ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် မြို့ပြနေလူငယ်အများအပြား ကျေးလက်ဒေသဘက် တိမ်းရှောင်လာ

ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် မြို့ပြနေလူငယ်အများအပြား ကျေးလက်ဒေသဘက် တိမ်းရှောင်လာ

အာဏာသိမ်းစစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် ကရင်ပြည်နယ်ရှိ မြို့ပြတွင် နေထိုင်သည့် လူငယ်အများအပြားသည် ကျေးလက်ဒေသများသို့ တိမ်းရှောင်လာနေကြကြောင်း ဒေသခံပြည်သူများက ပြောသည်။

ဖားအံ၊ လှိုင်းဘွဲ၊ ကော့ကရိတ်မြို့များတွင် နေထိုင်သည့်လူငယ်လူရွယ်များသည် စစ်ကောင်စီ အသက်သွင်း လိုက်သော စစ်မှုထမ်းဥပဒေကြောင့် စိုးရိမ်မှုမြင့်တက်‌နေသဖြင့် စစ်ကောင်စီထိန်းချုပ်မှုအောက်တွင် မရှိသည့် ကျေးရွာများနှင့် ကေအဲန်ယူ-ကရင်အမျိူးသားအစည်းအရုံး ထိန်းချုပ်နယ်မြေများသို့ တိမ်းရှောင် လာနေကြခြင်းဖြစ်သည်။

ကော့ကရိတ်မြို့ခံလူငယ်တစ်ဦးက" ကော့ကရိတ်တိုက်ပွဲဖြစ်တော့ မြဝတီမှာ သွားရောက်တိမ်းရှောင်တယ်။ စစ်ကောင်စီတပ်က စစ်မှုထမ်းရမယ်ထုတ်ပြန်တော့ မြို့ထဲနေလို့မရဲတော့ဘူး။ အခု KNU ထိန်းချုပ်မှုအောက်မှာ ရှိတဲ့ ဆွေမျိုးရွာမှာပဲ ပြန်တိမ်းရှောင်တယ်"ဟု ကအိုင်စီသို့ပြောသည်။

ထို့အပြင် စစ်မှုထမ်းဥပဒေကြောင့် အထက်ပါ မြို့ပြနေ လူငယ်သူများသည် လွတ်မြောက်နယ်မြေနှင့် အိမ်နီးချင်းနိုင်ငံများသို့ တိမ်းရှောင်နေကြသူရှိသလို တချို့မှာ  တော်လှန်ရေးတပ်ဖွဲ့ထဲကို ဝင်ရောက် စစ်မှုထမ်းသွားသူများလည်းရှိနေကြောင်း လွတ်မြောက်နယ်မြေရှိ CDM ဝန်ထမ်းတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

"မြို့ထဲက အသိမိတ်ဆွေတွေ ကျနော်တို့နယ်‌မြေမှာ တိမ်း‌ရှောင်လာဖို့ ဆက်သွယ်လာတာရှိတယ်။ သူတို့တွေ တော်တော်ခက်ခဲပြီး စိတ်ညစ်နေတယ်။ မြို့ထဲမှာနေလို့မရဲတော့ဘူး။ တစ်ခြားတိုင်းပြည်ကို သွားမယ်ပေါ့။ တစ်ချို့ကလည်း မခံချင်စိတ်ဖြစ်ပြီး တော်လှန်ရေးပြန်လုပ်မယ်"ဟု ၎င်းက ကေအိုင်စီသို့ပြောသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်သော စစ်ကောင်စီသည် တိုင်းပြည် အနာဂတ်ကောင်းမွန်ရေး မဟုတ်ဘဲ တိုင်းပြည်ပျက်စီးသွားအောင် လုပ်ဆောင်နေခြင်းသာဖြစ်၍ ယခုလို စစ်မှုမထမ်းလိုကြခြင်းဖြစ်ကြောင်း တိမ်းရှောင်နေကြသည့်လူငယ်များက ပြောဆိုကြသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီလ ၁၀ ရက်၊ ၂၀၂၄ ခုနှစ်မှစတင်၍ အသက်ဝင်ကြောင်း စစ်ကောင်စီ တပ်က ထုတ်ပြန်ကြေညာခဲ့ပြီးနောက်  တော်လှန်ရေးတပ်ဖွဲ့ထံသို့ ဝင်ရောက် စစ်မှုထမ်းဆောင်ရန် ဆက်သွယ်လာသည့် လူငယ်အများအပြားရှိကြောင်းလည်း တော်လှန်ရေးတပ်ဖွဲ့များက ပြောသည်။

တစ်ဖက်တွင်လည်း စစ်ကောင်စီက အသက်သွင်းလိုက်သော ပြည်သူ့စစ်မှုထမ်း ဥပဒေကို ထောက်ခံကြိုဆို ကြောင်း ဖားအံ၊ လှိုင်းဘွဲနှင့် မြဝတီမြို့တို့တွင် ယခုရက်ပိုင်းအတွင်း စစ်တပ်ထောက်ခံသူများက ကြိုဆိုထောက်ခံပွဲများ ပြုလုပ်လျက်ရှိသည်။

Photo: KIC

Most read this week

Photo credit - social media
December 16, 2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျေးရွာများသို့ ဒီဇင်ဘာလဒုတိယအပတ်အတွင်း စစ်ကြောင်း ထိုးခဲ့သော...
December 15, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘူအားဒဲ ကျေးရွာအုပ်စုထဲသို့...
December 11, 2025
ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ (၉)ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စား...
December 10, 2025
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးကို စစ်တပ်က...