ရန်ကုန်မှ ကျောက်ဖြူသို့ လိုက်ပါလာသည့်လေယာဉ်စီးခရီးသည် ၆၀ ကျော်အား လေယာဉ်မှ အဆင်းတွင် စစ်ကောင်စီတပ်က ခေါ်ယူသွား

ရန်ကုန်မှ ကျောက်ဖြူသို့ လိုက်ပါလာသည့်လေယာဉ်စီးခရီးသည် ၆၀ ကျော်အား လေယာဉ်မှ အဆင်းတွင် စစ်ကောင်စီတပ်က ခေါ်ယူသွား

ရန်ကုန်မှ ကျောက်ဖြူမြို့လေယာဉ်ကွင်းသို့ ဆင်းသက်လာသည့်လေယာဉ်ပေါ်တွင်ပါလာသည့် ခရီးသည် ၆၇ ဦးအား စစ်ကောင်စီတပ်နှင့် ထွေအုပ်တို့က ကားနဲ့တင်ခေါ်ယူသွားပြီးစစ်ဆေးနေသည်ဟု  သတင်းရရှိသည်။

ယနေ့ဖေဖော်ဝါရီလ ၁၈ ရက်၊ ညနေ ၅ နာရီတွင် မြန်မာ့လေကြောင်းလိုင်းမှ လေယာဉ်တစ်စီး ကျောက်ဖြူလေယာဉ်ကွင်းသို့ဆင်းသက်ပြီးနောက် လေယာဉ်ပေါ်ပါလာသည့် ခရီးသည် ၆၇ ဦးတို့အား စစ်တပ်နှင့်ထွေအုပ်တို့က Dyna (ဒိုင်နာ)ကားတစ်စီးအပါအဝင် ကားများဖြင့် မြို့တော်ခန်းမသို့ ခေါ်ယူသွားကြောင်း မျက်မြင် ကျောက်ဖြူမြို့ခံတစ်ဦးက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

" အခုညနေ ၅ နာရီလောက်မှာ မြန်မာ့လေကြောင်းလိုင်းကလေယာဉ်တစ်စီး ကျောက်ဖြူ လေယာဉ်ကွင်းကို ဆင်းတယ်။ လေယာဉ်နံပါတ်တွေတော့ကျနော်တို့လည်းမသိရဘူး။ အဲဒီလေယာဉ်မှာ အရွယ်ကောင်းယောကျာ်းလေးတွေပါတယ်။ အားလုံးခရီးသည် ၆၇ ယောက်လောက်ပါတယ်လို့ သိရတယ်ဗျ။ သူတို့ကိုလေယာဉ်ပေါ်က ဆင်းဆင်းချင်း စစ်တပ်နဲ့ထွေအုပ်က ဒိုင်နာကားတစ်စီးနဲ့ တင်ပြီး အကုန်ခေါ်ယူသွားတယ်။ မြို့တော်ခန်းမကိုခေါ်ယူသွားတာ" ဟု ပြောသည်။

စစ်တပ်ခေါ်ယူသွားသည့်အထဲ အသက် ၂၀ အရွယ်ဝန်းကျင်အမျိုးသားနှင့် အမျိုးသမီးငယ်အများစု ပါဝင်ပြီး ခရီးသည်စုစုပေါင်း ၆၇ ဦးရှိကြောင်း မြို့ခံတစ်ဦးကပြောသည်။

အဆိုပါလေယာဉ်စီးခရီးသည်များအား ကျောက်ဖြူမြို့၊ အစိုးရပ်ကွက်ရှိ ရမ္မာဝတီမြို့တော်ခန်းမသို့ ခေါ်ဆောင်သွားပြီး စစ်တပ်နှင့်ထွေအုပ်ကစစ်ဆေးနေကြောင်းသတင်းထွက်ပေါ်နေသော်လည်း မည်သည့် ကိစ္စအတွက်စစ်ဆေးနေသည်ကို မသိရှိနိုင်သေးကြောင်း သူကပြောသည်။

" သူတို့ကို မြို့တော်ခန်းမကိုခေါ်သွားပြီး စစ်တပ်နဲ့ထွေအုပ်ကစစ်ဆေးနေတယ်လို့ပဲ သိထားရသေးတယ်။ ဘာတွေစစ်ဆေးနေတယ်။ ဘာအတွက်စစ်ဆေးနေတယ်ဆိုတာမသိနိုင်ဘူး။ ကျွန်တော်တို့စိုးရိမ်တာက အဲဒီခေါ်သွားတဲ့အထဲမှာ အရွယ်ကောင်းလေးတွေ၊ လူငယ်လေးတွေချည်းပဲ။ စစ်မှုထမ်းဥပဒေနဲ့ အကြောင်းပြပြီးဖမ်းဆီးသွားမှာစိုးရတယ်" ဟုနိရဉ္စရာသတင်းဌာနသို့ ပြောသည်။

စစ်တပ်ကခေါ်ယူသွားသည့် ခရီးသည်များမှာ ယခုညနေပိုင်း အချိန်ထိပြန်လွတ်မြောက်လာခြင်း မရှိသေးကြောင်းလည်း သိရသည်။

ဖေဖော်ဝါရီလ ၁၀ ရက်က အကြမ်းဖက်စစ်ကောင်စီက စစ်မှုမထမ်းမနေရဥပဒေ အသက် သွင်းလိုက်ပြီးနောက် ရန်ကုန်တွင်နေထိုင်သည့် ရခိုင်နေအိမ်များကိုဧည့်စာရင်း စစ်ဆေးမှုများပြုလုပ်ပြီး ရခိုင်လူငယ်များကို  ဖမ်းဆီးမှုများရှိနေကြောင်း သိရသည်။

ထိုသို့အဖမ်းဆီးသတင်းများကြောင့် ရန်ကုန်တွင်နေထိုင်အလုပ်လုပ်ကိုင်နေသည့် ရခိုင်လူငယ်များမှာ စစ်တပ်၏ အတင်းအဓမ္မ ဖမ်းဆီးခြင်းမခံရရေး ရခိုင်ပြည်သို့အမြန်ပြန်လာနိုင်ရန် ကြိုးစားလျက် ရှိကြောင်းလည်း သိရသည်။ (NN-23)

ပုံစာ-  ကျောက်ဖြူလေဆိပ်မှ ခရီးသည်များကို ကားနှင့် ခေါ်ယူသွားသည်ကိုတွေ့ရစဉ်

May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...
April 29, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ရိုးမရှေ့ဖက်ခြမ်း၊တောင်ကုတ်- ပန်းတောင်းလမ်းဘေးရှိကပစ (၁၆)၏ ...