သိန္နီမြို့နယ် SSPP တပ်ဖွဲ့က ရွာသားများကို ဗုံးခိုကျင်းတူးရန် သတိပေးလာ

သိန္နီမြို့နယ် SSPP တပ်ဖွဲ့က ရွာသားများကို ဗုံးခိုကျင်းတူးရန် သတိပေးလာ

သျှမ်းပြည် သိန္နီမြို့နယ်ရှိ ကျေးရွာများကို ဗုံးခိုကျင်းတူးထားရန် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည် တပ်မ တော် (SSPP/SSA)  တပ်ဖွဲ့က သတိပေးလာသည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်မှ ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်ဦး TNLA နှင့် ကိုးကန့် MNDAA တပ်တို့ကို ရုတ်တရက် စစ်ဆင်ရေး ပြုလုပ်လာလျှင် ပြည်သူများ ထိခိုက်မည်ကို စိုးရိမ်သောကြောင့် မိမိနေအိမ်ခြံဝင်းများ အတွင်း ဗုံးခိုကျင်းများ တူးထားရန် သတိလာပေး ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“စစ်တပ်က ရုတ်တရက် စစ်ဆင်ရေးလုပ်လာခဲ့ရင် ရှောင်ဖို့ တူးထားခိုင်းတယ်လို့ ပြောတယ်။ နားပိန်းကျေးရွာ ကနေ စပြီးတော့ သိန္နီမြို့ အရှေ့ဘက်က ပန်လော့ကျေးရွာတွေအထိ တူးခိုင်းထားတယ်လို့တော့ ကြားတယ်။ စစ်တပ်က လက်နက်ကြီးနဲ့ လျှောက်ပစ်ရင် ပြည်သူတွေကို ထိမှာ။ ရုတ်တရက် စစ်ဖြစ်လာရင် ပြေးစရာမရှိမှာ စိုးရိမ်တယ်။ သေနတ်သံ ဗုံးသံတွေကြားရင် ဗုံးခိုကျင်းထဲမှာ ဝင်ပုန်းလို့ရအောင် တူးခိုင်းတာ” ဟု သိန္နီမြို့နယ် ကွန်ကောက်ကျေးရွာမှ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ရွာသားများ မိမိအိမ်ခြံဝင်းအတွင်း ဗုံးခိုကျင်းတူးရန်ကို SSPP တပ်ဖွဲ့၏ မြို့နယ်အဆင့် အုပ်ချုပ်ရေးတာဝန်ရှိသူ အရာရှိတစ်ဦးကိုယ်တိုင် လာရောက်ပြောဆိုသည်ဟုလည်း ၎င်းဒေသခံက ဆက်ပြောသည်။

သိန္နီမြို့နယ် မန္တလေး-မူဆယ် ကားလမ်းမကြီးပေါ်တွင် နေရာယူထားသော ကချင်လွတ်လပ်ရေးတပ်မတော် KIO/KIA အဖွဲ့မှ ကုန်တင်ကားကြီးများထံ အခွန်(ဆက်ကြေး) ဆက်တိုက်ကောက်ခံနေသည်ဟုလည်း ဒေသခံအချို့က ပြောသည်။

ယခုလဆန်းပိုင်းတွင် ကွန်ကောက်ကျေးရွာအတွင်း စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ်ဖွဲ့တို့၏ တိုက်ပွဲ ကြောင့် ဒေသခံ (၅၀၀) နီးပါးက ဘုန်းကြီးကျောင်းနှင့် အနီးအနား ကျေးရွာရှိ ဆွေမျိုးများထံ ထွက်ပြေးခဲ့ရပြီး  အောက်တိုဘာလ ၁၂ ရက်နေ့တွင် စိုးရိမ်စိတ်ဖြင့် နေရပ်ပြန်သွားကြရသော်လည်း မြေမြုပ်မိုင်းအန္တရာယ်ကို စိုးရိမ်နေကြရသည်။

အောက်တိုဘာလ ၉ ရက်နေ့တွင် စစ်ကောင်စီမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် ကောင်းချိုကျေးရွာ အတွင်း ကျရောက်ပေါက်ကွဲရာ နေအိမ်အဆောက်အအုံနှင့် ဘုန်းကြီးကျောင်းဆောင်များလည်း ပျက်စီးခဲ့သည်။

လက်ရှိ သိန္နီမြို့နယ်အတွင်း စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) တို့ စစ်ရေးတင်းမာမှု ရှိနေသေးသဖြင့် တိုက်ပွဲများလည်း အချိန်မရွေး ဖြစ်ပွားလာနိုင်သောကြောင့် ဒေသခံများက စိုးရိမ်နေကြသည်။

Most read this week

February 16, 2026
သျှမ်းပြည် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်နယ်မြေအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို...
February 14, 2026
သျှမ်းပြည် ကွတ်ခိုင်မြို့ ဈေးအနီး ဆောက်လုပ်ရေးဝင်းရှိ ကိုးကန့်တပ် MNDAA ရုံးကို တအာင်း(ပလောင်)...
February 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်တွင် တရုတ်ကုန်ပစ္စည်းများ သယ်ဆောင်လာသည့်...
February 12, 2026
အမည်မသိလက်နက်ကိုင်ဖမ်းဆီးသွားသည့် သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် လယ်ကိုင်းကျေးရွာ ဒေသခံ (၄)...