သတင်းမီဒီယာများကို စစ်ကောင်စီ စွပ်စွဲပြစ်တင်နေ

သတင်းမီဒီယာများကို စစ်ကောင်စီ စွပ်စွဲပြစ်တင်နေ
စစ်ကောင်စီအာဘော် မြဝတီရုပ်သံ ၂၈ နှစ်ပြည့်အခမ်းအနားတွင် တွေ့ရသော စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဗိုလ်ချုပ် ဇော်မင်းထွန်း။ (ဓာတ်ပုံ - cincds)
စစ်ကောင်စီအာဘော် မြဝတီရုပ်သံ ၂၈ နှစ်ပြည့်အခမ်းအနားတွင် တွေ့ရသော စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဗိုလ်ချုပ် ဇော်မင်းထွန်း။ (ဓာတ်ပုံ - cincds)

တရုတ်နိုင်ငံ၏အကူအညီဖြင့် ညီနောင်မဟာမိတ်(၃)ဖွဲ့နှင့် စစ်ကောင်စီတို့ နိုင်ငံရေးအရ ဖြေရှင်းဆောင်ရွက်ရန် တွေ့ဆုံဆွေးနွေးမှုများကို သတင်းမီဒီယာများက အဖျက်သဘောဆောင်ပြီး ရေးသားထုတ်လွှင့်နေကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီဇင်ဘာ ၁၂ ရက်တွင် ပြောသည်။

“အနောက်နိုင်ငံအားပေးမီဒီယာတွေ၊ အနောက်နိုင်ငံတွေက ထောက်ပံ့ပေးထားတဲ့ မီဒီယာတွေဟာ ဆွေးနွေးမှုနဲ့ ပတ်သက်ပြီးတော့ ဆန့်ကျင်တဲ့သဘောပေါ့၊ မဖြစ်စေချင်တဲ့သဘော။ ပြီးရင် ဒါ(ဆွေးနွေးမှု)နဲ့ပတ်သက်ပြီး မဟုတ်ဘူးဆိုတဲ့ သဘောတွေ ထုတ်လွှင့်နေတာရှိတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

၁၀၂၇ စစ်ဆင်ရေးဆင်နွှဲနေသည့် MNDAA၊ TNLA၊ AA ညီနောင်(၃) ဖွဲ့နှင့် စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့သည် တရုတ်၏ ကြားဝင်ညှိနှိုင်းမှုကြောင့် ဒီဇင်ဘာ ၁၁ ရက်က တွေ့ဆုံခဲ့ကြသည်။

တွေ့ဆုံမှုနှင့်ပတ်သက်၍ ပြည်တွင်း/ပြည်ပ သတင်းမီဒီယာများက ရလဒ်ထွက်ပေါ်မှု ရှိ/မရှိ၊ ရှေ့ဆက် စစ်ရေး/နိုင်ငံရေးအခြေအနေများကို သုံးသပ်ချက်များဖြင့် သတင်းတင်ဆက်ခဲ့ကြသည်ကို “မီဒီယာများသည် အဖျက်သဘောဆောင် ထုတ်လွှင့်နေသည်” ဟုဆိုကာ စစ်ကောင်စီက ပြောလာခြင်းဖြစ်ပြီး သတင်းဌာနအမည်ကို တိတိကျကျပြောဆိုခြင်း မရှိပေ။

ယင်းအပြင် သတင်းမီဒီယာများသည် တရုတ်-မြန်မာ နှစ်နိုင်ငံ၏နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး၊ ဖွံ့ဖြိုးတိုးတက်ရေးများအား မလိုလားကြသည်ကိုလည်း အထင်းသားတွေ့မြင်ရကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက စွပ်စွဲထားသည်။

“အနောက်နိုင်ငံ အားပေးမီဒီယာတွေ၊ အနောက်နိုင်ငံရဲ့ ဒေါက်တိုင်မီဒီယာတွေကတော့ ဒီကိစ္စမှမဟုတ်ပါဘူး။ သူတို့အနေနဲ့က မြန်မာနိုင်ငံရဲ့ ဘယ်နေရာကိုမှ ငြိမ်းချမ်းစေချင်တာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မငြိမ်းချမ်းလေ သူတို့အတွက် ဝင်ငွေရရှိလေပဲဖြစ်တယ်” ဟု ၎င်းက ပြောသည်။

သို့သော် လက်ရှိမြေပြင်တွင် စစ်ကောင်စီသည် အရပ်သားများနေထိုင်သည့် ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီး၊ လေကြောင်း၊ ရေကြောင်းတို့ဖြင့် ရည်ရွယ်ချက်ရှိရှိပစ်ခတ်ခြင်းများကို နေ့စဉ်လုပ်ဆောင်လျက်ရှိပြီး မီဒီယာများကလည်း အဆိုပါဖြစ်စဉ်များအား သတင်းရေးသား တင်ဆက်ကြသည်။

ထို့ကြောင့် စစ်ကောင်စီ၏ စစ်ရာဇဝတ်ကျုးလွန်မှုများကို ဖော်ထုတ်ရေးသားနေသည့် သတင်းမီဒီယာများကို စစ်ကောင်စီက ရန်သူသဖွယ်ဆက်ဆံပြောဆိုနေခြင်းဟု သတင်းသမားများက ရှုမြင်ကြသည်။

“အခုနောက်ပိုင်းမှာဆိုရင် မီဒီယာတွေကို စစ်ကောင်စီဟာ ပိုပြီးတော့ မျက်မုန်းကျိုးလာတယ်။ ဘာလို့လဲဆိုရင် သူတို့ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မီဒီယာတွေက ဖော်ထုတ်တင်ဆက်နေလို့ဖြစ်တယ်။ ဒါကြောင့် သူတို့ လက်အောက်ခံမီဒီယာကလွဲလို့ တခြားမီဒီယာတွေကို ရန်သူသဖွယ်မြင်နေတာ” ဟု ပြည်တွင်းသတင်းဌာနတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အာဏာသိမ်းပြီးနောက်တွင် စစ်ကောင်စီသည် သတင်းဌာနများနှင့် သတင်းသမားများကို အဓိက ပစ်မှတ်ထားကာ ဖမ်းဆီးမှုများလုပ်ဆောင်နေပြီး ကမ္ဘာတဝှမ်း သတင်းသမားလုံခြုံမှု မရှိဆုံး နိုင်ငံများထဲတွင် မြန်မာသည် (တတိယ) ထိပ်ဆုံးပိုင်းတွင် ပါဝင်နေသည်။မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း သတင်းမီဒီယာသမား ရာနှင့်ချီဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ၅၀ ထက်မနည်းမှာ အကျဉ်းကျခံနေရသည်။

May 23, 2026
အာရက္ခတပ်တော်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို မေလ ၂၁ ရက်က...
ဓာတ်ပုံ - DMG
May 22, 2026
အာရက္ခတပ်တော်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ရမ်းသစ်ကြီး(အောက်ရွာ)...
May 21, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့အနီးသို့ ချဉ်းကပ်လာသော အာဏာသိမ်းစစ်တပ်သည် အာရက္ခတပ်တော်၏...
စစ်ရေးလေ့ကျင့်နေသည့် စစ်တပ် နေဗီတစ်စီး။ ဓာတ်ပုံ - CINCDS
May 20, 2026
စစ်အုပ်စုနှင့် AA တို့ တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်...