ရခိုင်ဒေသတွင် စစ်ပွဲအရှိန် မြင့်တက်လာ

ရခိုင်ဒေသတွင် စစ်ပွဲအရှိန် မြင့်တက်လာ
ဖေဖော်ဝါရီလအတွင်း ကျောက်တာ်မြို့နယ်တွင် ရေကြောင်းတိုက်ပွဲအောင်နိုင်မှုအပြီး တွေ့ရသော AA တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ - AA Info Desk)
ဖေဖော်ဝါရီလအတွင်း ကျောက်တာ်မြို့နယ်တွင် ရေကြောင်းတိုက်ပွဲအောင်နိုင်မှုအပြီး တွေ့ရသော AA တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ - AA Info Desk)

ရခိုင်ပြည်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား စစ်ပွဲအရှိန်အဟုန်သည် တစ်နေ့ထက်တစ်နေ့ မြင့်တက်လာနေကြောင်း ယနေ့ ဧပြီလ ၂ ရက်တွင် AA ၏ နိုဗာ (၁) စစ်ဒေသမှ ထုတ်ပြန်လာသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်တွင် စတင်ခဲ့သည့် ရခိုင်ပြည်အတွင်း တိုက်ပွဲများသည် ဆက်လက်ဖြစ်ပွားနေပြီး စစ်အဟုန်သည်လည်း တစ်ရက်ထက်တစ်ရက် မြင့်တက်လျက်ရှိကြောင်း ထုတ်ပြန်လာခြင်းဖြစ်သည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းမြို့နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် မကွေးတိုင်းတို့တွင် ယခုနှစ် မတ်လ ၂၆ ရက်က စတင်ဖြစ်ပွားခဲ့သည့် စစ်ကောင်စီနှင့် AA တို့၏ နှစ်ဖက်တိုက်ပွဲများမှာ ယနေ့အထိ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း AA က ထုတ်ပြန်သည်။

“လက်နက်ကြီးပစ်သံတွေ နေ့တိုင်းကြားရတယ်။ AA က စစ်ကောင်စီစခန်းတွေကို ဝင်တိုက်နေလို့ သူတို့ကလည်း ပြန်ပြီးပစ်တာထင်တယ်။ ပစ်ခတ်သံတွေကြားရင်တော့ ပြည်သူတွေမှာ စိုးရိမ်ကြောက်လန့်နေရတာပေါ့” အမ်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အမ်းမြို့နယ်ရှိ စစ်ကောင်စီစခန်းများကို AA က မတ်လ ၂၄ ရက်မှစ၍ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီကလည်း ဒရုန်း၊ လေကြောင်း၊ လက်နက်ကြီးများဖြင့် ခုခံတိုက်ခိုက်နေ၍ တိုက်ပွဲပြင်းထန်နေသည်။

မတ်လ ၂၆ ရက်က အမ်းမြို့နယ်၊ လုံးကျေးရွာအနီးတွင် စစ်ကောင်စီ၏ စကခ(၅)လက်အောက်ခံ ခမရ(၃၄၆)နှင့် အခြားတပ်များစုပေါင်းထားသော စစ်ကြောင်းနှင့် နာရီဝက်ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၃၀ ခန့် သေဆုံးဒဏ်ရာရှိပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။

ဘူးသီးတောင်၊ မောင်တောမြို့နယ်တို့ရှိ စစ်ကောင်စီတပ်စခန်းများကိုလည်း AA က ဝိုင်းရံပိတ်ဆို့တိုက်ခိုက်နေပြီး စစ်ကောင်စီဖက်ကလည်း ကြည်း၊ လေ ပူးပေါင်းခုခံကာ တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

“ဒီနေ့မနက်က ခမောင်းဆိပ်ဗျုဟာကုန်းနားမှာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ သိရပါတယ်။ တိုက်ပွဲကနည်းနည်းလောက်ပဲ ဖြစ်ခဲ့တာ။ ဒါပေမဲ့ စစ်ကောင်စီက လက်နက်ကြီးတွေ ပစ်တာ နေ့တိုင်းရှိတော့ မြို့ခံအားလုံး ထွက်ပြေးနေရတယ်” ဟု မောင်တောဒေသခံတစ်ဦးက ပြောသည်။

မောင်တောမြို့နယ်ရှိ ကြိမ်ချောင်းနယ်ခြားစောင့်စခန်းအား အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် ထိုးစစ်အရှိန်ကို တစ်ဆင့်ပြီးတစ်ဆင့် မြှင့်တင်တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်း၊ လက်နက်ကြီးပစ်ကူ အများအပြားဖြင့် အသည်းအသန် ခုခံလျက်ရှိကြောင်း AA က မတ်လ ၂၉ ရက်တွင် ထုတ်ပြန်ထားသည်။

“AA က နောက်ထပ်မြို့တွေသိမ်းပိုက်နိုင်ဖို့ စစ်ဘောင်ကျယ်ကျယ်နဲ့ စစ်ကောင်စီကို တိုက်ခိုက်နေတာ တွေ့ရတယ်။ စစ်ကောင်စီကလည်း ဗျုဟာမျိုးစုံနဲ့ AA ကို ပြန်လည်ခုခံတိုက်ခိုက်နေတယ်။ ဆိုတော့ စစ်ကောင်စီနဲ့ AA တို့ရဲ့ စစ်ပွဲအရှိန်က ဆက်ပြီးတော့ ပြင်းထန်နေအုံးမှာဖြစ်တယ်” ဟု ရခိုင်က နိုင်ငံရေးသမားတစ်ဦးက ပြောသည်။

လက်ရှိတွင် AA သည် ရခိုင်ဒေသက ရသေ့တောင်၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရမ်းဗြဲ မြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်ထိန်းချုပ်ထားသည်။

လက်ရှိတွင် ဘူးသီးတောင်၊ မောင်တော၊ အမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို AA က တိုက်ခိုက်နေပြီး ကျောက်ဖြူ၊ တောင်ကုတ်၊ သံတွဲ၊ ဂွမြို့နယ်တို့တွင်လည်း စစ်ရေးလှုပ်ရှားမှုများ ဆောင်ရွက်နေသည်။

ကျောက်နီမော်ကျေးရွာက ရေလုပ်သားများကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
April 3, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ မွတ်ဆလင် ဦးရေ ၂၀...
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...
April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...
AA တပ်ဖွဲ့ဝင်များ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်နေမှုတစ်ခု။ ဓာတ်ပုံ - လူမှုကွန်ရက် (ဗွီဒီယိုဖိုင်)
March 31, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား မတ်လနောက်ဆုံး သီတင်းပတ်မှ စ...