ထန်တလန် စစ်ရာဇဝတ်မှု တရားစွဲဆိုရန် ကြိုးပမ်းမှုကို ဖိလစ်ပိုင် တရားရုံးပယ်ချ

ထန်တလန် စစ်ရာဇဝတ်မှု တရားစွဲဆိုရန် ကြိုးပမ်းမှုကို ဖိလစ်ပိုင် တရားရုံးပယ်ချ

၂၀၂၄ ခုနှစ် ဩဂုတ်လ ၉ ရက်။ချင်းပြည်နယ်၊ ထန်တလန်မြို့မှာ စစ်ကောင်စီတပ်က ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများကို ဖိလစ်ပိုင်နိုင်ငံ၌ တရားစွဲဆိုနိုင်ဖို့ လျှောက်ထားခဲ့ရာ ဖိလစ်ပိုင် တရားရေးဌာနက ပယ်ချလိုက်ပြီးနောက် အဆင့်မြင့်တရားရုံးတွင် အယူခံ တင်သွားမည်ဟု ချင်းလူ့အခွင့်အရေး အဖွဲ့ CHRO က ပြောသည်။

စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အပေါင်းအပါများကို စစ်ရာဇဝတ်မှုနှင့် စုံစမ်းစစ် ဆေးပေးရန် ချင်းတိုင်းရင်းသားများက ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ တရားရေးဌာနကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့မှာ တိုင်ကြားစာပေးပို့ပြီး လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ လျှောက်ထားမှုကို ဖိလစ်ပိုင် တရားရေးဌာနက ပယ်ချလိုက်သည်ဟု ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO ပရိုဂရမ် မန်နေဂျာ ကိုဆလိုင်းမာန်က ပြောသည်။

ကိုဆလိုင်းမာန်က “ကျနော်တို့က အောက်တိုဘာလကနေ စွဲဆိုတယ်၊ စွဲဆိုပြီးတော့ အခု ကျနော်တို့ မေလမှာပဲ ကျနော်တို့ကို ကြားနာမှု မလုပ်ဘူးလို့ သူတို့ ဖိလစ်ပိုင်ရဲ့ တရားရုံးက ပြောတယ်ပေါ့နော်” ဟု ပြောသည်။

ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ယခုလ ၃ ရက်နေ့မှာ စစ်ကောင်စီတပ်၏ လေကြောင်း တိုက်ခိုက်မှုနှင့် ထန်တလန်မြို့က ပြည်သူများ၏ အခြေအနေ ဘဝတို့ကို ရိုက်ကူးထားသည့် မှတ်တမ်းရုပ်ရှင် မိတ်ဆက်အပြီး တွင် သတင်းနှင့်မီဒီယာကွန်ရက် သတင်းဌာနနှင့် တွေ့ဆုံစဉ် ပြောဆိုလိုက်သည်။

ယခုကဲ့သို့ ပယ်ချလိုက်သော်လည်း ဖိလစ်ပိုင်နိုင်ငံ၌ စစ်ကောင်စီကို တရားစွဲဆိုနိုင်ရေး ဆက်လက်လုပ်ဆောင် သွားမည်ဟု ကိုဆလိုင်းမာန်က ဆက်ပြောသည်။

“ဆိုတော့ ကျနော်တို့အနေနဲ့ ပြန်ပြီးတော့ ကြားနာမှု လုပ်ဖို့အတွက် မြို့နယ်တရားရေးရုံးက ဘာမှမလုပ်ဘူး။ ဒါပေမဲ့ ခရိုင်တရားရုံးမှာ တက်တယ်ပေါ့လေ။ ဆိုတော့ ပိုပြီးတော့ မြင့်တဲ့နေရာမှာ ကျနော်တို့ အနေနဲ့ ပြန်လုပ် မယ်။”ဖိလစ်ပိုင်နိုင်ငံ၏ ၂၀၀၉ ခုနှစ် နိုင်ငံတကာ လူသားချင်းစာနာ ထောက်ထားမှု အက်ဥပဒေ (Philippines International Humanitarian Act Law) အရ ဖိလစ်ပိုင်နိုင်ငံအနေဖြင့် အခြားနိုင်ငံများက ကျူးလွန်နေသည့် ရာဇဝတ်မှုများကို တိုင်ကြားလာပါက တရားစွဲတင်ရန် တာဝန်ရှိသည်ဟု ဆိုသည်။

