ရခိုင်တွင် စစ်ဘေးရှောင်များနှင့် ဒေသခံများ ရာသီတုတ်ကွေးအဖြစ်များနေ

ရခိုင်တွင် စစ်ဘေးရှောင်များနှင့် ဒေသခံများ ရာသီတုတ်ကွေးအဖြစ်များနေ

ရခိုင်ပြည်ရှိ မြို့နယ်အများအပြားတွင် စစ်ဘေးရှောင်များနှင့် ဒေသခံများမှာ ရာသီတုတ်ကွေးရောဂါဖြစ်ပွားမှုများပြားလာပြီး ယင်းအထဲတွင် ၁၀ နှစ်အောက် ကလေးငယ်များ ပို၍များပြားနေကြောင်း ဒေသခံများက ပြောသည်။

ထိုကဲ့သို့ ရာသီတုတ်ကွေးရောဂါဖြစ်ပွားနေကြသော်လည်း တိုက်ပွဲကြောင့် ဆေးရုံဆေးခန်းများမဖွင့်လှစ်နိုင်သလို ဆေးဝါးများလည်း ရှားပါးနေသည့်အတွက် အခက်အခဲဖြစ်နေကြရသည်ဟု မြောက်ဦးမြို့ခံတစ်ဦးက ပြောသည်။

" ကလေးတွေက တစ်ယောက်ပြီးတစ်ယောက် အကုန်ဖျားတယ်။ တုတ်ကွေးဖြစ်တယ်ထင်တယ်။ အချင်းချင်း ကူးစက်ကြတယ်။ လူကြီးတွေထက် ကလေးတွေပို ဖြစ်ကြတယ်။ ပြန်ကောင်းရင်လည်း ထပ်ဖျားတာရှိတယ်။ မိုးရွာကတည်းကနေ ဖြစ်နေကြတယ်။ ခြင်လည်း တအားကိုက်တယ်။ ဆေးခန်းတွေမှာ လူတွေဆို ဖောက်မပေါက်ဘူး။ တခြားမြို့နယ်တွေကလည်း လာပြကြတယ်"ဟု ပြောသည်။

ရခိုင်တွင် စစ်ကောင်စီက ကုန်းလမ်းနှင့်ရေလမ်းတို့ကို တင်းကျပ်စွာပိတ်ထား၍ ဆေးဝါးသယ်ယူခွင့်လည်းမရဘဲ ဒေသတွင်းတွင် ဆေးဝါးများရှားပါးနေရခြင်းဖြစ်သည်။

ထို့အပြင် ပုဏ္ဏားကျွန်းမြို့နယ်တွင်လည်း စစ်ဘေးရှောင်များနှင့် ဒေသခံများမှာ ရာသီတုတ်ကွေးများဖြစ်ပွားနေကြပြီး ယင်းအထဲတွင် စစ်ဘေးရှောင်အများစု ဖြစ်ပွားနေကြသည်ဟု ဒေသခံများကပြောသည်။

ရခိုင်ပြည်တွင် ဇူလိုင်လ ၂၅ ရက်မှစတင်ကာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် စစ်ဘေးရှောင်များ ခိုလှုံကြသည့် နေရာအဆောက်အဦများတွင် အမိုးအကာများမလုံခြုံမှု၊ ခြင်ထောင်များမလုံလောက်မှု၊ အဝတ်အစားများမလုံလောက်မှုတို့ကြောင့် ရာသီဥတုဒဏ်ကိုမခံနိုင်ဘဲ တုတ်ကွေးရောဂါဖြစ်ပွားမှု ပိုမိုများပြားလာကြသည်ဟု ပုဏ္ဏားကျွန်းမြို့နယ်မှ လူမှုကူညီရေးအဖွဲ့အစည်းတစ်ခုက ပြောသည်။

