စဥ့်ကူးတွင် ပျူစောထီး မော်တော်ယာဥ် တိုက်ခိုက်ခံရ သေနတ် ၁ လက် သိမ်းဆည်းရမိပြီး ထိခိုက်သေဆုံးမှုရှိနိုင်ဟုဆို

စဥ့်ကူးတွင် ပျူစောထီး မော်တော်ယာဥ် တိုက်ခိုက်ခံရ သေနတ် ၁ လက် သိမ်းဆည်းရမိပြီး ထိခိုက်သေဆုံးမှုရှိနိုင်ဟုဆို

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်တွင် ပျူစောထီးများလိုက်ပါလာသည့် မော်တော်ယာဥ်ကို တိုက်ခိုက်ရာ တိမ်း မှောက်ခဲ့ပြီး သေနတ်နှင့် ကျည်ဆန်အချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း Singu Guerrillas Force-SGF တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

စဥ့်ကူးမြို့နယ် ပျူခေါင်းဆောင် မောင်နိုင် အပါအ၀င် ပျူစောထီးများ လိုက်ပါလာသည့် မော်တော်ယာဥ်ကို  အောက်တိုဘာလ ၂ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်က မန္တလေး-မိုးကုတ်လမ်းမပေါ်  ငွေတောင်ကျေးရွာနှင့် ညောင် ဝန်းကျေးရွာကြား အရောက်တွင် ကာကွယ်ရေးတပ်ဖွဲ့က  မိုင်းဆွဲပြီးနောက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“သတင်းရလို့ သွားစောင့်တာ။ ကားပေါ်မှာ ခန့်မှန်းဦးရေ  ခုနစ်ယောက်လောက်ပါတယ်။ မိုင်းဆွဲပြီး လက်နက် တွေနဲ့ပစ်လို့ ကားက မှောက်သွားတယ်။ ပစ်ခတ်တဲ့အချိန် လမ်းပေါ်လဲကျသွားတဲ့သူတွေရှိတယ်။ တချို့က သွေး ရူးသွေးတန်းနဲ့ ထွက်ပြေးကြတယ်” ဟု Singu Guerrillas Force-SGF တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက မဇ္စျိမကို ပြောသည်။

တိုက်ခိုက်မှုတွင် ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပျူစောထီးများအကြား အပြန်အလှန်ပစ်ခတ်မှု နာရီဝက်ခန့် ဖြစ်ပွား ခဲ့ပြီး လက်လုပ်သေနတ် တလက်၊ ကာဘိုင်ကျည်ဘောက် တဘောက်နှင့် ကာဘိုင်ကျည်အတောင့်  ၂၀ ကို သိမ်းဆည်းရမိခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ထိုပစ်ခတ်မှုအတွင်း ပျူစောထီးအချို့ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး အသေးစိတ် အတည်ပြုချက်ရယူနိုင်ရန်  ဆက် လက် လုပ်ဆောင်နေကြောင်း SGF တပ်ဖွဲ့  ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

“သူတို့ဘက်က ထိတဲ့သူ နှစ်ယောက်၊ သုံးယောက်လောက်ရှိတာကို မြင်လိုက်တယ်။ တိုက်ခိုက်မှုဖြစ်တဲ့ နေရာကို လည်း အရေးပေါ်လူနာတင်ကားနဲ့ စစ်ကောင်စီတပ်တွေ ချက်ချင်းရောက်လာလို့ အသေးစိတ်တော့ မသိရဘူး။  အကျအဆုံးစာရင်းကို အတည်ပြုနိုင်ဖို့ ဆက်လက်စုံစမ်းနေပါတယ်။ မနေ့က တိုက်ခိုက်ခံရလို့ တိမ်းမှောက်ခဲ့တဲ့ ကားကိုလည်း ဒီနေ့မနက်ထိ လာသယ်တာ မရှိသေးပါဘူး“ ဟု ပြောသည်။

ယင်းအပြင် ယမန်နေ့က ပစ်ခတ်တိုက်ခိုက်မှုအတွင်း ပျူစောထီးများ၏ ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး ကျည်ထိမှန်သေဆုံးကြောင်း ဒေသတွင်း သတင်းများ ထွက်ပေါ်နေပြီး  မဇ္စျိမအနေဖြင့် အသေးစိတ်သိရှိနိုင်ရန်  ဆက်လက်စုံစမ်းလျက်ရှိသည်။

အဆိုပါ တိုက်ခိုက်မှုကို တပ်ခွဲမှူး KS ဦးဆောင်သည့် Singu Guerrillas Force-SGF အဖွဲ့ နှင့် “စဉ့်ကူးမြို့နယ် ပကဖ” ပူးပေါင်းအဖွဲ့တို့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ ကြသည်။

တိုက်ခိုက်ခံခဲ့ရသည့် မောင်နိုင်ဆိုသူသည် ရေတော်ကျေးရွာတွင် နေထိုင်ပြီး ၎င်းတွင် စစ်ကောင်စီတပ် တပ်ဆင် ပေးထားသည့် လက်နက်နှင့် ကျည်ဆန်များရှိကြောင်း ကာကွယ်ရေးတပ်ဖွဲ့များက ဆိုသည်။

ထို့အပြင် ၎င်းဦးဆောင်သည့် ပျူစောထီးအဖွဲ့သည် စစ်ကောင်စီတပ်နှင့် ပူးပေါင်းကာ ပြည်သူများထံမှ အခွန် ကောက်ခံခြင်း၊ CDM ပြုလုပ်ထားသူများကို ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ စဥ့်ကူးမြို့နယ် အနီးတဝိုက် က ကျေးရွာများတွင် စစ်ကြောင်းထိုးခြင်းများ ပြုလုပ်လေ့ရှိကြောင်း ဒေသခံများက ပြောသည်။

ပျူစောထီးများ လိုက်ပါစီးနင်းလာသည့် မော်တော်ယာဥ်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က တိုက်ခိုက်မှု ဖြစ်ပွားရာ နေရာအနီးတဝိုက်ကို စစ်ကြောင်းထိုးခြင်းများ လုပ်ဆောင်နေကြောင်း ကာကွယ်ရေးတပ်ဖွဲ့နှင့် ဒေသခံများက ဆိုသည်။

Most read this week

September 19, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုတစ်ခု၏ တပ်စခန်းအား လေကြောင်းမှ...
စစ်အုပ်စုကို အသိအမှတ်မပြုရန် မြန်မာပြည်သူများ လက်မှတ်ရေးထိုးထားသည့် တောင်းဆိုလွှာများ ကို ဂျပန်လွှတ်တော်အမတ်များနှင့် ဂျပန်ရောက် မြန်မာများက ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဌာနသို့ သွားရောက် ပေးအပ်စဉ်။
September 18, 2026
နိုင်ငံကူးလက်မှတ် (ပတ်စပို့) သက်တမ်းကုန်ဆုံးနေသည့် ဂျပန်ရောက် မြန်မာနိုင်ငံသားများအနေဖြင့်...
September 18, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင် စစ်မှုထမ်းရန် မဲနှိုက်ရမည်ဟု ဆိုသော်လည်း လက်တွေ့တွင်...
September 17, 2026
ချင်းပြည်၊ တီးတိန်မြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များအကြား စက်တင်ဘာ ၁၆...