ကြပြီး လယ်ယာနှင့် ရေလုပ်ငန်းကို အဓိက အသက်မွေးကြသည်။

စစ်ကောင်စီသည် သံတွဲမြို့ ကျရှုံးပြီးနောက်  မာန်အောင်ကို  ခံစစ်အဖြစ် ပြင်ဆင်ကာ စစ်အင်အားနှင့် ရိက္ခာများ ဖြည့်တင်းထားပြီး လုံခြုံရေး တင်းကျပ်ထားကြောင်း သိရသည်။

March 6, 2026
စစ်တွေမြို့တွင် တိုက်ပွဲပြင်းထန်လာမှုနှင့်အတူ စစ်ကောင်စီတပ်ဖွဲ့ဝင်၊ ရဲတပ်ဖွဲ့ဝင်နှင့် မိသားစု...
အီရန်၏ လေကြောင်းပစ်ခတ်မှုကြောင့် ပေါက်ကွဲမှုဖြစ်ခဲ့သည့် အဘူဒါဘီမြို့ တစ်နေရာအား တွေ့ရစဉ်။ ဓာတ်ပုံ- Reuters
March 5, 2026
ယခု အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားနေသည့် အမေရိကန်၊ အစ္စရေးနှင့် အီရန်တို့၏ စစ်ပွဲကာလအတွင်း...
March 4, 2026
စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် စားဝတ်နေရေးကျပ်တည်းမှုနှင့်...
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်က ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာကို စစ်ကောင်စီ ဗုံးကြဲမှုကြောင့် သေဆုံးသွားသူများ၏ ရုပ်အလောင်းနားတွင် ငိုကြွေးနေကြသည့် မိသားစုဝင်အချို့။ ဓာတ်ပုံ - ကျောက်တော်လူငယ်များအစည်းအရုံး (KTYA)
March 2, 2026
အာရက္ခတပ်တော်ထိန်းချုပ်ရာ ရခိုင်ဒေသတွင် စစ်ကောင်စီ၏ လက်ချက်ကြောင့် အရပ်သား ထိခိုက်သေဆုံးမှု...