"ခြင်ထောင်မရှိ၊ မိုးအေးတော့ အဝတ်အစားမရှိဘူး။ မိုးရွာရင် မိုးယိုတယ်။ မိုးရွာလည်း ဟင်းရှာ၊ မျှစ်ချိုးရတာတွေရှိတယ်။ ဒါကြောင့်လည်း ပိုဖြစ်ကြတာပေါ့။ တချို့တွေဆို ဆေးကုသဖို့ ဆေးရုံတက်ပြီး သေချာစောင့်ရှောက်ဖို့ လိုနေပေမဲ့လည်း လူစုလူဝေးတွေရှိတဲ့နေရာတွေဆို စစ်ကောင်စီက ဗုံးလာကြဲတော့ ဆေးခန်းပြရတဲ့အခြေအနေလောက်ပဲ ရှိကြပါတယ်။ တခြားငွေကြေးအခြေအနေတွေကြောင့် မကုသနိုင်တာလည်း ရှိပါသေးတယ်" ဟုပြောသည်။

အလားတူ ဂွမြို့နယ်တွင်လည်း ရာသီတုတ်ကွေးရောဂါများ ယခုရက်ပိုင်းအတွင်းဖြစ်ပွားနေကြပြီး စစ်ကောင်စီက ဆေးဝါးသယ်ယူခွင့်များ ပိတ်ထားသည့်အတွက် ဆေးရုံ၊ ဆေးခန်းများတွင် ဆေးဝါးလုံလောက်မှုများမရှိ၍ ဒေသခံများမှာ ဆေးမြှီးတို၊ တိုင်းရင်းဆေးများဖြင့် ကုသနေရကြောင်း ဂွဒေသခံများက ပြောသည်။

"အခုက ရာသီတုတ်ကွေးဖြစ်တဲ့အချိန်လေ။ နှစ်တိုင်းလိုလိုဖြစ်ကြပေမဲ့။ အရင်နှစ်တွေက ဆေးရှိတယ်။ ဒီနှစ်ဆေးမရှိဘူး။ စစ်ကောင်စီက ဆေးဝါးသယ်ယူခွင့် ပိတ်ပင်ထားတယ်။ အဲတော့ တတ်နိုင်သလောက် ဆေးမြှီးတိုနဲ့ကုသရတယ်" ဟုပြောသည်။

ရခိုင်တွင် ပြီးခဲ့သည့် ဇူလိုင်လတတိယအပတ်မှစတင်ကာ မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်း၍ ချောင်းရေ၊ မြစ်ရေများ ဝင်ရောက်ပြီး တောင်ကုတ်၊ သံတွဲ၊ ဂွ၊ မင်းပြား၊ မြောက်ဦးနှင့် ကျောက်တော်စသည့်မြို့နယ်များတွင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည်။

လက်ရှိတွင် ရေများကျဆင်းသွားပြီဖြစ်သော်လည်း မြေနိမ့်သည့်နေရာများတွင် တင်ကျန်ခဲ့သည့် ရေများနှင့် ရွံဗွက်များကြောင့် ခြင်ပေါက်ဖွားမှုပိုမိုများပြားလာကာ လူကြီး၊ လူငယ်များနှင့် သက်ကြီးရွယ်အိုများပါမကျန် ရာသီတုတ်ကွေး၊ သွေးလွန်တုတ်ကွေး၊ ဖျားနာ၊ နှာစေး၊ ချောင်းဆိုး၊ အအေးမိရောဂါများ ပို၍ဖြစ်ပွားလာနေကြသည်ဟု ဒေသခံများက ပြောသည်။

February 5, 2026
(နို့ဆီဗူး ၆၅ ဗူးဆံ့တောင်းများဖြင့်သာ ခြင်တွယ်ရောင်းချနေရ၍ တွက်ခြေမကိုက်ဟုဆို) ကျော်သီဟ -...
February 4, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူတွင် ထောင်ဝန်ထမ်းတစ်ဦးကို သတ်ပြီး အကျဉ်းသားငါးဦး...
February 3, 2026
ခိုင်လူလှ (ရိုးမမြေ) —  (စစ်ကော်မရှင်ဘက်က ၂၀ ကျော်သေဆုံးပြီး လက်နက်အများအပြားသိမ်းဆည်းရမိ...
February 2, 2026
သဉ္ဇာနွယ် — အကျအဆုံးများနေသည့်ကျောက်ဖြူစစ်မြေပြင်သို့ နောက်ထပ် စစ်ကူအင်အား ၄၀၀ ခန့်ကို...