ထို့ကြောင့် ဖိလစ်ပိုင်နိုင်ငံ၏ လူသားချင်း စာနာထောက်ထားမှု အက်ဥပဒေကို အခြေခံပြီး ချင်းလူ့အခွင့်အရေး အဖွဲ့ CHRO နှင့် မြန်မာနိုင်ငံ တာဝန်ခံမှု စီမံချက် (Myanmar Accountability Project) အဖွဲ့တို့ ပူးပေါင်းပြီး စစ်ကောင်စီကို တရားစွဲနိုင်အောင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ဆက်ပြောသည်။

ကိုဆလိုင်းမာန်က “ကျနော်တို့ တရားစွဲဆိုတဲ့ နေရာမှာ ထန်တလန်ကိစ္စမှာ ထန်တလန်ပျက်စီးမှုနဲ့ ပတ်သက်လို့ လူသတ်မှုတွေ ဖြစ်စေတဲ့ကိစ္စမှာ ဘယ်သူက တာဝန်ရှိလဲဆိုတဲ့ ထန်တလန်က တပ်ရင်းမှူးကအစ ဗျူဟာမှူးက အစ ပြီးတော့ ဒီ ဗျူဟာမှူးကို ဘယ်သူက အမိန့်ပေးလဲ ဆိုတဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကအစ ပြီးရင် အဲ့ဒီကနေ စကစမှူးပေါ့လေ အဲ့ဒီကနေ ဒီမင်းအောင်လှိုင်ထိပေါ့လေ ဆိုတော့ သူတို့ရဲ့ ထန်တလန် ပျက်စီးမှုမှာ သူတို့ရဲ့ ဘယ်သူက ကျူးလွန်တယ်ဆိုတဲ့ စစ်ကောင်စီရဲ့ အမိန့်မှာ ပါဝင်လာတဲ့သူတွေကိုလည်း ကျနော်တို့က လူ နာမည်တွေကို ဖော်ထုတ်ပြီးတော့ လူဆယ်ယောက်ပေါ့လေ အဲ့မှာတရားစွဲဆိုထားတာ ဖြစ်ပါတယ်” ဟု ပြော သည်။

စစ်ကောင်စီတပ်က ထန်တလန်မြို့ရှိ ဒေသခံပြည်သူများနှင့် ဘာသာရေး ခေါင်းဆောင်၊ တရားဟောဆရာများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ လူနေအိမ်ခြင်းနှင့် ဘုရားကျောင်းများကို မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံများကို နေရပ်ကနေ ထွက်သွားအောင် လုပ်ခြင်း အစရှိသည့် စစ်ရာဇဝတ်မှုများကို ကျူးလွန်ခဲ့သည်ဟု ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO က ပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလက ချင်းပြည်နယ် ထန်တလန်မြို့မှာ ဖြစ်ပွားခဲ့သည့် စစ်ရေးပဋိပက္ခထဲ စစ်တပ်၏ တိုက်ခိုက်မှုကြောင့် အိမ်ပေါင်း ၂,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး အနည်းဆုံးလူ အယောက် ၂၅၀ သတ်ဖြတ်ခံရသည်။

ထို့အပြင် ထန်တလန်မြို့က အရပ်သားပြည်သူ အယောက် ၆၀,၀၀၀ ကျော် အိန္ဒိယနိုင်ဘက်သို့ ထွက်ပြေးခိုလှုံခဲ့ရ သည်ဟု Myanmar Accountability Project ၏ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့ တွင် ထုတ်ပြန်ထားသည်။

Most read this week

ဓါတ်ပုံ - Soe Than WIN/AFP via Getty Images
July 25, 2026
စစ်တပ် ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်အတွင်း အခုရက်ပိုင်းအတွင်း စစ်တပ်က...
July 25, 2026
ရခိုင်ပြည်၊ သံတွဲမြို့တွင် ဇူလိုင်လ ၂၄ ရက်နေ့က စစ်တပ်၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့်...
July 21, 2026
စစ်အာဏာသိမ်းပြီးချိန်မှ စ၍ မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များတွင် လုံလောက်သော ကျန်းမာရေး...
July 20, 2026
စစ်တပ်က အခိုင်အမာ တပ်စွဲထားသည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ ရေချမ်းပြင်နှင့် ကျက်တောပြင်ကျေးရွာ...