ဆီဆိုင်မြို့နယ်ထဲကိုရောက်ရှိနေတဲ့ ကရင်နီစစ်ရှောင် သုံးသောင်းဝန်းကျင်အတွက် နေရာထိုင်ခင်းနဲ့ အမိုးအကာ လိုအပ်မှုရှိနေ

ဆီဆိုင်မြို့နယ်ထဲကိုရောက်ရှိနေတဲ့ ကရင်နီစစ်ရှောင် သုံးသောင်းဝန်းကျင်အတွက် နေရာထိုင်ခင်းနဲ့ အမိုးအကာ လိုအပ်မှုရှိနေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့ကိုရောက်နေတဲ့ ကရင်နီစစ်ဘေး‌ရှောင် သုံးသောင်းဝန်းကျင်အတွက် လက်ရှိအချိန်ထိ နေရာထိုင်ခင်းနဲ့ အမိုးအကာတွေ လိုအပ်မှုရှိနေဆဲဖြစ်တယ်လို့ ကရင်နီစစ်ဘေးရှောင်တွေကို ကူညီဆောင်ရွက်ပေးနေသူတွေဆီကနေ သိရှိရပါတယ်။

အဆိုပါ စစ်ဘေးရှောင်တွေဟာ ဘုန်းကြီးကျောင်း၊ ဇရပ် ၊ ဘုရားကျောင်း စတဲ့နေရာတွေမှာ နေထိုင်ကြပြီး၊ လူများနေတာကြောင့် တချို့တွေမှာလည်း အဆင်ပြေသလို မြေကြီးပေါ်မှာ အိပ်ချနေရတာတွေရှိတယ်လို့ စစ်ရှောင်ကူညီပေးနေသူတဦးက ပြောပါတယ်။

“လိုနေတာက အဆောက်အဦပိုင်းပေါ့။ လူဦးရေ အရမ်းများတော့ နေစရာက လူတွေထူထပ် နေတဲ့အခါကျတော့  နေထိုင်ရေး ဆင်မပြေဘူး။ ခုန အဆောက်အဦးလေးတွေ ယာယီတဲလေးတွေ သေချာလုပ်ပြီးမှ အဆင်ပြေမယ်ထင်တယ်။ ဥပမာ- မြန်မြန်မပြန်ရဘူး ခုဆိုသူတို့လာတာ တလ အသစ်တွေပေါ့ ။ တလတော့ကျော်နေပြီး အဟောင်းမှာမှ နှစ်နှစ် သုံးနှစ်လောက်ရှိနေပြီး ဆိုတော့လေ ရေရှည် ဘယ်လို ဖြစ်လာမလဲ မပြောတတ်တဲ့ခါကျတော့ သူတို့နေတဲ့ နေရာက လောလောဆယ် တချို့ တဲ၊ မိုးကာလေးတွေနဲ့ နေကြတယ်။ တချို့တော့ ကြိုက်သလိုနေ မြေကြီးပေါ်မှာအိပ်တဲ့လူတွေ အများကြီးရှိသေးတယ်” လို့ သူက ပြောပါတယ်။

တိမ်းရှောင်သွားချိန်မှာ မော်တော်ဆိုင်ကယ်နဲ့သာ သွားတာကြောင့် စားနပ်ရိက္ခာတွေလည်း မသယ်ယူနိုင်ခဲ့ဘဲ ဆီဆိုင်မြို့ကို ရောက်ရှိနေတာ တလကျော်ကြာပြီဖြစ်ပြီး၊ ယနေ့အချိန်အထိ အထောက်အပံ့တစုံတရာ မရရှိသေးတဲ့အပြင် ရှာဖွေလုပ်ကိုင်စရာ အလုပ်တွေလည်းမရှိတာကြောင့် ခက်ခဲနေတယ်လို့ လွိုင်ကော်မြို့ကနေ တိမ်းရှောင်သွားတဲ့ အမျိုးသားတဦးက ပြောပါတယ်။

"စစ်ရှောင်စခန်းမှာ လူတွေပြည့်နေတော့ ကျနော်တို့က ဥတ္တရာရုံကျောင်းမှာ လိုက်နေတာ။ အဲ့ကျောင်းမှာ ပေးနေတယ်။ ဒါပေမဲ့ ကိုယ့်ဖာသာကို လုပ်စားပေါ့။ ထောက်ပံ့မှုတော့ မရှိဘူးပေါ့။ တခါမှ မရဖူးသေးဘူး။"  လို့ အဆိုပါ အမျိုးသားက ဆက်ပြောပါတယ်။

ဒါ့အပြင် ကျန်းမာရေးပိုင်းတွေမှာလည်း နာတာရှည်ဖြစ်ပွားတာတွေ၊ မကျန်းမာတဲ့သူတွေ ရှိသလို  အနွေးထည် စောင်၊ အိပ်ယာခင်းတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။  

လက်ရှိ ကရင်နီပြည်မှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တဲ့အပြင်  လေကြောင်းတိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့်  ရှမ်းပြည်နယ်ဘက်ကို လာရောက်ခိုလှုံနေကြတဲ့ စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာများကို ကူညီပေးကြဖို့ကိုလည်း တောင်းဆိုထားကြပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ကရင်နီနဲ့ ရှမ်း-ကရင်နီ နယ်စပ်မှာ တိုက်ပွဲကြောင့် တိမ်းရှောင်နေကြရတဲ့ လူထု သုံးသိန်းအထိ ရှိလာတယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က ကန္တာရဝတီတိုင်း(မ်) ကို ဖြေကြားထားပါတယ်။

July 31, 2026
စစ်အုပ်စုက ထိန်းချုပ်ထားသည့် ကရင်နီပြည်၊ လွိုင်ကော်မြို့တွင်း၌ သွားလာနေကြသည့် ပြည်သူများ၏ အိတ်...
July 30, 2026
ကရင်နီပြည်ရှိ စစ်ရှောင်စခန်းများတွင် ငှက်ဖျားနှင့် တုပ်ကွေးရောဂါများ ဆက်လက်ဖြစ်ပွားနေပြီး...
July 30, 2026
ထိုင်း-ကရင်နီနယ်စပ်ရှိ ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) မှ လူငယ် ၆၉ ဦးသည် ထိုင်းနိုင်ငံ၊...
July 27, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းများနှင့် ကျေးရွာအချို့တွင်...